မိခင် ဖြင့် စကားများ ရန်ဖြစ်ပြီး နေအိမ်မှ ဆင်းလာ သည့် မိန်းကလေးကို တရုတ်မယား ပြုလုပ်ရန် ငွေပေးစည်းရုံး သူတွေကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ မိန်းကလေးတစ်ဦးဟာ ၂၀၂၅ခုနှစ် နိုဝင်ဘာလ မှာ မိခင်ဖြင့် စကားများရန်ဖြစ်ပြီး မန္တလေးရှိ“မေ” တည်းခိုခန်း တစ်ခု တွင် နေထိုင်စဉ် လူမှုကွန်ယက် _Telegram(အမည်မမှတ်မိ)အကောင့်ပိုင်ရှင် မ ယမင်းထွေးက တရုတ်ဇနီးမယား အဖြစ် လုပ်ကိုင်ပါက ငွေကျပ်သိန်း၁၀၀ရရှိမည်၊ လမ်းစရိတ် အကုန်ကျခံခေါ်ပေးမယ်လို့ ရေးသားထားသည်ကို တွေ့ရှိရာ ၎င်းမိန်းကလေးက ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလိုဆက်သွယ်ပြီးနောက်တွင် မယမင်းထွေးက မိန်းကလေးရှိရာ တည်းခိုခန်းသို့ မူဆယ်မြို့ဟိုနားရပ်ကွက်နေ မောင်ရဲမာန်အောင်(ခ)ရဲမာန် ကို စေလွှတ်ကာ မိန်းကလေး ကို လာရောက်ခေါ်ဆောင်စေပြီး ဆေးစစ်မှုများဆောင်ရွက်ခြင်း၊အဝတ်အစားများ ဝယ်ပေးခြင်းတို့ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် မိန်းကလေး ကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် မန္တလေးမှ လားရှိုးသို့ခေါ်ဆောင်လာစဉ် ပြင်ဦးလွင် မြို့အထွက် စစ်ဆေးရေး ဂိတ်တွင် စစ်ဆေး ဖမ်းမိသဖြင့်အမှတ်၁၁ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)မှ တရားလိုပြု တိုင်တန်းခဲ့တယ်လို့သိရပါတယ်။
ပြင်ဦးလွင်မြို့နယ် ပိတ်ချင်းမြောင်နယ်မြေရဲစခန်း (ပ)၆၀/၂၀၂၅ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပုဒ်မ ၃၅/၄၄ဖြင့် အမှုဖွင့် တရားစွဲဆို တင်ပို့ခဲ့ရာ ၂၀၂၆ခုနှစ် မတ်လ ၁၉ရက်တွင် ပြင်ဦးလွင် ခရိုင် တရားရုံးမှ တရားခံ ရဲမာန်အောင်(ခ)ရဲမာန် ကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ်ကျခံစေပြီး တိမ်းရှောင်တရားခံ မယမင်းထွေး ကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပုဒ်မ ၃၅/ကျင့်၅၁၂အရ ၈၇/၈၈အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရပါတယ်။









