မူဆယ်မြို့မှာ လစာကာင်းမယ့် အလုပ် လုပ်ရမယ်လို့ အမျိုးသမီး တစ်ဦးက ပြောဆို စည်းရုံး မှု နောက် ကို လိုက်ပါသွားတဲ့ ၁၇နှစ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူထံမှ သိရပါတယ်။
ပျောက်ဆုံးနေတဲ့ မိန်းကလေးငယ်မှာ ဧရာဝတီတိုင်းဒေသကြီး...လပွတ္တာမြို့နယ် က မခင်သီတာစန်း ဆိုသူဖြစ်ပြီး သူမဟာ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး TikTokမှ တစ်ဆင့် သိကျွမ်းတဲ့ မလီလီ ဆိုသူက မူဆယ်တွင် လစာကောင်းတဲ့ အလုပ် ရှိကြောင်း ပြောဆိုစည်းရုံး ကမ်းလှမ်းရာကနေ မေလ ၅ရက်မှာ မူဆယ်ဘက်ကို ထွက်သွားခဲ့တယ်လို့ သိရပါတယ်။
မူဆယ်ကိုရောက်ရှိပြီးနောက်မှာ မိသားစုနဲ့ အဆက်သွယ်ပြတ်တောက်ခဲ့ပြီး မေလ ၁၅ရက်မှာ Viber ကနေ မိခင်ထံ ဆက်သွယ်လာပေမယ့် ၎င်းရဲ့အလုပ်နေရာ နဲ့ လုပ်ငန်းအမျိုးအစား တို့ ပြောကြားခြင်းမရှိဘဲ အဆင်ပြေကြောင်းသာ ပြောပြီး ဖုန်းကို ဘလော့သွားကြောင်းသိရပါတယ်။
""ကောင်မလေးရဲ့ ဖုန်းကို ခေါ်တော့ ကိုင်တယ်သူ အဆင်ပြေတယ်ပြောတယ် ဒါပေမယ့် မျက်နှာတော့ မကောင်းဘူး ဘာအလုပ်လဲဆိုတော့ စက်ရုံအလုပ်ဘဲ ပြောတယ် ပြီးတော့ ဖုန်းချသွားပြီး ဖုန်းကို ဘလော့သွားတယ် ""လို့မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
အခုဖြစ်စဉ်နဲ့ ပက်သက်ပြီး မူဆယ်ရှိ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ထံ မိသားစုတွေက အကြောင်းကြားထားပြီး ပျောက်ဆုံးနေတဲ့ မိန်းကလေးငယ်ကိုရှာဖွေပေးနေတယ်လို့ သိရပါတယ်။
ပြည်တွင်းက အလုပ်အကိုင်ရှာဖွေနေတဲ့ အမျိုးသမီးငယ်တွေကိုပွဲစားတွေက လစာ ငွေကြေး မက်လုံးပေးပြီး လိမ်လည်ကာ တရုတ်ဇနီးမယား အဖြစ် ရောင်းစားခံရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး ကြောင်းသိရပါတယ်။









