NEWS

YBS ယာဉ်လိုင်းအချို့တွင် ယာဉ်စီးခကတ်ဖြင့် ပေးချေမှုစနစ်အတွက် အသုံးပြုမရအောင်လုပ်ဆောင်တာတွေရှိလာ

CoverLogo
775 Views

YBS ဘတ်စ်ကားများစီးနင်းရာ မှာ ငွေအကြွေပေးချေမှုပြဿနာကင်းစေဖို့ ရည်ရွယ်ပြုလုပ်ထားတဲ့ YBSကတ်စနစ်ကို ယာဉ်လိုင်းအချို့တွင်သုံးလို့မရအောင် လုပ်ဆောင်လာမှုတွေရှိနေတယ်လို့ နေ့စဉ် YBS စီးနင်း အသုံးပြုသူတွေထံကသိရပါတယ်။

"ကတ်စနစ်နဲ့က ငွေအကြွေပြဿနာကင်းတယ် ပြီးတော့ခရီးစဉ် တစ်ကြောင်းကို ငွေ၄၀၀ ကျပ် ကောက်ရင် ကတ်နဲ့ဆိုခရီးစဉ် တစ်ကြောင်း ၃၀၀ကျပ်ဆိုတော့ ဈေးလည်းနည်းနည်းသက်သာတယ်။YBS ကတ်လုပ်ဖို့ ငွေဖြည့်ဖို့အလုပ်တော့ရှုပ်ပေမယ့်အခုနောက်ပိုင်း တွက်ခြေကိုက်လို့ တကူးတက ကို ကတ်လုပ်ပြီးစီးနင်းသူတွေများလာတာပါ။ ပြဿနာကYBSကားတိုင်းက ကတ်နဲ့စီးလို့မရဘူးဖြစ်နေတယ်။ သက်ဆိုင်ရာယာဉ်လိုင်းစည်းကမ်းထိန်းသိမ်းရေးဘက်က YBS ကားတွေမှာကတ်စနစ်အတွက် ငွေပေးချေနိုင်မယ့်စက်တွေ တပ်ပေးထားတာကို ယာဉ်လိုင်းအချို့ကယာဉ်မောင်းတွေက အဲ့ဒီ့စက်တွေနဲ့ကတ်အသုံးပြုလို့မရအောင် လုပ်ဆောင်နေတာတွေရှိနေပါတယ်လို့" YBS စီးခရီးသွားပြည်သူတစ်ဦးကပြောပါတယ်။

လက်ရှိတွင် YBS ယာဉ်လိုင်းပေါင်း၈၀ကျော်မှာ ကတ်စနစ်နဲ့QRစနစ်ကိုအသုံးပြုနိုင်ရန် သက်ဆိုင်ရာ ယာဉ်ပေါင်းစုံကြီးကြပ်ရေးကော်မတီက စီစဉ်ဆောင်ရွက်ပေးထားသလို  ကတ်စနစ်ကိုအသုံးပြုနိုင်တဲ့ယာဉ်လိုင်းတွေမှာ ကတ်ဖြတ်တဲ့စက်တွေကို ဖြုတ်သိမ်းထားတာတွေရှိပါက အရေးယူမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။

"ယာဉ်စီးခပေးချေလို့ရတဲ့ YBS ကတ်ဖြတ်စက်တွေကို ယာဉ်မောင်းတွေကအရေးယူခံရမှာ ကြောက်လို့ဖြုတ်မသိမ်းပေမယ့် ဘတ်စ်ကားစီးပြည်သူတွေကို ကတ်သုံးမရအောင်စက်ကိုပိတ်ထားတာအပြင် စက်မပိတ်ထားပဲ ကတ်ဖြတ်မယ့် screen ပေါ်တွင် ကတ်ဖြတ်မရအောင် စတစ်ကာပိတ်ကပ်ထားတာမျိုးတွေလည်း စည်းကမ်းပျက်ယာဉ်မောင်းအချို့မှ လုပ်ဆောင်လာနေတာကြောင့် YBS ယာဉ်များစည်းကမ်းပျက်မှုကို အရေးယူနေတဲ့သူတွေအနေနဲ့ သေချာစွာစီစစ်ပေးဖို့လိုပါတယ်လို့" YBS ကတ်စနစ် ကိုသုံးစွဲသူတွေကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကော်မတီ(YRTC)အနေနဲ့ စည်းကမ်းဖောက်ဖျက်တဲ့ယာဉ်တွေကို လအလိုက်အရေးယူနေရာမှာ လိုင်စင်ကို ပိတ်သိမ်းတာ ၊ ယာဉ်လိုင်းထွက်ခွင့်ပိတ်သိမ်းတာမျိုးတွေလုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။

"ကတ်စနစ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ကတော့ သဘောကျပါတယ်။ ဘာလို့လဲဆိုတော့ ယာဉ်စီးခပေးတဲ့အချိန် အကြွေပြဿနာကြောင့် ကားအပေါက်ဝမှာ လူတွေက ပုံနေတတ်တယ်။ နောက်လည်းမတိုးရှေ့ကလည်းထွက်မရနဲ့အကြွေအမ်းတဲ့ပြဿနာကြောင့်မှတ်တိုင်းမှာကြာသွားတတ်တာမျိုးလည်းရှိနေတော့ ကတ်နဲ့စီးသူတွေက ကိုယ့်အတွက်တော့အဆင်အပြေဆုံးပါပဲ။ တစ်ချို့ယာဉ်လိုင်းတွေကတော့ ကျွန်တော်ကြားတာတော့ ကုမ္ပဏီပိုင်တွေမဟုတ်တော့ စည်းကမ်းပျက်ကြတာလည်းပါတယ်။ နောက်တစ်ခုက သူတို့အနေနဲ့ အုံနာစနစ်နဲ့မောင်းကြရတဲ့အခါ ကတ်နဲ့စီးသူတွေများလာရင် အုံနာခပြန်ပေးဖို့ကသူတို့မှာ အခက်ကြုံရတယ်။ကတ်နဲ့စီးတဲ့သူတွေရဲ့ပိုက်ဆံကျ ပြန်တော့လည်း ညနေကားသိမ်းချိန်မှ သက်ဆိုင်ရာ YPS ကုမ္ပဏီရုံးမှာပြန်ထုပ်ကြတဲ့အခါ ငွေအမောင့်က အမှန်ဟုတ်မဟုတ် နဲ့ သူတို့ကားကိုကတ်နဲ့စီးတဲ့ အရေအတွက်အတိုင်းပိုက်ဆံက ပြန်ထုပ်ပေးမထုပ်ပေး ဆိုတဲ့ ပွင့်လင်းမြင်သာမှုတွေမရှိလို့ မကြိုက်တာလို့ ယာဉ်မောင်းအချို့ကပြောကြတာပဲ။ အမှန်တော့YBS စနစ်တစ်ခုလုံး ပိုပြီးစနစ်ကျဖို့က အုံနားကား ကုမ္ပဏီကားမခွဲဘဲYBS ယာဉ်မောင်း အကုန်လုံးကို  လစာနဲ့ မောင်းခိုင်းတဲ့စနစ်နဲ့ဆိုရင် ပိုပြီးစနစ်ကျသွားမယ်လို့ ထင်ပါတယ်"လို့  YBS ယာဉ်မောင်းတစ်ဦးက ၎င်းရဲ့အမြင်ကိုပြောပြပါတယ်။

YPS ယာဉ်စီးခပေးချေ နိုင်တဲ့ ကတ်ရဲ့တန်ဖိုးမှာ ယခင်က ၂၀၀၀ ကျပ် သာကျသင့်သော်လည်း ယခုနောက်ပိုင်းတွင် ၄၀၀၀ ကျပ်အပြင် အထိမ်းအမှတ်ဒီဇိုင်းများဖြင့် ပုံဖော်ထားတဲ့ကတ်မှာ ၅၀၀၀ ကျပ်ဖြင့် ဝယ်ယူလာရသလို ကတ်အတွင်းငွေဖြည့်ရာတွင်လည်း အနည်းဆုံးငွေကျပ်၁၀၀၀ မှစပြီး  ဖြည့်သွင်းအသုံးပြုနိုင်ကာ အကြွေကိစ္စအတွက်အလုပ်မရှုပ်တာကြောင့် ကတ်ကိုဝယ်ယူအသုံးပြုသူတွေများလာရာ ရန်ကုန်မြို့အတွင်းYBS ကတ်ကို ဝယ်ယူအသုံးပြုနေသူတွေ သိန်းဂဏန်းထိရှိနေကြောင်းသိရှိရပါတယ်။

 


Related posts

Cover
စက်သုံးဆီဈေး တစ်လီတာ ကျပ် ၇၀၀ကျော် မှ ၁၀၀၀ကျော်အထိ ဈေးထပ်မြင့်တတ်
Mar 22, 2026
Cover
အလှည့်ကျ မီးပေးစနစ် ပြန်စမည်ဟု စစ်ကော်မရှင် ထုတ်ပြန်
Mar 22, 2026
Cover
အများဆုံးထောင်ဒဏ် ၅နှစ်ကနေ ငွေဒဏ်၁၅သိန်းအထိ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေထုတ်ပြန်
Mar 22, 2026
Cover
စက်သုံးဆီဝယ်ယူမရ၍ ရန်ကုန်က ဆိုင်ကယ်နှင့်ဘေးတွဲဆိုင်ကယ်မောင်းသူများ အခက်ကြုံနေ
Mar 22, 2026
Cover
စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့ ဆန်ရောင်းချမှု ယာယီရပ်နားဟု MRF ကြေညာ
Mar 22, 2026
Cover
စုံ /မ စနစ် ယာဉ်မောင်းခွင့် မလိုက်နာသူများကို စတင်အရေးယူ ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင် ခိုင်း
Mar 18, 2026
Cover
CNG သုံး Taxiယာဉ်များ ငှားရမ်းခ တိုးမြှင့်တောင်းခံပါက တိုင်ကြားနိုင်ဟုဆို
Mar 18, 2026
Cover
ရွှေလက်ဝတ်ရတနာ ပြုလုပ်ရာတွင် အလျော့တွက်လက်ခ ကို ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့် ကောက်ခံမည်ဟု YGEA ထုတ်ပြန်
Mar 16, 2026