NEWS

စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ

CoverLogo
31 Views
 
စစ်ကောင်စီအစိုးရကနေ ယခု ဇူလိုင်လထဲမှာ စားအုန်းဆီဖြန့်ဖြူးမှု အခြေအနေကို ပြောင်းလဲကန့်သတ်တာတွေ လုပ်လာတဲ့အတွက် အများပြည်သူစားသုံးနေကြတဲ့ ဆီဈေးကွက်ထဲမှာ စားအုန်းဆီဈေး နှစ်ဆကျော်လာရာ ဈေးကြီးတဲ့ဒဏ်ကိုခံနေရပါတယ်။
 
" စားအုန်းဆီက အခုတော်တော်ဈေးတက်လာတယ်၊ တစ်ပိဿာကိုပြီးခဲ့တဲ့လက ၁သောင်းလောက်ရှိရာကနေအခုဈေးကွက်ထဲမှာ ၁၈၀၀၀ကျပ်ကနေ ၂၀၀၀၀ကျပ်လောက်အထိ ပေးဝယ်နေရတယ်။ သူတို့ကတော့ ဆီဖြန့်ဖြူးတာကိုကြီးကြပ်လိုက်တယ်၊ဆီမှောင်ခိုဈေးကွက်တွေရှိမှာစိုးလို့ကြီးကြပ်ဆောင်ရွက်တယ်လို့အသံကောင်းဟစ်ပေမယ့် အခုကပြည်သူတွေဒုက္ခပိုရောက်တယ်၊အရင်ကဆီဈေးထက်အခုဆီဈေးပိုတက်လာတာက ပြည်သူကိုဒုက္ခရောက်အောင်လုပ်လိုက်တာပေါ့၊အရင်ကလည်းပြည်သူတွေက ကုန်ဈေးနှုန်းကြီးလို့ဆီလျော့သုံးနေရတာပဲ၊အခုတော့ ဆီလုံးဝမသုံးပဲ ရေလုံပြုတ်စားရတော့မယ်လေ၊ ဆီလက်ကားဈေးထုတ်တာက ၇၀၀၀ကျော်ဆိုအဲ့ဈေးနဲ့ နှစ်ဆမက ပြည်သူကပေးဝယ်နေရတာ၊တစ်ခါမှ သူတို့ထုတ်တဲ့ဈေးနဲ့ရဖူးတာမဟုတ်ဖူးလေ၊အခုလည်းရပ်ကွက်ထဲ ဆီထုတ်ပေးတာက အိမ်ငှားသမားမပေးတော့ဘူး၊အိမ်ပိုင်မှပေးမယ်တွေ ဖြစ်ကုန်တော့ ဒီလမှာဆီဈေးမြောက်တက်သွားတယ်လို့ပြောနေကြတယ်၊ အရင်က စားအုန်းဆီက ဈေးထဲမှာ ၁ပိဿာ ၁၂၀၀၀ကျပ်လောက်ဆို၊ပဲအရောဆီ၊ပဲဆီ၊နေကြာဆီတွေက ၁ပိဿာ ၁၄၀၀၀ကျပ်ကနေ ၂၂၀၀၀ကျပ်အတွင်းဈေးရှိတယ်၊အခုစားအုန်းဆီကိုယ်တိုင်က ၂၀၀၀၀ကျပ်နားကပ်နေတော့ တခြားဆီတွေလည်းဈေးမြောက်လာတယ်"လို့ အင်းစိန်မြို့နယ်က အိမ်ရှင်မတယောက်ကပြောပါတယ်။
စားအုန်းဆီ လက်ကားဈေးနှုန်းတွေကို စစ်ကောင်စီအစိုးရဘက်က အပတ်စဉ် သတ်မှတ် ထုတ်ပြန်နေရာမှာ ယခုဇူလိုင်လ၁၀ရက်မှ ၁၆ရက်အထိကို လက်ကားဈေး၁ပိဿာ ၇၂၃၀ ကျပ်သတ်မှတ်ပေးထားပါတယ်။
 
ဆီဈေးကို စားအုန်းဆီဖြန့်ဖြူးရေးကြီးကြပ်ကော်မတီကနေ ထုတ်ပေးတဲ့ဈေးနှုန်းအတိုင်း အများပြည်သူက ဝယ်မရနေတဲ့အပြင်သတ်မှတ်ချက်ထက် ဈေးတဝက်လောက်ကွာခြားနေတဲ့ ဈေးနှုန်းကြောင့် အများပြည်သူတွေနဲ့ စားသုံးဆီအသုံးပြုကာလုပ်ငန်း လုပ်ကိုင်နေတဲ့ အစားအစာလုပ်ငန်းတွေက ထုတ်ကုန်တွေလည်း ယခင်ထက်ဈေးနှုန်းတိုးလာကာ ပြည်တွင်းမှာ အစားအသောက်ကုန် ဈေးနှုန်းကြီးမြင့်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။
 
"ဆီဈေးတက်လာတာက အစားအစားလုပ်ငန်းတွေအပေါ်ပါသက်ရောက်တယ်။တခြားမကြည့်နဲ့ ကလေးစားတဲ့ ငါးမုန့်တို့ ၊ oishi တို့လို မုန့်ကြော်တွေဆိုအရင်ထက်ဈေး၁၀၀ကျပ်လောက်ခုန်တက်လာတယ်။ငါးမုန့်ကြော်အရင်က ၇၀၀ကျပ်ဆို အခု ၈၀၀ကျပ်ဖြစ်သွားတယ်။အခြားမုန့်တွေလည်းအတူတူပါပဲ"လို့ မြောက်ဒဂုံမြို့နယ်က ကလေးမိခင်တဦးကပြောပါတယ်။
 
စားအုန်းဆီ ဖြန့်ဝေပေးမှု အခြေအနေကို ဇူလိုင်လအတွင်းမှာပြည်သူများကိုဖြန့်ဝေးပေးရာမှာ တိုင်းဒေသကြီးနဲ့ပြည်နယ် တွေက လူဦးရေနဲ့ စားသုံးမှုနှုန်းအပေါ်မူတည်ကာ ယခင်လများက ဖြန့်ဖြူးတဲ့အပေါ်လျာထားပြီး အသုတ်လိုက်ခွဲ‌ေဝဖြန့်ဖြူးပေးနေကြောင်း၊ ကုန်ထုတ်လုပ်ငန်းတွေ၊ဟိုတယ်စားသောက်ဆိုင်လုပ်ငန်းတွေကိုလည်း လိုအပ်သလောက် ရရှိနိုင်ဖို့ စားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်ကော်မတီကဆောင်ရွက်နေကြောင်းနဲ့ အများပြည်သူနဲ့လုပ်ငန်းရှင်တွေကလည်း မိမိတို့စားသလောက်၊သုံးသလောက်သာ ဝယ်ယူကာ အမှန်တကယ်မလိုအပ်ပဲ တဆင့်ပြန်လည်ရောင်းချနေရင်တော့အရေးယူမှာဖြစ်ကြောင်းစစ်ကောင်စီအစိုးရရဲ့ စားသုံးသူရေးရာဦးစီးဌာနကနေ အခုလအတွင်း အသိပေးထုတ်ပြန်ထားပါတယ်။

Related posts

Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026