ထိုင်းနိုင်ငံတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် သင်္ကြန်ကာလမှာ အလုပ်ရှင်နဲ့အလုပ်သမားကြားရုံးပိတ်အသိပေးချက် ၃ ချက်ကိုထိုင်းနိုင်ငံအလုပ်သမားကာကွယ်စောင့်ရှောက်ရေဌာမှ ထုတ်ပြန်အသိပေးလိုက်ပါတယ်။
အဆိုပါထိုင်းနိုင်ငံအလုပ်သမားကာကွယ်စောင့်ရှောက်ရေဌာကနေလာမယ့် သင်္ကြန်ပွဲတော်ကာလအတွင်း အလုပ်ရှင်များနဲ့ အလုပ်သမားများအတွက် ပူးပေါင်းဆောင်ရွက်ပေးရန် အလုပ်ပိတ်ရက် သတ်မှတ်ခြင်း၊ကုန်းလမ်းပို့ဆောင်ရေး လုပ်ငန်းများအတွက် စည်းကမ်းချက်နဲ့ဘေးကင်းလုံခြုံရေး သတိပေးချက် တွေပါဝင်တဲ့အချက်၃ချက်ကိုထုတ်ပြန်ဖော်ပြလာတာလည်းဖြစ်ပါတယ်။
ဒါကြောင့်ထိုင်းနိုင်ငံတွင်းက အလုပ်ရှင် အလုပ်သမားတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ရန်မှာအလုပ်ပိတ်ရက် သတ်မှတ်ခြင်းက ဧပြီလ (၁၃) ရက်မှ (၁၅) ရက်နေ့အထိ ကို ရုံးပိတ်ရက် (သို့မဟုတ်) ရိုးရာအားလပ်ရက်အဖြစ် သတ်မှတ်ပေးရန်။
အကယ်၍ အဆိုပါနေ့ရက်များက အလုပ်သမားရဲ့ ပုံမှန်အပတ်စဉ် နားရက်နဲ့ တိုက်ဆိုင်နေပါက အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေအရ နောက်တစ်ရက်ကို အစားထိုးနားရက်အဖြစ် သတ်မှတ်ပေးရပါမယ်။
၂အချက်အေနနဲ့ကုန်းလမ်းပို့ဆောင်ရေး လုပ်ငန်းများအတွက် စည်းကမ်းချက် ကိုတော့ ယာဉ်မောင်းနှင်ရတဲ့အလုပ်သမားများအတွက် - တစ်နေ့လျှင် မောင်းနှင်ချိန် ၈ နာရီ ထက်မပိုစေရ။ အကယ်၍ အချိန်ပို (OT) ဆင်းရပါက ၂ နာရီ ထက်မပိုစေရဘဲ အလုပ်သမားရဲ့ သဘောတူညီချက် (စာဖြင့်) ရယူထားရပါမယ်။
အလုပ်ပြီးဆုံးချိန်မှ နောက်တစ်ကြိမ် အလုပ်ပြန်မစမီ အနည်းဆုံး ၁၀ နာရီ ကြာ နားနေချိန် ပေးရပါမယ်။ နံပါတ်၃အချက်အရ ဘေးကင်းလုံခြုံရေး သတိပေးချက်အနေဖြင့်ခရီးသွားလာရာတွင် အရက်သေစာ သောက်စားခြင်းမပြုရန်နဲ့ ယာဉ်မတော်တဆမှုများ မဖြစ်ပေါ်စေရန် ဂရုတစိုက် မောင်းနှင်ကြပါရန် တိုက်တွန်းထားကြောင်း သိရပါတယ်။
"သင်္ကြန်ရောက်ရင် အရင်ကဆို ရွာပြန်တယ်၁နှစ်၁ခါမဟုတ်ရင်တောင်၃နှစ်လောက်ဆိုပြန်တယ်လေ၊ အခုကတော့ မြန်မာဘက်မှာက အရင်လိုပြန်ရတာကမလွယ်တော့ဘူး၊ နိုင်ငံရေးအခြေအနေတွေကြောင့် ပြန်ရတာက မလွယ်ကူတော့တာဆိုတော့ရွာမပြန်ဖြစ်တာ ၄ နှစ်လောက်ရှိပြီအခုက ကိုယ့်မိဘ၊ကိုယ့်သားသမီးကိုတွေ့ချင်ရင် ကိုယ်နိုင်ငံကိုယ်မပြန်ရတော့ပဲ၊သူတို့တွေကိုသာဒီဘက်နိုင်ငံအလည်ခေါ်နေရတဲ့အခြေအနေဖြစ်နေပါပြီ၊ သင်္ကြန်ပိတ်ရက်အတွက်အခုလို အချက်ကလေးတွေရွှေ့ပြောင်းလုပ်သားတွေအတွက်ထုတ်ပေးတာကောင်းပါတယ်၊ ရွှေ့ပြောင်းလုပ်သားတွေအလုပ်ပိတ်ရက်အတွက်အလုပ်ရှင်တွေကလည်းပူးပေါင်းလုပ်ပေးကြရင်ပိုကောင်းမှာပါလို့"ဘန်ကောက်မြို့ ဈေးဝယ်စင်တာမှာအလုပ်လုပ်နေတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးကပြောပါတယ်။
အတာသင်္ကြန်ကာလမှာ အလုပ်ရှင်နဲ့အလုပ်သမားကြားရုံးပိတ်ရက်အသိပေးချက်တွေကိုထိုင်းနိုင်ငံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန နဲ့ ရွှေ့ပြောင်းလုပ်သားအခွင့်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် အပါအဝင်မိတ်ဖက်တွေကမတ်လ၂၃ရက် က စုပေါင်းထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။









