NEWS

ဒုန်းတောရွာသား ၁၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့ပြီးနောက် မုံရွာ-ပုသိမ်လမ်းမကြီးအနီးရွာ ၈ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ရှောင်တိမ်းနေရ ၊ ဆေးဝါးနှင့် အကူအညီများလိုအပ်နေ

CoverLogo
1.3K Views

စစ်အာဏာရှင်ကို ကျနော်တို့ မြန်မာပြည်သူတွေက စပ်ဆုပ်ရွံရှာတယ်။ မုန်းတီးတယ်။အသက်ပေးသွားတဲ့ သူတွေအတွက် ကျနော်တို့ မြန်မာတနိုင်ငံလုံးရဲ့ ကိုယ်စား ဝမ်းနည်းကြေကွဲရတယ်။ကျဆုံးသွားတဲ့ သူတွေကို လေးလေးစားစားနဲ့ ဂုဏ်ပြုပါတယ်။ရဲဘော်တွေအတွက် စိတ်မကောင်းပါဘူး။လွတ်မြောက်ဖို့လည်း အစွမ်းကုန် ကြိုးပမ်းသွားပါမယ်။

ဒါကတော့ စစ်ကိုင်းတိုင်းဒေသကြီးက စစ်ရှောင်ပြည်သူတဦးရဲ့ ပြောကြားချက်ပါ။

ဒီဇင်ဘာ ၇ ရက်နေ့က  ဆားလင်းကြီးနယ် ဒုန်းတောရွာသား ၁၁ ဦးကို စစ်ကောင်စီတပ်သားတွေ မီးရှို့သတ်ဖြတ်ခဲ့ပြီးနောက်မုံရွာ- ပုသိမ်လမ်းမကြီးအနီး ကျေးရွာ ၈ရွာမှ ပြည်သူ ၅၀၀၀ ကျော်ဟာ ကျေးရွာနဲ့ နေရပ်အိမ်တွေကို စွန့်ခွာပြီး  ဘေးကင်းရာကို ရှောင်တိမ်းနေရကြရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးကျေးရွာမြောက်ခြမ်းမှာရှိတဲ့  ကျေးရွာတွေ ဖြစ်တဲ့ ဒုံးတော၊ ဖောင်းကား၊ ဘိန်းနွယ်ချောင်၊ ကျေးစာကျ၊ ဂုန်းတော၊ သံကုန်းစတဲ့ကျေးရွာတွေက ထောင်နဲ့ ချီတဲ့ ပြည်သူတွေက  ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတာပါ။

"ထိုးစစ်တွေ ဆင်လာနိုင်တယ်ဆိုတဲ့ အကြောက်တရားနဲ့ပေါ့။တိုက်ပွဲတွေဖြစ်တဲ့ လမ်းဘေးက ရွာတွေ ဖြစ်တဲ့ အတွက် မီးလောင်ရင် လောင်သွားနိုင်တယ်ဆိုတဲ့ သဘောနဲ့ပေါ့။သက်ကြီးရွယ်အို ကလေးငယ်နဲ့ အမျိုးသမီးများအကုန်ရှောင်နေတယ်၊ စစ်ဘေးရှောင် ၅၀၀၀ ကျော်လောက်ရှိတယ် အိုင်ဒီပီ ကမ့်တွေ ထူထောင်ထားတာမရှိတဲ့ အတွက် လူတွေ စုပြီးချက်ပြုတ်ကျွေးမွေးနေရ တာပေါ့" လို့ တိမ်းရှောင်နေရသူတွေကို အကူအညီပေးနေတဲ့ ဒေသခံတဦးက MLN ကို ပြောပါတယ်။

စစ်ဘေးရှောင်လာတဲ့ သက်ကြီးပိုင်းတွေ ၊ ရင်ခွင်ပိုက် သားသည်မိခင်တွေ၊ ကလေးငယ်တွေအတွက် အိုးအိမ်စွန့်ခွာပြီး တိမ်းရှောင်လာမှုက ဘယ်လောက်ထိ ကြာမယ်ဆိုတာတော့ ခန့်မှန်းလို့ မရတဲ့ အရာတခုပါ။ လက်ရှိမှာ ပြည်သူအချင်းချင်း ကူညီဖေးမပြီး လူဦးရေ ၅၀၀၀ စာအတွက် ချက်ပြုတ်ကျွေးမွေးနေရသလို ရက်အကန့်အသတ် သတ်မှတ်လို့ မရတာကြောင့် ယင်းအတွက် ဆန်၊ ဆီနဲ့ စားသောက်ကုန်အချို့ နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၄င်းတို့ ချီတက်ရာလမ်းတလျှောက်မှာ  နယ်မြေရှင်လင်းရေးဆိုကာ ရွာသားတွေကို သတ်ဖြတ်တာ ၊ ဖမ်းဆီးရိုက်နှက်တာ ၊လူသားဒိုင်းအဖြစ် အသုံးပြုတာတွေလုပ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။စစ်တပ်က ရွာသားတွေကို တဲအတွင်းကြိုးများဖြင့်တုပ်နှောင်ကာသတ်ဖြတ်ကာ မီးရှို့သွားတဲ့ မြင်ကွင်းကို မြင်ရ တွေ့ရသူအတွက် ပြောစရာစကားလုံးမရှိအောင်ဖြစ်ခဲ့ရတာပါ။ဆို့နင့်ကြေကွဲမှုနဲ့ နာကြည်းမှုတွေကိုပါ တပြိုင်တည်းခံစားလိုက်ရတဲ့ ကျေးရွာသူ ရွာသားတွေရဲ့ ဘဝဟာ ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ကလွဲပြီး တခြားရွေးစရာလမ်းတော့မရှိခဲ့ပါဘူး။

"လက်ရှိဘယ်လိုဖြစ်နေတုန်းဆိုတော့ မနေ့ကတုန်းက ဒုန်းတောကျေးရွာမှာ ၁၁ ယောက်မီးရှို့သတ် ဖြတ်သွားတယ်။အဲ့ ဒါပြီးတော့ အခုဒီနေ့ မှာ အလောင်းလေး လောင်းထပ်တွေ့တယ်ဆိုပြီး သတင်းထွက်လာတယ်"လို့ ဒေသခံတဦးက ဆိုပါတယ်။

ထပ်မံပြီးနောက် ဒုန်းတောရွာကအသက် ၆၅ နှစ်အရွယ် အမျိုးသမီးတဦးကိုလည်း စစ်တပ်က ပစ်သတ်သွားပြီး ရုပ်အလောင်းကို ကျေးရွာကမီးသဂြိုဟ်လိုက်ရပါတယ်။

"ကျွန်တော်တို့ မြန်မာလူမျိုးတွေကို ညှဉ်းပန်းနှိပ်စက်တာ အတိဒုက္ခရောက်အောင် လုပ်တဲ့ အတွက် နိုင်ငံတကာက တတ်နိုင်တဲ့ ဘက်ကနေ အကူအညီပေးနိုင်သလောက်ပေးပါ  စစ်အာဏာ ရှင်ကို ကျွန်တော်တို့ အလိုမရှိဘူးလုံးဝလုံးဝမှ အလိုမရှိဘူး။ လုံးဝမနှစ်သက်ဘူး။ မြန်မာ ပြည်သူပြည်သားတွေအနေနဲ့က စစ်အာဏာရှင်ကို အမြစ်ဖြတ် တဲ့ အထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောချင်တယ် နွေဦးတော်လှန်ရေးအတွက် မြန်မာပြည်ကိုလဲ ရတဲ့နည်းလမ်းပေါင်းစုံကနေ ကူညီပေးကြဖို့ ကျွန်တော်တို့ အနေနဲ့ တောင်းဆိုချင်ပါတယ်"လို့  ရွာသားတစ်ဦးကဆိုပါတယ်။

Photo - Myanmar Witness


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026