ကိုဗစ် -၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၂ ဦး တွေ့ရှိထားတယ်လို့ ဇွန်လ ၁၆ ရက် ည ပိုင်းမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဇွန်လ ၈ ရက်နကနေ ၁၅ ရက်အထိ ရက်သတ္တပတ်အတွင်း တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။
ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၂၈၅)ခုကို စစ်ဆေးခဲ့ ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၂)ဦး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၂၈)ရာခိုင်နှုန်းဖြစ်ပြီး ပြင်းထန်လူနာ၊ အထူးကြပ်မတ် ကုသမှုပေးရတဲ့ လူနာနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးခဲ့သူ မရှိဘူးလို့ ဆိုပါတယ်။
အတည်ပြုလူနာက မွန်ပြည်နယ်က ၂၄ ဦး ၊ ရန်ကုန်တိုင်းမှာ ၁၇ ဦး၊ မကွေးတိုင်းမှာ ၇ ဦး၊ မန္တလေးတိုင်းမှာ ၂ ဦး၊ နေပြည်တော်က ၁ ဦး၊ ရှမ်းပြည်နယ်က ၁ ဦး ဖြစ်ပါတယ်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက် ဖြစ်ပွား /သေဆုံးမှုမှာ စိုးရိမ်ဖွယ် အခြေနေ မရှိသေးပေမယ့် ရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ဖို့ တကိုယ်ရေ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ သတိပေးထားပါတယ်။
ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနဲ့ အသက်ဆုံးရှုးနိုင်ခြေမြင့်မားတဲ့အတွက် အသက် ၆၀ နဲ့အထက် အသက်အရွယ်ကြီးသူတွေ၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူတွေ၊ ကိုယ်ဝန်ဆောင် ကာလ ၃ လနဲ့ အထက် ကိုယ်ဝန်ဆောင်မိခင်တွေကို ဦးစားပေးအစီအစဉ်နဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသွားဖြစ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။