မြန်မာနိုင်ငံ အနှံ့ ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ၁၈ ရာခိုင်နူန်း အထိမြင့်တက်လာပြီး လူ၄ဦးတွင် တစ်ဦးမှာ ဆာလောင်မွတ်သိပ်မှုဒဏ်ခံနေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်ထားပါတယ်။
WFP ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ မြန်မာနိုင်ငံမှာ လူလေးယောက်တွင် တစ်ယောက်နှုန်းနဲ့စုစုပေါင်းလူဦးရေ ၁၂ ဒဿမ ၄ သန်းခန့်ဟာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရသလို တစ်ဖက်မှာလည်း ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လူဦးရေ ၃ ဒဿမ ၇ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
နိုင်ငံတစ်ဝန်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ လည်း ပျမ်းမျှ ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး၊ မကွေးတိုင်းမှာ ၃၈ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်မှာ ၃၂ ရာခိုင်နှုန်းနဲ့ ရခိုင်ပြည်နယ်မှာ ၃၁ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းမှစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စက်သုံးဆီစျေးနှုန်းများ သုံးဆအထိ မြင့်တက်ခဲ့ရာမှ ဆန်၊ ဆီ၊ ပဲနှင့် ဆားတို့ ပါဝင်တဲ့ အခြေခံစားသောက်ကုန်များရဲ့ စျေးနှုန်းတွေဟာလည်း ဒေသအများအပြားတွင် သိသိသာသာ မြင့်တက်လာလျက်ရှိပြီး ပဋိပက္ခဖြစ်ပွားရာဒေသများတွင် စျေးနှုန်းမြင့်တက်မှုအမြင့်ဆုံးဖြစ်တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
၄င်းအကျပ်အတည်းဟာ လာမယ့် မိုးသီးနှံ စိုက်ပျိုးရာသီကိုလည်း ခြိမ်းခြောက်လျက်ရှိပြီး မြေဩဇာစျေးနှုန်းများမြင့်တက်နေခြင်းနှင့် ရရှိနိုင်မှုအကန့်အသတ်ရှိခြင်းတို့ကြောင့် မြန်မာတောင်သူတွေဟာ မြေဩဇာအသုံးပြုမှုကို လျှော့ချနေကြရတယ်လို့ သိရပါတယ်။
မြေဩဇာအသုံးပြုမှု ၅၀ ရာခိုင်နှုန်း လျော့နည်းပါက နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပြီး၊ အကျိုးဆက်အနေဖြင့် ကုန်ဈေးနှုန်းများကို ထပ်မံမြင့်တက်စေကာ ၂၀၂၇ ခုနှစ်အထိ နိုင်ငံ၏ စားနပ်ရိက္ခာအကျပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ပိုမိုဆိုးရွားလာတဲ့ စားနပ်ရိက္ခာအခက်အခဲကို ဖြေရှင်းနိုင်ဖို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှတစ်ဆင့် ဥရောပသမဂ္ဂ (EU) က ယူရို ၈ သန်းကို အချိန်မီ ထောက်ပံ့ကူညီလိုက်တယ်လို့ သိရပါတယ်။
အခု EU ရဲ့ ထောက်ပံ့ငွေနဲ့ WFP ဟာ ပဋိပက္ခ၊ စီးပွားရေးအခက်အခဲနဲ့ စားနပ်ရိက္ခာမလုံလောက်မှုဒဏ် ခံစားနေရတဲ့ မိသားစုတွေကို အရေးပေါ် စားနပ်ရိက္ခာအကူအညီတွေ ပေးသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေကို အထူးအာဟာရအထောက်အပံ့တွေ ပေးအပ်သွားမှာဖြစ်ပြီး၊ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ အဖွဲ့အစည်းတွေအကြား ပူးပေါင်းညှိနှိုင်းမှုတွေကိုလည်း မြှင့်တင်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
EU နဲ့ WFP တို့ကတော့ မြန်မာနိုင်ငံအတွင်း ဆာလောင်မွတ်သိပ်မှု လျှော့ချနိုင်ရေးအတွက် ပူးပေါင်းကူညီမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။









