NEWS

စက်သုံးဆီဈေးယခင်ထက် ကျဆင်းလာပေမယ့် အခြေခံ စားသောက်ကုန် ဈေးနှုန်း စံချိန်တင်မြင့်တက်နေ

CoverLogo
596 Views
 
ပြည်တွင်းမှာ လတ်တလော ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ အရေးပါတဲ့ စက်သုံးဆီဈေးဟာ ယခင် ထက်ကျဆင်းလာ ပေမယ့် အခြေခံ စားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကတော့ မြင့်တက်နေရာကနေ ပြန်ပြီး ဈေးနှုန်းကျဆင်းလာတာ မရှိသေးဘူးလို့သိရပါတယ်။
 
အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုန်သည်တွေအနေနဲ့ အခြေခံစားသောက်ကုန်တွေကိုသယ်ယူရောင်းချရာမှာ စက်သုံးဆီဈေးနဲ့ သယ်ယူပို့ဆောင်စရိတ်တွေ ကြီးမားတဲ့အတွက် ဆိုကာ ကုန်စည်တွေကို ဈေးတင်ရောင်းချမှုတွေ ပြုလုပ်လေ့ရှိကြပါတယ်။
 
လတ်တလောမှာ စက်သုံးဆီဈေးဟာ ဓာတ်ဆီ ၉၂ ၁လီတာကို ငွေကျပ်၂၇၅၀ နဲ့ဓာတ်ဆီ၉၅ ၁လီတာကို ငွေကျပ် ၂၈၀၅၊ ဒီဇယ်၁လီတာ ငွေကျပ် ၂၃၂၀ ဈေးတွေဖြစ်ပေါ်နေတာဟာ ယခင်သင်္ကြန်ကာလမတိုင်ခင်ကငွေကျပ် ၃၀၀၀ နဲ့အထက်ဈေးနဲ့ နှိုင်းယှဉ်ပါက ဈေးကျလာတာပါ။
 
" အခုကလေ ကုန်ဈေးနှုန်းက တက်ရင်တော့ဘာအကြောင်းပြ ၊ညာအကြောင်းပြနဲ့ ဆီဈေးတက်လို့ မီးမလာလို့ ဆိုပြီး စုံနေတာပဲ၊ ပြန်ကျဖို့ကတော့ ပစ္စည်းပေါလာလည်း ဒီဈေးပဲ ၊ဒီဈေးထက်တက်မသွားသေးတာပဲ ကျေးဇူးတင်ရမလိုဖြစ်နေတာပါ၊ ဈေးရောင်းသူတွေဘက်ကလည်း သယ်ယူပို့ဆောင်စရိတ်ကြီးလာလို့ အကြောင်းပြချက်ပေးတယ်။သယ်ယူပို့ဆောင်ရေး လုပ်နေတဲ့ ကားသမားတွေ၊ကယ်ရီသမားတွေ ဘက်ကလည်း စက်သုံးဆီဈေးကြီးလို့ အကြောင်းပြကြတယ်။အခုစက်သုံးဈေးကျပြန်လည်း အခြေခံစားကုန်တွေက ဒီအတက်ဈေးနဲ့ပဲ ပြန်ကိုကျမလာဘူး။ ဈေးကွက်သဘောအရ ကုန်ပစ္စည်းက ထုတ်လုပ်မှုများလာလို့ပစ္စည်းပေါရင်ဈေးကျမယ်၊ ပစ္စည်းရှားရင်ဈေးတက်မယ်လို့သိထားပေမယ့် ပစ္စည်းဘယ်လောက်ပဲပေါလာလာ သယ်ယူစရိတ်ကြောင့်ဈေးများတယ်ပဲပြောနေကြတာ၊ အခြေခံစားသောက်ကုန်တွေက ဈေးများပြီး လုပ်ခလစာက တိုးမလာ၊ တက်မလာတဲ့အတွက် ရပ်ကွက်တွေထဲ ဝင်ငွေနည်းမိသားစုတွေ အတော်ကိုအခက်တွေ့ကြပါတယ်"လို့ အင်းစိန်မြို့နယ်က အိမ်ရှင်မတယောက်က ပြောပါတယ်။
 
လတ်တလော အများပြည်သူဝယ်ယူစားသုံးနေတဲ့ဈေးတွေမှာ အခြေခံစားသောက်ကုန်တွေအနေနဲ့ ဆန်တစ်ပြည်ကို အမြင့်ဆုံဈေး ၈၅၀၀ကျပ် မှ အနိမ့်ဆုံးဈေး ၄၀၀၀ ကျပ်အထိရှိနေကာ ဆီဈေးအနေနဲ့ စားအုန်းဆီ ၁ပိဿာ ၁၅၀၀၀ကျပ်၊ ပဲဆီ၁ပိဿာ ၂၁၀၀၀ ကျပ်နဲ့ အခြားဆီဈေးတွေအနေနဲ့၁ပိဿာ ကို ၁၅၀၀၀နဲ့အထက်မှာပဲရှိနေပါတယ်။
 
စားဖိုဆောင်သီးနှံတွေဖြစ်တဲ့ ကြက်သွန်နီ ၁ပိဿာ ကိုအနည်းဆုံး ငွေကျပ်၃၅၀၀ ကနေ ၅၀၀၀ ၊ ကြက်သွန်ဖြူ ၁ပိဿာ ကို အနည်းဆုံးငွေကျပ် ၄၅၀၀ကနေ ၆၅၀၀ နဲ့ အာလူး၁ပိဿာ ငွေကျပ် ၁၀၀၀၀ ကနေ ၁၃၀၀၀ စတဲ့နှုန်းထားတွေ ရပ်ကွက်ဈေးတွေ မှာဖြစ်ပေါ်နေပါတယ်။
 
အသား၊ ငါးနဲ့ ဥ ဈေးတွေ အနေနဲ့ကတော့ ကြက်ဥ ၁လုံး‌ ငွေကျပ်၅၀၀၊ ဘဲဥ‌ ၁လုံး‌ ငွေကျပ်၆၀၀ နဲ့ ကြက်သား ၁ပိဿာ‌ ငွေကျပ် ၁၅၀၀၀၊ ၀က်သား ၁ပိဿာ ငွေကျပ် ၃၀၀၀၀ နဲ့ အမဲသားတစ်ပိဿာ ငွေကျပ်၂၇၀၀၀ ဈေးတွေဖြစ်ပေါ်နေပါတယ်။
 
ဟင်းသီးဟင်းရွက် များအနေနဲ့ ရပ်ကွက်ဈေးများတွင် ဂေါ်ဖီထုပ်များ တစ်ထုပ် ၁၀၀၀ ကျပ်၊ သံပုရာသီးတစ်လုံး ၁၀၀ ကျပ်၊ သံပုယိုသီး တစ်လုံး ၃၅၀ ကျပ်၊ မန်ကျည်းရွက်တစ်ဆယ်သား ၂၀၀၀ ကျပ်၊ ကင်မွန်းချဉ်ရွက် တစ်စည်း ၃၀၀-၄၀၀ ကျပ်၊ ဘူးညွန့်တစ်စည်း ၅၀၀ ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်း ၂၅၀ ကျပ်၊ ရိုးရိုးကန်စွန်းရွက်တစ်စည်း ၃၀၀-၅၀၀ ကျပ်၊ တရုတ်ကန်စွန်းရွက်တစ်စည်း ၇၀၀-၈၀၀ ကျပ်၊ ရုံးပတီသီးတစ်စည်း ၅၀၀ ကျပ်၊ ဒန့်သလွန်သီး တစ်တောင့် ၅၀၀-၁၀၀၀ ကျပ် ၊ ဇရစ်ရိုးတစ်စည်း ၅၀၀ ကျပ်၊ ကိုက်လန်ရွက် တစ်စည်း ၁၂၀၀ ကျပ်၊ ရွှေဖရုံသီးအလုံးသေး တစ်လုံး ၂၀၀၀ ကျပ်၊ ဘူးသီးတစ်လုံး ၃၀၀၀ ကျပ်၊ ကြက်ဟင်းခါးသီးတစ်လုံး ၄၀၀-၅၀၀ ကျပ်၊ သခွားသီးတစ်လုံး ၂၀၀ ကျပ်၊ ပဲသီးရှည် တစ်စည်း ၁၀၀၀ ကျပ်၊ ခဝဲသီးတစ်တောင့် ၁၀၀၀ ကျပ်၊ ခရမ်းသီးတစ်လုံး ၃၀၀-၄၀၀ ကျပ်၊ မာလာဖူး တစ်စည်း ၅၀၀ ကျပ်၊တညင်းသီးတစ်လုံး ၁၀၀ ကျပ်၊ မျှစ်တစ်ဆယ်သား ၃၀၀-၃၅၀ ကျပ်၊ ဂွေးတောက်ရွက်တစ်စည်း ၂၅၀ ကျပ်၊ ဘိုစားပဲသီးတစ်ဆယ်သား ၇၀၀ ကျပ်၊ ရွှေပဲတစ်ဆယ်သား ၁၀၀၀-၁၃၀၀ ကျပ် ၊ ငရုတ်ပွတစ်ဆယ်သား ၁၀၀၀-၁၂၀၀ ကျပ်၊ ငရုတ်သီးစိမ်းတစ်ဆယ်သား ၅၀၀ ကျပ်ဈေးများ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
 
အခြေခံအများပြည်သူ စားသုံးတဲ့ဈေးကွက်ထဲ ယခုဖြစ်ပေါ်နေတဲ့ ဈေးနှုန်းတွေဟာ ယနေ့ခေတ်ရဲ့ လုပ်ခလစာရရှိတဲ့ အခြေအနေနဲ့ ချိန်ဆပါက လောက်ငှမှုမရှိတဲ့ အတွက် အခြေခံလုပ်ခလစာ ၄၈၀၀ကျပ်နဲ့ ထပ်ဆောင်းငွေ ၂၀၀၀ ကျပ်အပါ စုစုပေါင်း အခြေခံလစာ ၆၈၀၀ ကျပ် သတ်မှတ်ထားမှုကို လစာထပ်မံတိုးမြှင့်နိုင်ဖို့ အလုပ်သမားအများစုက လိုလားနေကြပါတယ်။
 
ပြည်တွင်းရဲ့ ဒေါ်လာငွေလဲလှယ်နှုန်းအနေနဲ့လည်း ယနေ့မေလ ၁၇ ရက်မှာ အမေရိကန် ၁ ဒေါ်လာကို ရောင်းဈေးအနေနဲ့ မြန်မာငွေကျပ် ၄၃၅၀ နဲ့ ဝယ်ဈေးအနေနဲ့ မြန်မာငွေကျပ် ၄၄၀၀ နှုန်းဖြစ်ကာ ရွှေဈေးနှုန်းမှာ ၁ကျပ်သားကို မြန်မာငွေကျပ် ၇၅ သိန်း ၁ သောင်း ဈေး‌တွေ သတ်မှတ်ထားကြောင်းသိရှိရပါတယ်။

Related posts

Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026