လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာစတင် ပြုလုပ်မယ့် ရွေးကောက်ပွဲ အတွက် ဝင်ရောက်ယှဉ်ပြိုင် မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေ အနေနဲ့ ယခု အောက်တိုဘာလ ၂၈ ရက်မှစတင် ပြီး ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးနိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မဲဆွယ်စည်းရုံးခွင့်ကာလကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက် နံနက် ၆ နာရီမှ ဒီဇင်ဘာလ ၂၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီ တွေဟာ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခြင်းတို့ကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ဖို့ UECရဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။
ယခု ရွေးးကောက်ပွဲ ကို တနိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၆ ပါတီနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တခုအတွင်းမှာ ယှဉ်ပြိုင်မယ့် ပါတီ ၅၁ ပါတီ စုစုပေါင်း ၅၇ ပါတီ ရှိပြီး တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း အပါအဝင် ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄,၉၆၃ ယောက် ရှိတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ကို ပြည်သူများ စိတ်ဝင်စားမှု အလွန်နည်းသလို တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။