ပြည်တွင်းမှာလျှပ်စစ်မီးရရှိချိန်ဟာအရင်ကထက်ပိုနည်းလာတာကြောင့် စက်မှု လက်မှု နှင့် တစ်နိုင်တပိုင်လုပ်ငန်းငယ်တွေရပ်တည်ဖို့ခက်ခဲလာတယ်လို့လုပ်ကိုင်သူတွေကပြောပါတယ်။
၂၀၁၉ ခုနှစ်စာရင်းအရ တနိုင်ငံလုံး အတိုင်းအတာရဲ့ ၅၀ ရာခိုင်နှုန်းက လျှပ်စစ်ဖူလုံစွာရရှိခဲ့တာဖြစ်ပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးရရှိမှုက ယခင်ထက်ပိုမိုလျော့ကျကာ အချိန်မှန် မီးပေးနိုင်ခြင်းမရှိတော့ဘဲ လျှပ်စစ်မီးလာချိန်ဟာမြို့နယ်တစ်ချို့မှာအချိန်နာရီနဲ့သတ်မှတ်ပေးနေတာဖြစ်ပါတယ်။
လက်ရှိမှာတော့တစ်ရက်ကိုလျှပ်စစ်မီးရရှိချိန်ဟာ(၅)နာရီဝန်းကျင်သာရရှိနေတာဖြစ်ပါတယ်။
"မီးကနေ့ကောညပါမလာတာ။နွေရာသီမှာအအေးတို့၊ရေခဲချောင်းရေခဲမုန့်တို့နောက်ပြီးရေသန့်အေးတာလေးတွေအားပြုရောင်းရတာအခုကျ။ရေခဲသေတ္တာကအေးချိန်ကိုမရဘူး။အချိန်ပြည့်မီးပျက်တယ်။မီးလာတော့လည်းမီးအားကျတယ်။ဘာမှရောင်းစားမရဘူး။ဆိုင်ဆိုတာကညဖက်မီးလေးလင်းမှလူကလာတာ။အခုကျအားပြန်သွင်းဖို့ကိုအချိန်မရတာ။ရေရှည်တော့တကယ်မလွယ်ဘူး။လျှပ်စစ်မီးကိုအားပြုလုပ်ရတဲ့အလုပ်တွေအကုန်ရပ်ကုန်မှာ"လို့တစ်နိုင်တပိုင်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
စက်မှုဇုန်တွေရှိတဲ့မြို့နယ်တွေမှာတော့မီးလာချိန်ကိုသတ်မှတ်နိုင်တဲ့အခြေအနေတောင်မရှိပါဘူး။
"တစ်နိုင်တပိုင်ရုံလေးနဲ့ချုပ်တာပါ။မီးမလာတော့မီးစက်ပဲအားစိုက်သုံးရတယ်။ဒီ တော့ စက်သုံးဆီဖိုးကအပိုကုန်ရတယ်။အဲဒါထက်ဆိုးတာဆီဝယ်မရတာ။ဆီဝယ်ဖို့ ထောက်ခံစာ တောင်းတာပဲ။အဲဒီလိုမျိုးဆိုတကယ်ကိုဆက်မလုပ်ချင် တော့ဘူး။ နောက်ပြီးဒီကာလမှာကိုယ်ကတော့ရုံကကလေးတွေဆိုစက်ရုံမှာရတာထက်နိုင်သလောက်ပိုပေးတယ်။ကြာလာတော့ကိုယ်ဖို့ကမကျန်တော့ဘူး။ အခုကတော့စပြီးသားမလို့မရပ်ဘဲတင်းခံနေတာ။ရေရှည်ဒီထက်ဆိုးလာရင်တော့အကုန်ရပ်ပစ်ရမှာပဲ"လို့အသေးစားအထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
လက်ရှိမှာလျှပ်စစ်မီးပြတ်တောက်မှုကြောင့်စီးပွားရေးလုပ်ကိုင်သူတွေအခက်တွေ့နေရသလိုပြည်သူတွေလည်းနေထိုင်စားသောက်ရေးအခက်အခဲဖြစ်လာပါတယ်။