NEWS

ဝန်ကြီးဌာန တရားစွဲဆိုထားတဲ့ W & F Group အထည်ချုပ် စက်ရုံ အချိန်ပို ပြန်လည် ခေါ်ယူနေ

CoverLogo
883 Views

ပုဒ်မ လေးခုကို ချိုးဖောက်တဲ့ W & F Group Co., Ltd အထည်ချုပ် စက်ရုံကို တရားစွဲမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ထားပေမဲ့ စက်ရုံကတော့ အချိန်ပို ခေါ်ယူတာတွေ ပြန်လည် ပြုလုပ်နေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။ 

“စက်ရုံမှာ ဒီလ လဆန်း ၄ ရက်လောက်ကနေ အချိန်ပိုတွေ ပြန်ခေါ်ပါတယ်။ တပတ်တော့ ရှိနေပြီ။ အချိန်ပိုက ညနေ ၆ ခွဲအထိ၊ အဲရက်ထဲမှာ ည ၉ နာရီအထိ ဆင်းရတဲ့ ရက်တွေလည်း ပါတယ်” လို့ စက်ရုံအလုပ်သမား တဦးက Myanmar Labour News ကို ပြောပါတယ်။ 

W & F Group Co., Ltd အထည်ချုပ်စက်ရုံမှာ အချိန်ပိုတွေ သုံးလ ကျော်ကြာ ခေါ်ယူနေမှု အပါအဝင် ချိုးဖောက်မှု ၁၀ ခုထက်မနည်း ရှိနေလို့ Myanmar Labour News မှာ သတင်းနဲ့ ဆောင်းပါး သုံးကြိမ်နဲ့ အထက် ဖော်ပြခဲ့ ပြီးနောက် အလုပ်သမားဝန်ကြီးဌာနက စက်ရုံ ဘက်ကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ 

W & F Group Co., Ltd အထည်ချုပ်စက်ရုံက ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ ပုဒ်မ ၅၉၊ ၆၃၊ ၆၄၊ ၇၁ တွေကို ချိုးဖောက်ခဲ့ပြီး ပုဒ်မ ၈၅ နဲ့ တရား စွဲမယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

တရားစွဲမဲ့ ပုဒ်မအရဆိုရင် ထောင်ဒဏ် ၃ လ အပါအဝင် ငွေဒဏ် သိန်း ၂၀ အထက် ချမှတ်နိုင်ပါတယ်။  

“ စက်ရုံ နောက်ဆုံး စစ်တာက ဇူလိုင် ၇ ရက်က၊ အရေးယူမယ်ဆိုပြီး ကြေညာတာက ဇူလိုင် ၂၈ ရက်မှာ ၊ အချိန်ပို ပြန်ခေါ်တာက ဩဂုတ် ၄ ရက်မှာ ဆိုတော့ တပတ်အကြာမှာ အမှုပြီးပြတ်တာမျိုးလား ၊ ဒါမှ မဟုတ် အမှု မပြီး ပြတ်ဘဲ အချိန်ပို ထပ်ခေါ်တာမျိုးလား ဆိုတာတော့ မသဲကွဲဘူး ။ ကျွန်တော် နားလည်တာက အမှုတွေ ဖြစ်ရင် တပတ် နှစ်ပတ်မက ကြာတတ်တယ်၊ ဖြေရှင်းတဲ့ကာလအတွင်းမှာ အချိန်ပို ခေါ်ယူခွင့်ကိုပါ ပိတ်ထားတယ်။ အခု စက်ရုံဘက်က အမှုမပြီးပြတ်ပဲ အချိန်ပိုတွေ ခေါ်နေတာလားပေါ့။ ချိုးဖောက်မှုတွေ ဆက်ဖြစ်နေတယ် ၊ လာဘ်ပေး လာဘ်ယူမှု ရှိနေတယ် ဆိုတာတော့ သိသာလာတယ်။” လို့ အလုပ်သမားအရေး ကူညီပေးနေသူ ကိုမျိုးသိမ်းက ပြောပါတယ်။ 

အလုပ်ရုံအက် ဥပဒေမှာတော့ ဆက်လက်ကျူးလွန်ပါက ကျူးလွန်ခဲ့တဲ့ တရက်ချင်းကို ကျပ်တသိန်းထက် မပိုတဲ့ အပြစ်ဒဏ်တွေလည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ 

စက်ရုံကို ဝန်ကြီးဌာနဘက်က အရေးယူတယ်လို့ ဆိုပေမဲ့ အချိန်ပိုခေါ်ယူမှု ဆက်လုပ်နေလို့ တိုင်ကြားရေးနဲ့ အလုပ်သမားရုံးတွေ အပေါ် ယုံကြည်မှု မရှိတော့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

“၃ လ ကျော်လောက် အချိန်ပိုခေါ်တာကို စိတ်ရောလူပါ မခံစားနိုင်ကြလို့ တတ်နိုင်တဲ့သူတွေက တိုင်ကြလို့ လာ စစ်တာ။ ဒါတောင် နောက်ဆုံး အချိန်ပိုမှာ အလုပ်လုပ်နေတုန်း စစ်တပ်က စက်ရုံကို ဝင်စစ်တာ။ ည ၈ နာရီ လောက်မှာ ။ မြို့နယ် အလုပ်သမားရုံးက အရာရှိတွေ အဲ့တုန်းက မပါဘူး။ အဲ့ကနေ အချိန်ပို ရပ်သွားပြီး တရားစွဲ တယ်ဆိုပြီး ပြောကြတာ။ အဲလိုတွေဖြစ်လို့ အလုပ်သမားတွေ ဝန်ထမ်းတွေလည်း ထွက်ကုန်တယ်။ အခု အချိန်ပို ပြန်ခေါ် တယ်။ တိုင်လို့ ရတယ်၊ အရေးယူတယ်ဆိုတာက မယုံတော့ပါဘူး ။” လို့ W & F Group အလုပ်သမား တဦး ကပြောပါတယ်။ 

W & F Group Co., Ltd ကုမ္ပဏီဟာ အချိန်ပိုတွေ ဆက်လက် ခေါ်ယူနေပြီး ကျင့်ဝတ်နဲ့ မညီတဲ့ လုပ်ခပေးချေမှု တွေလည်း ပြုလုပ်ခဲ့တယ်လို့ အလုပ်ကနေ နုတ်ထွက်သွားတဲ့ အလုပ်သမားတွေက ပြောပါတယ်။

“ ဇွန်လမှာ ၅၆၀၀ နဲ့ လုပ်ခကို ရှင်းပေးထားတယ်။ ဇူလိုင်မှာ အလုပ်လုပ်ပြီး အလုပ်ထွက်လိုက်တယ် ။ ဩဂုတ် လထဲ လစာထုတ်တော့ ၄၈၀၀ နဲ့ပဲ ရှင်းပေးတယ်။ ဒါက ကုမ္ပဏီမှာ ဂုဏ်သိက္ခာ ရှိရဲ့လား ။ ကျွန်မတို့ အလုပ်သမားတွေ ကလည်း စက်ရုံ နာမယ် ဂုဏ်သတင်း ရွေးတယ်ဆိုတာ အလုပ်ရှင်တွေကို သိစေချင်တယ်” လို့ ပြောကြားပါတယ်။ 

W & F Group Co., Ltd ကုမ္ပဏီပိုင် အထည်ချုပ် စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စက်ရုံကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်၊ သိမ်ချောင်းလမ်း၊ အမှတ် (၂၅၃) မှာ ရှိပြီး လုပ်သားအင်အား ၈၀၀ ဝန်းကျင်နဲ့ လုပ်ငန်း လည်ပတ် နေတယ်လို့ Myanmar Labour News ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

#MyanmarLabourNews 


Related posts

Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026