တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၊ ဘဝါကျွန်းမှာ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းကဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း မြေပြိုကျပြီး အမျိုးသားလုပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ထံမှသိရပါတယ်။
၎င်းနေရာဟာ ယခင်က ရွှေပြည်သာအမှိုက်ကန်ဟောင်း ဖြစ်ပြီး အဆောက်အအုံဆောက်ရန် အတွက် အလုပ်သမားများ အလုပ်လုပ်နေချိန် ပန္နက်တွင်းအပေါ် မြေကြီးပြိုကျကာ လုပ်သားနှစ်ဦး ပိတ်မိသေဆုံးခဲ့တာလို့ ဆိုပါတယ်။
""ဒီနေရာက အရင်က အမှိုက်ကန် အဟောင်းကြီး အဆောက်အဦးဆောက်ဖို့ တွင်းတူးပနက်ရိုက်တာ မြေတူးနေရင်း မြေပြိုပြီး လူတွေပေါ်ပိမိကုန်တာ မြေပိတဲ့အချိန် ချက်ခြင်းဖေါ်နိုင်ရင်တော့ အသက်ရှင်ကောင်းရှင်နိုင်တယ် အချိန်ကြာမှ ဖေါ်ရတော့ ရုပ်အလောင်းပဲရတော့တယ်""လို့ ဒေသခံတစ်ဦးကပြောပါတယ်။
သေဆုံးသူ လုပ်သားနှစ်ဦးမှာ အသက်၂၀ ဝန်းကျင်နဲ့အသက်၃၀ ဝန်းကျင်ရှိသူတွေ ဖြစ်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
၎င်းတို့ရဲ့ ရုပ်အလောင်းကို ကော့သောင်းမြို့ရှိ ၂ မိုင်ပြည်သူ့ဆေးရုံကြီး သို့ ရွှေအဏ္ဏဝါပရဟိတာလူငယ်အဖွဲ့မှ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ယင်းအဖွဲ့ထံမှသိရပါတယ်။
Photo-ရွှေအဏ္ဏဝါပရဟိတာလူငယ်အဖွဲ့