ပြည်တွင်း မှာ အသုံးပြုနေတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို ယခုမတ်လ ပထမအပတ်ကစပြီး ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)ကို စတင်အသုံးပြုမှာ ဖြစ်ကာ လာမယ့် ဧပြီ၁ရက် အထိ မှတ်ပုံတင်ထားခြင်းမရှိပါက ကျသင့်တဲ့ အခွန်ငွေ အပြင် ဒဏ်ကြေးပါ ပေးဆောင်ရမယ်လို့ စစ်ကော်မရှင်က မတ်လ၅ရက်မှာ အသိပေးကြေညာပါတယ်။
လက်ရှိအသုံးပြုနေတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို အခွန်ပေးဆောင်ဖို့ မလိုဘဲ ဆက်လက်အသုံးပြု နိုင်ဖို့ CEIR ရှိ ခွင့်ပြုစာရင်းမှာ အလိုအလျောက် ထည့်သွင်းပေးသွားမှာဖြစ်ပြီး အဲဒီခွင့်ပြုစာရင်းမှာ ပါရှိနိုင် ဖို့ အတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး MPT၊ ATOM၊ U9၊ Mytel ဆင်းမ်ကတ်တွေ ထည့်သွင်းပြီး ဖွင့်လှစ်အသုံးပြုထားဖို့ လိုအပ်
တယ်လို့ ဆိုပါတယ်။
ဧပြီ၁ရက် နေ့မှ စပြီး ခွင့်ပြုစာရင်းမှာ မပါရှိတဲ့ မိုဘိုင်းလက်ကိုင်ဖုန်း တွေကို မိုဘိုင်းလက်ကိုင်ဖုန်း တွေကို မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်တွေနဲ့စတင်ချ်တ်ဆက် အသုံးပြုချိန်မှ ရက်ပေါင်း၃၀ အတွင်းသာယာယီ အသုံးပြုနိုင်မှာ ဖြစ်ပြီး ဆက်လက်အသုံးပြုလိုပါက ကျသင့်တဲ့ အခွန် နဲ့ဒဏ်ကြေးတွေ ပေးဆောင်ရမှာ ဖြစ်တယ်လို့ အသိပေးကြေညာထားပါတယ်။
အခုလို မိုဘိုင်းလက်ကိုင်ဖုန်းများ မှတ်ပုံတင်ခိုင်းတဲ့ အပေါ် ပြည်သူတွေကြား ဝေဖန်မှု ၊စိုးရိမ်မှုများ ဖြစ်ပေါ်နေသလို ပြည်သူတွေအနေ ဖြင့် လုံခြုံရေးသတိပြုရန် ကို လည်း မြန်မာအင်တာနက်ပရောဂျက် (MIP)ကအသိပေးကြေညာထားပါတယ်။
ယခုCEIRစနစ်ဟာ တည်နေရာ ခြေရာခံနိုင်မှု အန္တရာယ် ကြီးမားလာခြင်း၊အစုလိုက်အပြုံလိုက် စောင့်ကြည့်ရန် လွယ်ကူလာခြင်း၊ပစ်မှတ်ထားပိတ်ဆို့ရန် လွယ်ကူခြင်း၊မိုဘိုင်းဖုန်းများကို ထိန်းချုပ်ဝင်ရောက်ခံရနိုင်ခြင်းမြင့်မားခြင်းစတဲ့ အချက်တွေ ဖြစ်စေနိုင်တယ်လို့ MIPက အသိပေးထားပါတယ်။
စစ်ကော်မရှင် ဘက်ကတော့ အခုစနစ်ဟာ ကမ္ဘာ့နိုင်ငံအချို့မှာ အသုံးပြုလျက်ရှိနေပြီး ပြည်တွင်းက ဖုန်းသုံးစွဲသူအနေနဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီပြီး နိုင်ငံတော်ကို ကျသင့်ငွေ ပေးဆောင်ထားတဲ့ ဖုန်းတွေကို ယုံကြည်စိတ်ချစွာ အသုံးပြု နိုင်ရန် အတွက် အခုလို လုပ်ဆောင်တာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
CEIRစနစ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက www.ceir.gov.mm ဝက်ဘ်ဆိုက်မှာ ကြည့်ရှု နိုင်သလို CEIR Call Center နံပါတ်တွေဖြစ်တဲ့ ၁၅၇၇ နဲ့ ၁၇၅၅ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်တယ် လို့စစ်ကော်မရှင် က ကြေညာထားပါတယ်။









