ဇူလိုင် ၁၁၊၂၀၂၆
စက်သုံးဆီဖြန့်ဖြူးရောင်းချရေးကော်မတီရဲ့ ဆီဈေးနေ့စဉ် ထုတ်ပြန်ချက်အရ ဈေးနှုန်းအကျဘက်ကို ရောက်ရှိနေပေမယ့် ဆီဝယ်မရတဲ့ပြသနာကို ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း ဝယ်ယူသုံးစွဲသူတွေထံကနေသိရပါတယ်။
ဇူလိုင် ၁၀ ရက်နေ့ ဆီဈေးမှာ ဓာတ်ဆီ၉၂ တလီတာကို ၃၂၅၀ကျပ်၊ ဓာတ်ဆီ၉၅ တလီတာကို ၃၃၁၀ကျပ်၊ ဒီဇယ်တလီတာကို ၃၀၉၅ကျပ်နဲ့ ပရီမီယံ ဒီဇယ်တလီတာကို၃၇၉၀ကျပ်နှုန်းတွေနဲ့ ယခင်တစ်ပတ်ကြာကဈေးတွေထက် ဓာတ်ဆီဈေး၁၀၀ကျပ် ကျော်နဲ့ဒီဇယ် ၁၀ကျပ် ဈေးကျနေပါတယ်။
စက်သုံးဆီဈေးဟာ ပြီးခဲ့တဲ့လထဲက ဈေးနှုန်းတွေ ကျလာတယ်ဆိုပေမယ့် သုံးစွဲသူတွေက ဆီကိုလိုသလောက်ဝယ်ယူရရှိနေတာမဟုတ်ဘဲ ခွဲတမ်းလီတာတွေ သတ်မှတ်ပြီးသာရောင်းချသလိုဝယ်ယူနေရတာပါ။
လက်ရှိမှာလည်း အရင်ကဆီဈေး တွေထက် ဈေးအများကြီးကျလာပေမယ့် ခွဲတမ်းနဲ့ဆီဝယ်ယူမှု မှာတောင် ဆီပြတ်လပ်တာတွေရှိလာရာ စက်သုံးဆီဆိုင်တွေမှာ ဆီဝယ်ဖို့ ကားတန်းစီတာတွေပြန်လည်ဖြစ်ပေါ်နေပြီလို့ ဆိုပါတယ်။
" ဆီထည့်တာ အရင်ကဆို ဒီဆိုင်ဝယ်ဒီဆိုင်မှာရတယ်။အခုက ဆီထည့်ဖို့ ဆိုင်တဆိုင် ဝင်လိုက် ဆီမရှိဘူးပြောလိုက်နဲ့ ဆီဆိုင်၄ဆိုင်လောက်ဝင်ပြီးမှထည့်လို့ရတယ်။ဒီရက်ပိုင်း ဆီထည့်ရခက်တဲ့ပြသနာလေးတွေကြုံနေရတယ်လို့" ကုမ္ပဏီကား မောင်းနှင်သူတဦးကပြောပြပါတယ်။
လက်ရှိတွင် ပြင်ပမှောင်ခိုဈေးကွက် မှာ ဓာတ်ဆီတလီတာ ငွေကျပ် ၈၀၀၀ နှုန်းနဲ့အရောင်းအဝယ်ဖြစ်နေတာကြောင့် လက်ကားဈေးသတ်မှတ်ချက်ထက် ဈေးနှစ်ဆ
နှုန်းနဲ့ တရားမဝင်ဈေးကွက်ဖြစ်နေတာပါ။
" တရားဝင် အရောင်းအဝယ်ရှိနေတဲ့ ဆီဆိုင်တွေက ဆီမရတာတွေရှိနေပြီး မှောင်ခိုဆီ ပြင်ပဈေးကွက်ကတော့ ပိုက်ဆံပေးနိုင်ရင်ဆီလိုသလောက်ရနေသလိုဖြစ်နေတယ်။ ဒါက တရားဝင်အခွန်ဆောင်ပြီး ကားသုံးစွဲနေတဲ့သူတွေ နစ်နာနေရပြီး တရားမဝင်တာတွေ မှောင်ခို သူခိုးတွေကို အားပေးနေသလိုဖြစ်နေတာပေါ့လို့"ကိုယ်ပိုင်ကား မောင်းနှင်သူတယောက် ကပြောပါတယ်။
စက်သုံးဆီ က လက်ကားဈေးမှာ အကျဘက်ရောက်နေကာ ဆီလိုသလောက် ဝယ်မရတဲ့ ကိစ္စတွေကလည်း ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်လာနေတာကြောင့် ဆီဈေးကျပေမယ့် သုံးစွဲသူတွေ ဝမ်းသာစရာဖြစ်မလာသေးကြောင်း စက်သုံးဆီအရောင်းအဝယ် ဈေးကွက်ထဲကသိရပါတယ်။









