ARTICLE

အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ

CoverLogo
49 Views

သင့်အနေနဲ့  အပြည်ပြည်ဆိုင်ရာ အလုပ်သမားအခွင့်အရေးစံနှုန်း တွေက အကြိုက်ဆုံး တခုကို ရွေးချယ်ကြည့်မယ်ဆိုပါစို့။

သင်ရွေးချယ်မယ့်အချက်က မည်သည့်အလုပ်သမားအခွင့်အရေးစံနှုန်းမျိုးဖြစ်ပါစေ။
 
အဲ့ဒီအချက်က မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင်တွေမှာ တစ်နည်းနည်းနဲ့ချိုးဖောက်ခံနေရပါတယ်။ 

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO က ချမှတ်ထားတဲ့ အလုပ်သမားအခွင့်အရေးစံနှုန်းတွေလိုပဲ  မြန်မာအလုပ်သမားဥပဒေပြဌာန်းချက်တွေလည်း အလားတူပဲ ချိုးဖောက်ခံနေရပါတယ်။ 

လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စုပေါင်းညှိနှိုင်းခွင့် (Freedom of Association)၊ 
အဓမ္မခိုင်းစေမှု ပပျောက်ရေး (Elimination of Forced Labour)၊ 
ကလေးအလုပ်သမား ပပျောက်ရေး (Abolition of Child Labour)၊ 
ခွဲခြားဆက်ဆံမှု ကင်းစင်ရေး (Elimination of Discrimination)၊ 
ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Occupational Safety and Health)၊ 
သင့်တင့်လျောက်ပတ်သော အလုပ်လုပ်ချိန် ၊ 
သင့်တင့်သော လုပ်ခလစာ

စတဲ့ အပြည်ပြည်ဆိုင်ရာ စံနှုန်း အလုပ်သမားအခွင့်အရေးတွေဟာ  အလုပ်သမားတိုင်းရသင့်တဲ့ တရားမျှတမှုတွေပဲဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဘာကြောင့် အလုပ်သမားအခွင့်အရေးစံနှုန်းတွေ ချိုးဖောက်ခံနေရတာလဲ။ 

*နိုင်ငံရေးမတည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းက အဓိက အကျဆုံး အကြောင်းရင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲတွေကြောင့် တရားဥပဒေစိုးမိုးမှု အားနည်းသွားပါတယ်။ 

*အလုပ်သမားဥပဒေတွေကို စောင့်ကြည့်ကြပ်မတ်ရမယ့် အစိုးရယန္တရားတွေဟာ ထိရောက်စွာ အလုပ်မလုပ်နိုင်တော့သလို၊ အလုပ်ရှင်တွေအပေါ် အရေးယူနိုင်မှုလည်း လျော့နည်းသွားပါတယ်။

*အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးတဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေ ဖမ်းဆီးခံရတာ၊ တိမ်းရှောင်နေရတာတွေကြောင့် လုပ်ငန်းခွင်အတွင်း စုပေါင်းတောင်းဆိုနိုင်စွမ်း (Collective Bargaining) အားနည်းသွားပါတယ်။ 

*အကာအကွယ်ပေးမယ့်သူ မရှိတဲ့အခါ အလုပ်ရှင်တွေက အခွင့်အရေး ချိုးဖောက်ဖို့ ပိုလွယ်ကူသွားပါတယ်။

*ဒါတင်မကဘဲ Yellow Union လို့ ခေါ်တဲ့ အလုပ်ရှင်ဘက်က ဖွဲ့စည်းပေးထားတဲ့ သမဂ္ဂတွေဖွဲ့စည်းတာ ၊ လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီကို အလုပ်ရှင်ဘက်က တဖက်သက်ဖွဲ့စည်းတာတွေဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းကြောင့် အလုပ်သမား_အလုပ်ရှင် ညှိနှိုင်းရေး ယန္တရားရဲ့ အောက်ဆုံး အဆင့်မှာတင် အလုပ်သမားအခွင့်အရေး တခန်းရပ်သွားနိုင်ပါတယ်။ 

*နောက်ထပ် စီးပွားရေးကျပ်တည်းမှုနဲ့  အလုပ်အကိုင် ရှားပါးမှုကလည်း အရေးကြီးတဲ့ အကြောင်းရင်ဖြစ်ပါတယ်။ ကုန်ဈေးနှုန်းတက်ခြင်းနဲ့ စီးပွားရေးကျဆင်းမှုကြောင့် အလုပ်အကိုင် အလွန်ရှားပါးနေပါတယ်။ 

"အလုပ်ပြုတ်ရင် နောက်အလုပ်ရှာဖို့ မလွယ်ဘူး" ဆိုတဲ့ ကြောက်စိတ်ကြောင့် အလုပ်သမားတွေဟာ ခေါင်းပုံဖြတ်ခံရတာ၊ အချိန်ပို (OT) အလကားဆင်းရတာတွေကို ငြိမ်ခံနေကြရပါတယ်။ 

*အလုပ်ရှင်တွေကလည်း "မလုပ်ချင်ရင် ထွက်သွား၊ လုပ်မယ့်သူ တန်းစီနေတာပဲ" ဆိုတဲ့ သဘောထားမျိုး ကျင့်သုံးလာကြပါတယ်။သာမန်အငြင်းပွားမှုဖြစ်စဉ်တွေကို အလုပ်ထုတ်တဲ့နည်းနဲ့သာ ဖြေရှင်းကြပါတယ်။ 

*အလုပ်သမားအရေး အရပ်ဖက်အဖွဲ့အစည်းတွေ အသင်းအဖွဲ့တွေရဲ့ တည်ရှိမှုကို ပိတ်ပင်ထားတာကြောင့် အလုပ်သမားအခွင့်အရေး လွတ်လပ်စွာ အသိပညာပေးနိုင်မှုအားနည်းလာတာကြောင့် အလုပ်သမား အတော်များများဟာ မိမိတို့ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေ (ဥပမာ - ခွင့်ရက်၊ အချိန်ပိုကြေး တွက်ချက်ပုံ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး) ကို သေချာစွာ နားမလည်ကြပါဘူး။ 

*ဒီလို အားနည်းချက်ကို အလုပ်ရှင်အချို့က အခွင့်ကောင်းယူကြပါတယ်။

*ဒါ့အပြင် အလုပ်သမားစစ်ဆေးရေး အရာရှိအချို့နဲ့ အလုပ်ရှင်တွေကြားမှာ အဂတိလိုက်စားမှုတွေ ရှိနေပါတယ်။ လုပ်ငန်းခွင်အတွင်း ချိုးဖောက်မှုတွေကို စစ်ဆေးတွေ့ရှိပေမယ့်လည်း ငွေပေးပြီး ညှိနှိုင်းလိုက်တဲ့အခါ အလုပ်သမားတွေပဲ နစ်နာကျန်ရစ်ခဲ့ပါတယ်။

*အရင်က နိုင်ငံတကာ အမှတ်တံဆိပ် (Brands) ကြီးတွေဟာ သူတို့ရဲ့ ကုန်ချောထုတ်လုပ်တဲ့ စက်ရုံတွေကို လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ စောင့်ကြည့်လေ့လာလေ့ရှိပါတယ်။ 

*အခုအခါမှာ Brands တော်တော်များများ မြန်မာနိုင်ငံက ထွက်ခွာသွားတာကြောင့် နိုင်ငံတကာအဆင့်မီ စောင့်ကြည့်စစ်ဆေးမှု (Audit) တွေ အားနည်းသွားပါတယ်။ဒီအခါမှာ အလုပ်သမားအခွင့်အရေးဆိုတာ မရှိသလောက်ဖြစ်လာတာပါ။ 


*လက်ရှိ သတ်မှတ်ထားတဲ့ အနည်းဆုံးအခကြေးငွေဟာ ကုန်ဈေးနှုန်းနဲ့ မကိုက်ညီတော့ပါဘူး။ အခြေခံလစာနဲ့ မလောက်ငတဲ့အခါ အလုပ်သမားတွေဟာ အချိန်ပို (OT) တွေကို ကျန်းမာရေးထိခိုက်မယ့်အထိ ဖိလုပ်ကြရပြီး ဒါကိုပဲ အလုပ်ရှင်တွေက အမြတ်ထုတ် အလုပ်ခိုင်းစေမှုတွေ ရှိလာပါတယ်။


*အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ် (EC Contract) တွေကို အလုပ်သမားတွေ သေချာနားမလည်ဘဲ လက်မှတ်ထိုးရတာ ဒါမှမဟုတ် စာချုပ်ပါ အချက်အလက်တွေကို အလုပ်ရှင်က တစ်ဖက်သတ် ပြောင်းလဲတာမျိုးတွေ ရှိနေပါတယ်။

*အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးမယ့် "အားကောင်းတဲ့ ဥပဒေစိုးမိုးမှု" နဲ့ "လွတ်လပ်တဲ့ အလုပ်သမားအဖွဲ့အစည်းတွေ " မရှိခြင်းဟာ ချိုးဖောက်မှုတွေ ဆက်တိုက်ဖြစ်နေရတဲ့ အဓိက အကြောင်းရင်းပဲ ဖြစ်ပါတယ်။ အလုပ်သမားဟာ ကုန်ထုတ်လုပ်မှုရဲ့ အဓိက အင်အားစုဖြစ်ပေမယ့် လက်ရှိ အခြေအနေမှာတော့ အားအနည်းဆုံး အစုအဖွဲ့ ဖြစ်နေရပါတယ်။

"အလုပ်သမားတွေရဲ့ တိုင်ကြားစာကို ပြေလည်အောင် ဖြေရှင်းပေးတာ မရှိသလောက်ဖြစ်သွားပြီ"လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် ( မြန်မာ) STUM က ထောက်ပြထားသလို  ဥပဒေ စည်းကြပ်ဌာနတွေက ဥပဒေချိုးဖောက်မှုတွေကို အရေးယူတာမရှိသလောက်ဖြစ်သွားတယ်လို့ LHEO တာဝန်ရှိသူက ပြောပါတယ်။ 

မေဒေးနေ့တောင်းဆိုချက်များ

၂၀၂၆ ခုနှစ်မှာ ကျရောက်တဲ့ မေဒေးနေ့မှာ မြန်မာနိုင်ငံက လုပ်သားတွေအနေနဲ့ အဓိကတောင်းဆိုနေတဲ့အချက်တွေထဲက အရေးအကြီးဆုံးကတော့ အနည်းဆုံးလုပ်ခတိုးမြှင့်ရေးပဲဖြစ်ပါတယ်။ 

လက်ရှိမှာ အနည်းဆုံးလုပ်ခက ( ကျပ် ၄၈၀၀ ) နှစ်ဒေါ်လာခွဲ ဖြစ်ပါတယ်။ 

အနည်းဆုံးလုပ်ခ ကျပ် ၄၈၀၀ ကို အပိုထောက်ပံ့ကြေးခေါင်းစဉ်နဲ့ ၁၀၀၀ ကျပ်စီ ၃ ကြိမ်တိုးပေးထားပေမယ့် အချိန်ပိုလုပ်အားခတွက်ချက်ရာမှာ ၄၈၀၀ ကျပ်နဲ့သာ အလုပ်သမားတွေရရှိနေတာပါ။ 

ဒါကြောင့်လည်း ပြည်တွင်းက CMP စနစ်အထည်ချုပ်လုပ်ငန်းခွင်တွေမှာ လုပ်ခအပြင် ရက်မှန်ကြေး၊ နှစ်ကြေးနဲ့ အခြားတိုင်တွေနဲ့ ပေးချေကြသလို အလုပ်ရှင်ဘက်က ပေးသလောက်ယူ အနေအထားမျိုးနဲ့ လုပ်ကိုင်နေကြရပါတယ်။ 

ဒီထက်ဆိုးရွာတဲ့ချိုးဖောက်မှုတွေက EC စာချုပ်မရှိတာ၊ ပိတ်ရက် ၊ ခွင့်ခံစားခွင့်၊ လူမှုဖူလုံရေးခံစားခွင့်မရှိတာနဲ့ အလုပ်အကိုင်အာမခံချက်မရှိတာတွေဖြစ်ပါတယ်။ 

နှိုင်းယှဉ်မယ်ဆိုပါက အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ အနည်းဆုံးလုပ်ခက ၁၂ ဒေါ်လာခွဲဝန်းကျင် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖူလုံမှုမပေးစွမ်းနိုင်တဲ့ ပြည်တွင်းလုပ်ငန်းခွင်တွေထက် ပြည်ပလုပ်ငန်းခွင်ကို ရရာနည်းလမ်းနဲ့ ရွှေ့ပြောင်း ထွက်ခွာလုပ်ကိုင်နေကြရပါတယ်။

" ဒေးကြေး တရက် ၉၀၀၀၊ အိုတီတနာရီ ၁၂၀၀( တရက် ၃ နာခွဲရီလုပ်ရ)၊ ရက်မှန်ကြေး ၃၀၀၀၀၊ တစ်လကို ၅သိန်းနဲ့ ၆ သိန်းဝန်းကျင်ပဲရတယ်၊ လခထုတ်တာနဲ့ အကုန်ပြောင်ရော" လို့ စက်မှုဇုန် အထည်ချုပ် လုပ်ငန်းခွင်က လုပ်သားတစ်ဦးကပြောပါတယ်။ 

သူ့ရဲ့ လုပ်အားခအပြည့်အဝရဖို့အတွက် တရက်ကို အလုပ်ချိန် ၁၂ နာရီ အသားတင်လုပ်ကိုင်ရပါတယ်။ တရက်ပျက်တာနဲ့ ရက်မှန်ကြေး ၃၀၀၀၀ ထဲက  တဝက်အလျှော့ခံရပါတယ်။ 

တရက်မှာ ၁၂ နာရီကျော် အလုပ်လုပ်ကိုင်နေရပေမယ့် မိသားစုက ၈ ပေပတ်လည် အခန်းကျဉ်းလေးကို ဝေမျှသုံးစွဲနေရပါတယ်။ လမှနှစ်တွေကူးပြောင်း၊ ရာသီဥတုတွေ အထပ်ထပ်ပြောင်းသွားကာ မေဒေးတွေ တနှစ်ပြီး တစ်နှစ် ဖြတ်ကျော်ခဲ့ပေမယ့် အနာဂတ်မျှော်လင့်ချက်က ဝေဝေဝါးဝါးနဲ့ပါ။

အခုလို အစိုးရအဆက်ဆက် အမေ့လျှော့ခံ "အခကြေးငွေသတ်မှတ်ရေး"ဟာ အခြေခံအကျဆုံးလက်လုပ်လက်စား အလုပ်သမားမိသားစုတွေအတွက် "အသက်ရှင်သန်ရေး" ဖြစ်နေပါပြီ။

ကျရိပ်မရှိ တက်ရိပ်သာပြနေသော ကုန်ဈေးနှုန်းကို ထိန်းချုပ်ဖို့နဲ့ လုပ်ခတိုးမြှင့်သတ်မှတ်ရေးဟာ အလုပ်သမားကဏ္ဍတည်ငြိမ်ရေးအတွက် အရေးအကြီးဆုံးသော အခိုက်အတန့်ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

လျစ်လျှူရှု့ခြင်းအန္တရာယ်

လုပ်ခလစာ မလုံလောက်တာ အခွင့်အရေး ချိုးဖောက်ခံရတာနဲ့  အကာအကွယ်ကင်းမဲ့မှုတွေ ကြောင့် အလုပ်သမားအရေးကဏ္ဍမှာ ကျရှုံးမှုဖြစ်သွားရင် အကျိုးဆက်ဟာ အလုပ်သမားတစ်ဦးချင်းစီတင်မကဘဲ တစ်နိုင်ငံလုံးရဲ့ လူမှုစီးပွားစနစ်တစ်ခုလုံးကို ရိုက်ခတ်သွားနိုင်ပါတယ်။

အဓိက ထိခိုက်နိုင်တဲ့ အချက်ကတော့ လူမှုရေးဆိုင်ရာ ထိခိုက်မှု ဆင်းရဲနွမ်းပါးမှုပါ။ ခြေခံလုပ်ခလစာက ကုန်ဈေးနှုန်းကို မမီတဲ့အခါ အလုပ်သမားတွေဟာ အကြွေးသံသရာထဲ ရောက်သွားပြီး အာဟာရချို့တဲ့မှုနဲ့ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရပါတယ်။

ပညာရေး အခွင့်အလမ်း ဆုံးရှုံးမှု၊  မိဘတွေရဲ့ ဝင်ငွေမလုံလောက်မှုကြောင့် ကလေးသူငယ်တွေဟာ ကျောင်းထွက်ပြီး အလုပ်ခွင်ထဲ စောစီးစွာ ဝင်ရောက်ရတဲ့ "ကလေးအလုပ်သမား" (Child Labour) ပြဿနာတွေ ပိုမိုဆိုးရွားလာနိုင်ပါတယ်။

လူဦးရေအများစုဖြစ်တဲ့ အလုပ်သမားထုမှာ ငွေမရှိရင် ပြည်တွင်းမှာရှိတဲ့ တခြားကုန်သည်တွေ၊ လုပ်ငန်းရှင်တွေရဲ့ ကုန်စည်တွေကို ဝယ်ယူမယ့်သူ မရှိတော့ဘဲ စီးပွားရေးတစ်ရပ်လုံး အေးခဲသွားနိုင်ပါတယ်။

ကုန်ထုတ်လုပ်မှုစွမ်းအား ကျဆင်းကာ စိတ်မပျော်ရွှင်တဲ့၊ ကျန်းမာရေးမကောင်းတဲ့ အလုပ်သမားတွေဆီကနေ အရည်အသွေးရှိတဲ့ ထုတ်ကုန်တွေ မရနိုင်တော့တဲ့အတွက် လုပ်ငန်းရှင်တွေပါ ရေရှည်မှာ ဆုံးရှုံးမှုဖြစ်လာနိုင်ပါတယ်။

လူသားအရင်းအမြစ် ဆုံးရှုံးမှု အနေနဲ့ ပြည်တွင်းမှာ အလုပ်သမားအခွင့်အရေးနဲ့ လုပ်ခလစာ ကျရှုံးနေရင် ကျွမ်းကျင်လုပ်သားတွေဟာ ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာကြပါတယ်။ ဒါဟာ နိုင်ငံအတွက် "ဦးနှောက်ယိုစီးမှု" ဖြစ်စေပြီး နောင်တစ်ချိန် နိုင်ငံပြန်လည်ထူထောင်ရေးလုပ်တဲ့အခါ လုပ်သားအင်အား အခက်အခဲကြီးစွာ ကြုံရနိုင်ပါတယ်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ များလာရင် နိုင်ငံတကာက ပေးထားတဲ့ GSP (အခွန်ကင်းလွတ်ခွင့်) လိုမျိုး အခွင့်အရေးတွေ ရုပ်သိမ်းခံရနိုင်ပါတယ်။

တာဝန်ယူမှုရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ (Responsible Investors) တွေဟာ အလုပ်သမားအရေး နာမည်ပျက်ရှိတဲ့ နိုင်ငံမျိုးမှာ ရင်းနှီးမြှုပ်နှံဖို့ ဝန်လေးသွားကြပါတယ်။

နောက်ဆုံးအနေနဲ့  အလုပ်သမားထုကြားမှာ မကျေနပ်မှုတွေ စုပုံလာတဲ့အခါ ဆန္ဒပြမှုတွေ၊ အလုပ်ပိတ်ဆို့မှုတွေကနေတစ်ဆင့် လူမှုရေး မငြိမ်မသက်မှုတွေ ဖြစ်ပွားနိုင်ပြီး ဒါဟာ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုကိုပါ တိုက်ရိုက်ထိခိုက်စေပါတယ်။

အလုပ်သမားအရေးကဏ္ဍကို နိုင်ငံတကာ ရှု့ထောင့်မှ ခြုံငုံသုံးသပ်ခြင်း 

(၁)စစ်တပ် အာဏာသိမ်းခြင်းနှင့် အာဆီယံဘုံသဘောတူညီချက်များ
 
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အရပ်သားအစိုးရကနေ ရွေးကောက်ခံအစိုးရသစ်ထံ အာဏာလွှဲပေးခြင်းကို ခွင့်မပြုဘဲ ကာကွယ်ရေးဦးစီးချုပ် ( ယခု စစ်အစိုးရ ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်) ဦးဆောင်တဲ့ စစ်ခေါင်းဆောင်တွေက အာဏာသိမ်းခဲ့ပါတယ်။ 

ဒီနောက်မှာ အာဏာသိမ်းဆန့်ကျင်ရေး နွေဦးတော်လှန်ရေးပေါ်ပေါက်ခဲ့ပြီး ပြည်တွင်း စစ်မီးဟာ အရှိန်အဟုန်နဲ့ လောင်ကျွမ်းခဲ့ပါတယ်။ 

ဒီလို ပဋိပက္ခတွေဖြစ်ပေါ်နေတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများရပ်တန့်ရေး၊ အပြုသဘောဆောင်သောဆွေးနွေးပွဲများစတင်ရေး၊ အာဆီယံအထူးသံတမန်ခန့်အပ်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးအပ်ရေးနဲ့ အထူးသံတမန် မြန်မာနိုင်ငံသို့ သွားရောက်ရေး စတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ပေးခဲ့ပါတယ်။ 

အဲ့ဒီဘုံသဘောတူညီချက်တွေကို အခု ၅ နှစ်ပြည့်ချိန်ထိ ထိထိရောက်ရောက် ဖြေရှင်းနိုင်ခဲ့ခြင်းမရှိပါဘူး။

စစ်အစိုးရအနေနဲ့  နွေဦးတော်လှန်ရေးက ထွက်ပေါ်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုခြင်းမရှိသလို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခြင်းလဲမရှိပါဘူး။ ဒါ့အပြင် အရပ်သားပြည်သူတွေကို အကြမ်းဖက်ကာ လေယာဉ်နဲ့ ဗုံးကျဲသတ်ဖြတ်တာတွေ နေ့စဉ်လုပ်ဆောင်နေပါတယ်။ 

(၂)ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ

နိုင်ငံပေါင်းချုပ်အသင်းဖြစ်တဲ့ ကုလသမဂ္ဂ UN ရဲ့ အထွေထွေညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကိုယ်စားပြု ထိုင်ခုံအတွက် လက်ရှိအချိန်အထိ သံအမတ် ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ထားရှိပါတယ်။ နောက်ပြီး အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖိို့ ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ 

မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု့တားဆီးရေး ၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားရေး တိုက်တွန်းချက်ထုတ်ပြန်ထားသလို မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားတွေ စုဆောင်းကာ  နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC/ICJ) မှာ အသုံးပြုရန် IIMM ကဲ့သို့ သီးခြားလွတ်လပ်သော ယန္တရားတစ်ခုကို ဖွဲ့စည်းပေးထားပါတယ်။ 

မေလ ၂၀၂၆ ထဲမှာ ကုလသမဂ္ဂရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ ဂျူလီဘစ်ရှော့ (Ms. Julie Bishop) လာရောက်ကာ စစ်အစိုးရနဲ့ တွေ့ဆုံခဲ့ပြီး  ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေလွှတ်ပေးဖို့ နဲ့ မြန်မာ့အကျပ်အတည်း ကိစ္စအတွက်  ဆွေးနွေးမှုရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ သံတမန်ရေးရာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ခြင်းနဲ့ ကယ်ဆယ်ရေး လုပ်ငန်းအထောက်အပံ့တွေလုပ်ပေးနေပေမယ့် ထိရောက်မှုမရှိတာကို တွေ့မြင်ရပါတယ်။ 

(၃) ဥရောပသမဂ္ဂရဲ့ အခန်းကဏ္ဍ
 
စစ်ကောင်စီဝင်များ၊ အဆင့်မြင့်အရာရှိကြီးများနဲ့  ဆက်စပ်နေသော ကုမ္ပဏီ (ဥပမာ - MEC, MEHL...) တွေ ကို EU အတွင်း ပိုင်ဆိုင်မှုများ ချိတ်ပိတ်ခြင်း၊ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများချမှတ်ခြင်းနဲ့  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူပိတ်ဆို့ထားပါတယ်။ 

စစ်ကောင်စီ အစိုးရကို အသိအမှတ်မပြုဘဲ EU လွှတ်တော် (European Parliament) မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာပြည်သူတွေရဲ့  တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ 

EU အနေနဲ့  မြန်မာနိုင်ငံကို ပေးထားတဲ့  EBA (Everything But Arms) အခွန်ကင်းလွတ်ခွင့်ကို ရုပ်သိမ်းရန် သုံးသပ်မှုတွေရှိပေမယ့်  လက်ရှိမှာ  "အလုပ်သမားအခွင့်အရေး" ( အလုပ်သမားတွေ အလုပ်ပြုတ်သွားနိုင်သည်ဟုဆိုကာ ) အခြေအနေများကို စောင့်ကြည့်ရန် မြန်မာနိုင်ငံသို့ ပုံမှန် လာရောက်စစ်ဆေးမှုများ ပြုလုပ်နေပါတယ်။

ဥရောပ သမဂ္ဂအနေနဲ့ မြန်မာ့အရေးမှာ စီးပွားရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အရေးယူမှု၊ သံတမန်အရေးအရ အသိအမှတ်မပြုမှု၊ လူသားချင်းစာနာမှုအထောက်အထားများပေးအပ်မှု၊ IIMM အတွက် အထောက်အပံ့ပေးမှုတွေရှိပေမယ့် ကုလသမဂ္ဂလိုပဲ ထိရောက်စွာ အကူအညီပေးနိုင်ခြင်းတော့မရှိသေးတာတွေ့ရပါတယ်။ 

(၄) ILO (အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်)

ILO က ကုလသမဂ္ဂရဲ့ လက်အောက် အဖွဲ့အစည်းတစ်ခုဖြစ်ပေမယ့် ( အစိုးရ၊ အလုပ်ရှင် ၊ အလုပ်သမား )အစုအဖွဲ့တွေ ပါဝင်ပြီး  လွတ်လပ်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ပါတယ်။ 
 
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ (Article 33) အရ 

ILO အုပ်ချုပ်မှုအဖွဲ့က အဖွဲ့ဝင်နိုင်ငံအားလုံး၊ အလုပ်ရှင်အဖွဲ့အစည်းများနဲ့ အလုပ်သမားအဖွဲ့အစည်းများကို အောက်ပါအတိုင်း လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ် -

မြန်မာနိုင်ငံနဲ့ ရှိနေတဲ့ ဆက်ဆံရေးတွေကို ပြန်လည်ဆန်းစစ်ပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို အားပေးအားမြှောက် မဖြစ်စေဖို့ တိုက်တွန်းခြင်း။

မြန်မာအစိုးရထံ တိုက်ရိုက်ရောက်ရှိမယ့် နည်းပညာ အကူအညီနဲ့ ရန်ပုံငွေတွေကို ရပ်ဆိုင်းထားရန်။ (လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မပါဝင်ပါ။)

ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ တခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေ (ဥပမာ- ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO) ကို မြန်မာနိုင်ငံရဲ့ အလုပ်သမားရေးရာ အခြေအနေတွေအပေါ် အလေးထား စဉ်းစားပြီး လိုအပ်သလို အရေးယူမှုတွေ ပေါင်းစပ်လုပ်ဆောင်ဖို့ ILO က တရားဝင် အကြောင်းကြားစာများ ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေကို ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးတိုင်းမှာ (တစ်နှစ် ၃ ကြိမ်ခန့်) ပုံမှန် အစီအစဉ်တစ်ရပ်အနေနဲ့ ထည့်သွင်းဆွေးနွေးပြီး တိုးတက်မှု ရှိ၊ မရှိ စောင့်ကြည့်နေပါတယ်။ 

စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပေးထားပြီး အကယ်၍ အခြေအနေ ပိုမိုဆိုးရွားလာပါက ပိုမိုတင်းကျပ်တဲ့ တားမြစ်ချက်တွေ ချမှတ်ဖို့ ပြင်ဆင်ထားပါတယ်။

နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းဖြစ်တဲ့ FATF (Financial Action Task Force) က မြန်မာနိုင်ငံကို "အမည်ပျက်စာရင်း" (Blacklist) သွင်းထားခြင်းဖြင့် နိုင်ငံတကာ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို အကြီးအကျယ် အကျပ်ရိုက်စေပါတယ်။ ဒါဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မဝင်ရဲအောင် တားဆီးထားတဲ့ အဓိက အချက်တစ်ခုလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ တရားစီရင်ရေး အဖွဲ့အစည်းများဖြစ်တဲ့ ICJ (International Court of Justice) မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ဖောက်ဖျက်မှုရှိ၊ မရှိ စစ်ဆေးနေပါတယ်။

ICC (International Criminal Court) မှလည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တရားစွဲဆိုနိုင်ရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်များနှင့် ကုမ္ပဏီများ (Brands & Multi-nationals) အနေနဲ့ 
နိုင်ငံတကာ အထည်ချုပ်အမှတ်တံဆိပ်ကြီးတွေ (ဥပမာ - H&M, Inditex/Zara) စုပေါင်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုရှိရင် အော်ဒါ (Order) ဖြတ်တောက်တာ ဒါမှမဟုတ် နိုင်ငံအတွင်းကနေ ထွက်ခွာသွားတာမျိုးတွေနဲ့ ဖိအားပေးပါတယ်။

အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် သမဂ္ဂများ (CSOs & ITUC)
ITUC (International Trade Union Confederation) ကမ္ဘာ့အကြီးဆုံး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကြီးဟာ မြန်မာနိုင်ငံက အလုပ်သမားသမဂ္ဂတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံတကာမှာ မြန်မာ့အရေးကို အဆက်မပြတ် လှုံ့ဆော် (Advocacy) ပေးနေပါတယ်။

ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM စတဲ့ အလုပ်သမားအရေးလှုပ်ရှားသည့်အဖွဲ့ချုပ်များဦးဆောင်ပြီး မြန်မာနိုင်ငံမှာ  အလုပ်သမားသမဂ္ဂတွေလွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ကစလို့ လုပ်ငန်းခွင်ဆိုင်ရာ အဓမ္မခိုင်းစေမှုပပျောက်ရေး၊ အဓမ္မစစ်မှုထမ်းခေါ်ဆောင်မှု ရပ်တန့်ရေး၊  ဖူလုံသော လုပ်ခရရှိရေးကစပြီး စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ရေး ကြိုးပမ်းချက်တွေ အင်တိုက်အားတိုက် ရှိနေပါတယ်။ 

အထက်ပါ အခြေအနေတွေကို ကြည့်မယ်ဆိုပါက ပြည်တွင်း တော်လှန်ရေးအင်အားစုတွေ ၊ အရှေ့တောင် အာရှမှ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့အထိ မြန်မာ့အရေး ပြုပြင်ပြောင်းလဲရေးအတွက် စောင့်ကြည့်မှုတွေ တိုက်တွန်းချက်တွေနဲ့ အရေးယူရန် ပြင်ဆင်မှုတွေ ပြုလုပ်နေတာကို တွေ့ရမှာပါ။ 

ဒီလို နိုင်ငံတကာ ဖိအားတွေရှိပေမယ့် ပြည်တွင်းက အလုပ်သမားပြည်သူတွေအတွက် တကယ်ပဲ "အကာအကွယ်" ဖြစ်စေသလား၊ ဒါမှမဟုတ် စီးပွားရေး ကျဆင်းမှုကြောင့် "ဝန်ထုပ်ဝန်ပိုး" ဖြစ်စေသလားဆိုတာကတော့ မေဒေးနေ့ အလုပ်သမားတောင်းဆိုချက်တွေအပေါ်မှာ မြင်ရနိုင်ပါတယ်။ 

မြန်မာနိုင်ငံအထွေထွေလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အနေနဲ့ အလုပ်သမားတွေအတွက် အိုတီမပါ အနိမ့်ဆုံးလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် အဓိကထားတောင်းဆိုထားပါတယ်။ 

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS_TUsF အနေနဲ့လည်း အနည်းဆုံးအခကြေးငွေကို ၁၅၆၀၀ ကျပ်အဖြစ်တိုးမြှင့်ပေးဖို့ တောင်းဆိုတယ်လို့ ဖော်ပြသလို သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် ( မြန်မာ) အနေဖြင့် ကုန်ဈေးနှုန်းနှင့် လျော်ညီသော လုပ်ခလစာရရှိရေး၊ လုပ်ငန်းခွင်အတွင်း ခေါင်းပုံဖြတ်ခြင်း ဖိနှိပ်ခြင်းများ အဆုံးသတ်ရေးနှင့် လွတ်လပ်သောသမဂ္ဂများဖွဲ့စည်းခွင့်ပေးရေး တို့ အတွက် တိုက်တွန်းတောင်းဆိုထားပါတယ်။ 

ဘာကြောင့်မပြေလည်နိုင်တာလဲ။ 

မြန်မာနိုင်ငံကို တိုက်ရိုက်လက်နက်တင်ပို့မှုအပြင် လေယာဉ်ဆီ (Aviation Fuel) နဲ့ လက်နက်ထုတ်လုပ်ရာမှာ သုံးတဲ့ စက်ပစ္စည်း (Dual-use goods) တွေ စီးဝင်နေတာကို တားဆီးဖို့ UN ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က အမြဲတမ်း အစီရင်ခံစာ တင်ပြနေပါတယ်။

ဒါပေမယ့် အိမ်နီးချင်းနိုင်ငံအချို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံတွေဆီကနေ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဆက်လက် စီးဝင်နေဆဲ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDFs) နှင့် မြန်မာစစ်တပ်တို့အကြား နယ်မြေစိုးမိုးမှု တိုက်ပွဲတွေက နိုင်ငံတစ်ဝန်း ပြန့်နှံ့နေပါတယ်။

အဖွဲ့အစည်းတိုင်းမှာ ကိုယ်ပိုင် နိုင်ငံရေး ရည်မှန်းချက်နဲ့ လိုလားချက်တွေ ရှိနေတဲ့အတွက် အားလုံးသဘောတူညီတဲ့ ဘုံသဘောတူညီချက် အဖြေတစ်ခု ထွက်လာဖို့ဆိုတာ အလွန်ပဲ ခက်ခဲနေပါတယ်။

အနောက်နိုင်ငံတွေက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အခြေခံပြီး ဖိအားပေးနေချိန်မှာ၊ ဒေသတွင်း အင်အားကြီးနိုင်ငံအချို့ကတော့ "တည်ငြိမ်ရေး" ကို ပိုဦးစားပေးပြီး လက်တွေ့ကျတဲ့ ဆက်ဆံရေး (Pragmatic approach) ကို လည်း ကျင့်သုံးကြပါတယ်။

ဒီလို နိုင်ငံတကာ သဘောထား မညီညွတ်မှုကလည်း  ပြည်တွင်းက အစုအဖွဲ့တွေအတွက် ဆက်လက် တိုက်ပွဲဝင်ဖို့ အခွင့်အလမ်းဖြစ်နေဆဲပါ။ 

အလုပ်သမားပြည်သူတွေ ခံနိုင်ရည်စွမ်းရှိသေးလား။

မြန်မာပြည်သူလူထုတွေ ရဲ့ အမှောင်နေ့ရက်တွေထဲကနေ ရေတွက်ခဲ့ရတဲ့ မေဒေးနေ့ဟာ ဒီတကြိမ်နဲ့ဆိုရင် ၆ ကြိမ် မြောက်ဖြစ်ပါတယ်။ 

ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုနဲ့ ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် ပြည်သူတွေဟာ "စုဆောင်းထားသမျှ" ကို ထုတ်သုံးပြီးပြီဖြစ်သလို၊ အခုဆိုရင် အခြေခံစားဝတ်နေရေးအတွက်ပါ ရုန်းကန်နေရပါတယ်။

ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွေဟာ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေပါပြီ။

အလုပ်သမားထုအတွက် တစ်ရက် ၇,၈၀၀ ကျပ်ဆိုတာဟာ ရှင်သန်ဖို့ မလုံလောက်တော့တဲ့အတွက် စီးပွားရေးအရ ခံနိုင်ရည်အားဟာ တဖြည်းဖြည်းနဲ့ "ကုန်ခမ်းလာနေပြီ" လို့ ပြောလို့ရပါတယ်။

နှစ်ရှည်လများ ကြုံတွေ့နေရတဲ့ မသေချာ မရေရာမှု ကြောင့် ပြည်သူတွေကြားမှာ "စိတ်ပင်ပန်းနွမ်းနယ်မှု"  တွေ အကြီးအကျယ် ဖြစ်နေပါတယ်။

အနာဂတ်အတွက် မျှော်လင့်ချက် မှုန်ဝါးနေတာက စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အားကို အဓိက တိုက်စားနေတဲ့ အချက်ပါ။

အစိုးရ ဒါမှမဟုတ် အဖွဲ့အစည်းတွေဆီက အကူအညီ နည်းပါးနေပြီး  ပြည်သူအချင်းချင်း ရိုင်းပင်းကူညီကြတဲ့ (Charity/Community Support) ယဉ်ကျေးမှုရှိပေမယ့် မဖြစ်စလောက်နည်းပါးနေပါတယ်။ 

အလုပ်သမားပြည်သူတွေရဲ့ ခံနိုင်ရည်အားဟာ "ခံနိုင်ရည်ရှိလို့ထက် "တခြား ရွေးချယ်စရာ လမ်းမရှိလို့ အောင့်အည်း ကြိတ်မှိတ်သည်းခံနေရတာ" (Forced Resilience) မျိုး ဖြစ်နေတာပါ။ 

ဒီအချိန်မှာ ငတ်မွတ်ခေါင်းပါးမှုတွေ ကြုံနေရတဲ့ အလုပ်သမား ပြည်သူလူထုအတွက် အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးတာ ၊ အရေးပေါ် စားနပ်ရိက္ခာဝေငှတာ၊ အရေးပေါ်လူမှုဖူလုံရေး ထောက်ပံ့မှုပေးတာ၊ ပညာရေးနှင့် ကျန်းမာရေး၊ ဘေးအန္တရာယ် ကာကွယ်ရေး အစီအစဉ်တွေချမှတ်တာ ၊  ဥပဒေကြောင်းအရ အကူအညီပေးတာ၊ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းဖို့ စဉ်းစားတာ  စတဲ့ လူမှုအကာအကွယ်ပေးရေး ယန္တရားတွေ ဖော်ဆောင်ပေးဖို့" အရေးပေါ် လိုအပ်နေပြီဖြစ်ပါတယ်။ 

 


Related posts

Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ကုန်ကြမ်းမဟုတ်သော နှလုံးသားများ  (မေဒေး အထူးဆောင်းပါး)
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026