NEWS

စစ်မှုထမ်းဟောင်းများ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်း အဖြစ်လုပ်ကိုင်လိုပါက ခွင့်ပြုချက်တောင်းခံရမည်

CoverLogo
579 Views
 
ကာကွယ်ရေးဝန်ထမ်းဟောင်း တွေပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း အဖြစ် လုပ်ကိုင် လိုပါက ကာကွယ်ရေးဝန်ကြီးဌာန ထံ ခွင့်ပြုချက်တောင်းခံရမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၂၈ ရက်မှာ ဥပဒေထုတ်လိုက်ပါတယ်။
 
"စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ’ လို့ နာမည်ပေးထားပြီး ကာကွယ်ရေးဝန်ထမ်း ဆိုတာက ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို လိုက်နာရသူ၊ အဲဒီဥပဒေ မလိုက်နာရသူမဟုတ်စေကာမူ တပ်မတော်ရဲ့ အစိတ်အပိုင်းတခုခုမှာ အချိန်ပိုင်းဖြစ်ဖြစ်၊ အမြဲတမ်းဖြစ်ဖြစ် လုပ်ကိုင်ဆောင်ရွက်နေသူ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့ ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။
 
ကာကွယ်ရေးဝန်ထမ်းဟောင်း ဆိုသည်မှာ ကာကွယ်ရေးဝန်ထမ်း အဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး လက်ရှိတာဝန် ထမ်းဆောင်ဆဲ မဟုတ်သူ ကိုဆိုလိုတယ် လို့ ဥပဒေမှာ ပါရှိပါတယ်။
 
စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တွေဆိုတာကတော့ စစ်ဘက်ဆိုင်ရာ အဂ္ဂမဟာဗျူဟာတွေ၊ မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေ၊ စစ်ဘက်လေ့ကျင့်ရေးဆိုင်ရာ ကိစ္စတွေ၊ တပ်မတော်ရေယာဉ်၊ လေယာဉ်၊ စက်ယန္တရား လက်နက်ခဲယမ်း စစ်အသုံးအဆောင်ပစ္စည်းတို့နဲ့ သက်ဆိုင်တဲ့ နည်းပညာတွေ၊ နည်းစနစ်တွေ၊ ထုတ်လုပ်တပ်ဆင်မှု ပညာရပ်တွေနဲ့ သတင်းအချက်အလက်တွေ အပါအဝင် စစ်ဘက်ဆိုင်ရာ နည်းပညာတွေ လုပ်ထုံးလုပ်နည်းတွေ ဒါမှမဟုတ် နည်းစနစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ယခုပြဌာန်းလိုက်တဲ့ ဥပဒေ မှာ ကာကွယ်ရေးဝန်ထမ်း ဒါမှမဟုတ် ဝန်ထမ်းဟောင်းတယောက်ဟာ နိုင်ငံခြားတိုင်းပြည်ရဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့ မဟုတ်တဲ့ အဖွဲ့တခုခုမှာဖြစ်ဖြစ်၊ အဖွဲ့ရဲ့ကိုယ်စားလှယ်ဖြစ်ဖြစ် လုပ်မယ်ဆိုပါက ထောင်ဒဏ်တသက် ဒါမှဟုတ် သေဒဏ်ချမှတ်ရမယ်လို့ သတ်မှတ်ထားပါတယ်။
 
ဒါ့အပြင် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက် တရပ်ရပ်ကို သုံးပြီး နိုင်ငံထဲမှာဖြစ်ဖြစ်၊ နိုင်ငံအပြင်မှာဖြစ်ဖြစ်ရှိတဲ့ တရားဝင်လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်တဲ့ အဖွဲ့အစည်း ဒါမှမဟုတ် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းမှာ လုပ်မယ်ဆိုရင်လည်း ထောင်ဒဏ်တသက် ဒါမှဟုတ် သေဒဏ် ချမှတ်ရမယ်လို့ သတ်မှတ်ထားပါတယ်။
 
အကယ်၍ ကာကွယ်ရေးဝန်ထမ်းဟောင်းမှာ ပုဂ္ဂလိက လုံခြုံရေး ဝန်ထမ်း အဖြစ် ဆောင်ရွက်လိုပါက သတ်မှတ်ချက်တွေ နဲ့ အညီ ဝန်ကြီးဌာနကို ခွင့်ပြုချက်လျှောက်ထားရမယ်လို့ ဆိုပါတယ်။
 
ယခုဥပဒေ မတည်မီက ကာကွယ်ရေးဝန်ထမ်းဟောင်းမှ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်း လုပ်ကိုင်ဆောင်ရွက်နေဆဲ ဖြစ်ပါက ဥပဒေတည်သည် နေ့မှ စ၍ ခြောက်လ အတွင်း ဥပဒေနဲ့ အညီ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ကို လျှောက်ထားရမယ်လို့ ဥပဒေပြဌာန်းချက်မှာ ပါရှိပါတယ်။
 
၎င်း ဥပဒေအရ စွဲဆိုတဲ့ ပြစ်မှုတခုခုအတွက် တရားရုံးမှာ စစ်ဆေးနေတုန်း သက်သေခံချက် ဒါမှမဟုတ် ဖော်ပြတဲ့ အကြောင်းတခုခုကို အများကြားသိရင် နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိခိုက်စေမယ်လို့ အကြောင်းပြပြီး အများပြည်သူအားလုံး ဒါမှမဟုတ် တချို့ကို ဖယ်ရှားပေးဖို့ တရားလိုဘက်က လျှောက်ထားရင် အဲဒီလျှောက်ထားချက်အတိုင်း တရားရုံးက အမိန့်ချနိုင်တယ်လို့လည်း ပြဋ္ဌာန်းထားပါသေးတယ်။

Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026