နိုင်ငံတစ်ဝှမ်း ရှိ အကျဉ်းထောင်တွေ ထဲမှ နိုင်ငံရေးအကျဉ်းသူတွေအပါအဝင် အကျဉ်းကျခံနေရတဲ့ အမျိုးသမီး တွေဟာ လစဉ် ဓမ္မတာ ဆိုင်ရာ ကျန်းမာရေး ပြသာနာတွေ နဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ဖေဖေါ်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
လေ့လာစောင့်ကြည့်မှု တွေ အရ အကျဉ်းထောင်တွင်းက အမျိုးသမီးတွေဟာ ဓမ္မတာပုံမှန်မလာဘဲ အချို့မှာ ၃လ၊အချို့မှာ ၆လ အထိ ဓမ္မတာ မလာခြင်းနဲ့ ကြုံတွေ့နေရတယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။
အခုလို ဖြစ်ပွားတာဟာ ထောင်အတွင်း အာဟာရပြည့်၀အောင်မစားသောက်ရခြင်းနဲ့ သံဓါတ်ချို့တဲ့ ခြင်း မှ စတင်ဖြစ်ပေါ်လာရခြင်းဖြစ်ကာ နောက်ဆက်တွဲ ကျန်းမာရေးပြသာနာ တွေကိုလည်း ခံစားနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထောင်ကလွတ်မြောက်ပြီးနောက်ပိုင်းမှာလည်း အမျိုးသမီးရောဂါတွေကြောင့် ခွဲစိတ်ကုသကြရမှုတွေရှိနေသလို အကျဉ်းထောင်တွေထဲမှာလည်း ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ အရေပြားရောဂါဖြစ်ခြင်းတွေ ကြုံတွေ့ကြရကြောင်းနဲ့ ကိုက်ခဲတဲ့ဝေဒနာအတွက် ဒိုင်ကလိုနဲ့ ပါရာစီတမောဆေးတွေသာပေးတဲ့အတွက် ကျောက်ကပ်ရောဂါကိုပါ နောက်ဆက်တွဲခံစားနေကြရတယ်လို့ သိရပါတယ်။
အခုကိစ္စနဲ့ပက်သက်ပြီး ထောင်ထဲမှာ “ဓမ္မတာထိန်ခြင်း"ဝေဒနာခံစားခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူတဦးကလည်း အခုလိုပြောပြထားပါတယ်။
“အမျိုးသမီးတွေ လစဉ်ဓမ္မတာလာတာနဲ့ပတ်သက်ပြီးတော့ special ဆိုပြီးမရှိဘူး။ ဆေးဝါးက ဒါပဲရှိတာ။ ကျနော်ကိုယ်တိုင်လည်း ရာသီလာတဲ့အချိန်မှာဗိုက်အောင့်လို့သွားပြတာ အကိုက်ခဲပျောက်ဆေး၊ ဒီဆေးပဲ။ ကျနော့် ဖြစ်စဉ်ပေါ့နော့ ဗိုက်အောင့်လို့ဆေးခန်းလိုက်သွားမယ်ဆိုပြီး လိုက်သွားလိုက်တာ ဘာဆေးပေးလိုပေးညားပေါ့နော့၊ အကိုက်ပျောက်ဆေးနဲ့ဖော်မြူလာကဒါပဲ။ ကျနော်တို့အတွက်က ဆေးရုံလိုက်လည်းမထူးခြားနေဘူးဖြစ်နေတာ။ အတူနေ ညီမလေးတယောက်ဆို သုံးလ၊လေးလလောက်ရှိပြီရာသီမလာတော့ ဘာဖြစ်လို့လဲပေါ့၊ အထဲမှာ Stress နဲ့ Pressure တွေလည်းပါတာပေါ့နော့၊ အဲဒီအတွက်သီးသန့် အမျိုးသမီးဆရာဝန်နဲ့ပြချင်လို့ သူတို့အနေနဲ့ ညွှန်ကြား ပေးမှုမျိုးမရှိဘူး၊တပတ်ကိုတခါလောက် ထောင်ပိုင်ကြီး၊ထောင်ပိုင်လေးတို့လာကြည့်တဲ့အခါမှာ တောင်းဆိုတယ်။ ဘယ်ဆေးကိုတော့သွင်းခွင့်ပေးပါပေါ့။ သူတို့တွေနဲ့က တိုက်ယူနေရတဲ့အနေအထားပေါ့။
ရပိုင်ခွင့်အကုန်လုံးကိုတော့ တင်ပြတောင်းဆိုခဲ့ပါတယ်။ သူတို့ကဘာကြောင့် သွင်းခွင့်မရှိဘူးလဲဆိုရင် သူတို့ပြောနေကျက ဒီဆေးကိုဒီလောက်သွင်းခွင့်မရှိဘူးတို့၊ အဲလောက်အများကြီး သွင်းခွင့်ပေးမထားဘူးတို့၊ ကျနော်တို့ဆေးရုံမှာရှိတဲ့ ဆေးနဲ့မလုံလောက်လို့လား ဒီရောဂါက (ဆိုပြီးထောင်ဘက်က ပြောတယ်)”လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ နိုင်ငံရေးအကျဉ်းသူက ပြောထားပါတယ်။
ဒါကြောင့် အကျဉ်းထောင်အတွင်းရှိ အမျိုးသမီးတွေကြုံတွေ့နေရတဲ့ပြဿနာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတခုဖြစ်ရုံသာမက ရေရှည်မှာမျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ ပြဿနာတွေကိုလည်းကြုံတွေ့ရနိုင်ပြီး မျိုးဆက်တခုလုံးရဲ့ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့အရေးကိစ္စဖြစ်တာကြောင့် ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ အခုအခြေအနေကို အထူးအလေးထားစောင့်ကြည့်ဖို့လိုအပ်ကြောင်း အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသူ/သားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတွေ လုံလောက်ပြည့်မီစွာရရှိရေးအတွက် စစ်အုပ်စုကို ပြင်းပြင်းထန်ထန်ဖိအားပေးကြဖို့ကိုလည်း အေအေပီပီက တိုက်တွန်းထားပါတယ်။
အေအေပီပီက ကောက်ယူထားတဲ့မှတ်တမ်းအရ စစ်ကော်မရှင်လက်အောက်ရှိ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား/သူ စုစုပေါင်း (၂၂,၇၈၃) ဦးရှိပြီး အဲ့ဒီထဲမှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ (၄,၃၀၈) ဦးပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။









