ARTICLE

ကျောတခင်းအတွက် ရုန်းကန်နေရသည့် ပြည်တွင်းရွှေ့ပြောင်း အလုပ်သမားများ

CoverLogo
27 Views

(ဆောင်းပါး)

"ငါတို့ တစ်နေကုန် ပင်ပင်ပန်းပန်း လုပ်လို့ရတဲ့ လစာက ဘယ်သူ့အိတ်ထဲ ရောက်သွားလဲ။” 


ဒါဟာ ရန်ကုန်မြို့ပြရဲ့ စက်ရုံအလုပ်ရုံတွေနဲ့ အခြေခံလုပ်ငန်းခွင်တွေထဲက ထွက်ပေါ်လာတဲ့ အလုပ် သမားထုရဲ့  ရင်နာစရာ မေးခွန်းသံတွေပဲ ဖြစ်ပါတယ်။


“နေစရာ ကျောတခင်းစာအတွက်နဲ့တင် ဘဝတစ်ခုလုံးကို ပုံအောပေးဆပ်နေရတာ တရားသလား... ခေတ်ဆိုးကြီးထဲ ရှင်သန်ဖို့ ကြိုးစားနေသူတွေဟာ နေစရာတစ်ခုအတွက်ပါ ထက်မံရုန်းကန်နေရတဲ့ ဒီအခြေအနေအတွက် ဘယ်သူတွေမှာ တာဝန်ရှိနေလဲ..."


၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာပြည်ရဲ့ ခေတ်ဆိုးကြီးထဲမှာ ဘဝတွေကို နည်းမျိုးစုံနဲ့ ရုန်းကန်နေ ကြရ ပါတယ်။ မိခင်မြေမှာ စစ်မီးလျှံတွေ၊ မလုံခြုံမှုတွေနဲ့ စားဝတ်နေရေး ကျပ်တည်းလာလို့ နေရပ်စွန့်ခွာပြီး ရန်ကုန်လို မြို့ကြီးပြကြီးတွေဆီ ရှင်သန်ဖို့ တစ်ခုတည်းသော ရည်ရွယ်ချက်နဲ့ ခြေဆန့်လာကြသူတွေ အများကြီးပါ။

ဒါပေမဲ့ ရန်ကုန်မြေပေါ် ခြေချလိုက်ချိန်မှာ အသက်ရှူချောင်မယ့် ဘဝအလှည့် အပြောင်း မျိုး မဟုတ်ဘဲ၊  ကျောတခင်းစာ နေစရာလေးအတွက်ပင် လစဥ် ပိုမိုကြီးမားတဲ့ ဝန်ထုတ်ဝန်ပိုးတွေကို ထမ်းရွက်နေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်လာကြရပါတယ်။ 


ဒါက ရန်ကုန်မြို့ကို လာရောက်ပြီး အလုပ်လုပ်ကိုင်ကြတဲ့ မိသားစုတွေ၊ စစ်ရှောင်တွေ၊ တဦးခြင်း အလုပ်သမားတွေ ကြုံတွေ့ရင်ဆိုင်နေရတာပါ။


ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ အဖွဲ့အစည်း (IOM Myanmar) ရဲ့  ၂၀၁၉ ခုနှစ် အစီရင်ခံစာမှာ  ရန်ကုန်မှာ ပြည်တွင်းပြောင်းရွှေ့လုပ်ကိုင်သူ ၁.၄၄ သန်းအထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိနိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေး အခြေအေနေတွေက  ဒီထက်များပြားနိုင်တာမို့ ရန်ကုန်မြို့မှာ နေထိုင်ဖို့ နေရာအတွက် ရုန်းကန်နေရာတဲ့ ရွှေ့ပြောင်းလုပ်ကိုင်သူ အလုပ်သမားအရေအတွက် ၂ သန်း နဲ့ အထက်မှာ ရှိနေနိုင်ပါတယ်။ 


*မြေပြင်က အလုပ်သမားများရဲ့ ရင်ကွဲသံ*
အဆောင်ခ ဝန်ထုပ်ဝန်ပိုးတွေအောက်မှာ ပြားပြားဝပ်နေရတဲ့ မြေပြင်က အလုပ်သမားတွေရဲ့ ပကတိ စကားသံတွေကတော့ ရင်နာစရာတွေပါပဲ ။


" ညီမတို့လမ်းထဲမှာ  အဆောင် တစ်ဆောင်ကဈေးတက်ရင် နောက် တစ်ဆောင် ကပါ လိုက်တက်ဖို့ အဆင်သင့် ဖြစ်နေကြတာ။ ဒီအဆောင်က ဈေးတက်လို့ နောက် တစ်ဆောင် ပြောင်းလည်း စပေါ်ငွေ ၂၀,၀၀၀  ကြိုပေးရပြန်ရော။

ကျွန်မတို့ အခြေခံလူတန်းစား အလုပ်သမား တွေအဖို့တော့  အလုပ်ပင်ပန်းလို့ အိမ်ပြန်ကျောချရတဲ့ နေရာက သက်တောင့် သက်သာ မဟုတ်သလို့ မလုံခြုံတဲ့ စိတ်ခံစားမှုတွေပဲ ပေးတဲ့နေရာ တခုပါ”   လို့ အထည်ချုပ်လုပ်သား အမျိုးသမီးငယ်က ပြောပါတယ်။


ကုန်ဈေးနှုန်းနဲ့ လစာကြား ဘယ်လိုမှ မရှင်သန်နိုင်လို့ လုပ်အားခတိုးတောင်းပြန်တော့လည်းတိုးတဲ့ လစာ က မဖြစ်စလောက်၊ အဆောင်ခက ရှေ့ကနေ ကြိုတိုးနှင့်နေပြီ။ လစာတိုးတောင်းလို့ အဆောင်ခနဲ့ ကုန် ဈေးနှုန်းတက်တာ ဆိုပြီး အပြစ်တင်ကြတဲ့အထိပါ။ 


တကယ် တော့ ဒီလိုအရာတွေ ဈေးမတက်အောင် ထိန်းညှိပေးဖို့ ဘယ်သူတွေမှာ တာဝန်ရှိတာလဲဆိုတာ ကျွန်မ တစ်ယောက်တည်း သိချင်နေတဲ့အရာ မဟုတ်ပါဘူး၊ အားလုံးလည်း သိချင်နေကြမယ့် အရာ ဖြစ်ပါလိမ့်မယ်။
အခု ရတဲ့ လစာရဲ့ထက်ဝက်လောက်က နေစရိတ်အတွက်ကုန်နေလို့ မိသားစုကို ထောက်ပံ့ဖို့ဆိုတာ ဝေ လာဝေး...။

အလုပ်သမားတစ်ယောက်အတွက် လကုန်ရက်ဆိုတာ ပင်ပန်းသမျှ အမောပြေရမယ့်ရက် ဖြစ်သင့်ပေမဲ့ ကျွန်မအတွက်တော့ လစာထုတ်ရမှာကို ပျော်ရမယ့်အစား ကြောက်နေရတယ်။ လစာ ထုတ်တဲ့နေ့ဟာ ဝမ်းသာစရာနေ့မဟုတ်တော့ဘဲ ဘယ်လောက်ကျန်မလဲ ၊ ဘယ်လောက်ပေးရဦးမလဲ ဆိုတာ တွက်ချက်ရတဲ့နေ့ ဖြစ်လာနေပါတယ်။


“ ကျွန်တော်တို့ စားဝတ်နေရေးအတွက် စားတာ၊ ဝတ်တာကို ခြိုးခြံချွေတာလို့ ရပေမဲ့ ကျောတခင်းစာ နေစရာအတွက်ကတော့ အတော်လေး ဒုက္ခရောက်နေကြရတာပါ။ အခုကျွန်တော်နေတဲ့ ၁၀ ပေပတ် လည် အခန်းကျဉ်းလေးက အဆောင်ခတင် ၁ သိန်း ၂ သောင်း ပေးရတယ်။ ကိုယ့်မီတာခအပြင် ဧည့်စာ ရင်းတိုင်ခ၊ အမှိုက်ပစ်ခတွေပါ ပေါင်းလိုက်ရင် တစ်လကို ၁ သိန်း ၄ သောင်းလောက် ကုန်ပါတယ်။ နေစရာက လူတိုင်းအတွက် မရှိမဖြစ် အရေးကြီးမှန်း သိလို့ကို တမင်သက်သက် ဖိနှိပ်အမြတ်ထုတ်နေ သလိုပါ။ ကိုယ့်ရပ်ကိုယ့်ရွာ၊ မိသားစုတွေနဲ့ ခွဲပြီး ဘယ်သူက လာနေချင်ပါ့မလဲ။ လုပ်ခလစာကမတိုး၊ ကုန်ဈေးနှုန်းနဲ့ အဆောင်ခတွေကသာ တရဟော တက်နေတော့ ခက်နေတာ” လို့ အဆောင်နေ အထည်ချုပ်စက်ရုံ အလုပ်သမားက ရင်ဖွင့်ပါတယ်။


ဒါက ရန်ကုန်မြို့ပြရဲ့ အဆောင်တွေမှာ နေ့စဉ်ကြားနေရတဲ့ ဝေဒနာသံတွေပဲ ဖြစ်ပါတယ်။ 
နည်းပါးလွန်းတဲ့ လုပ်ခလစာ နေ့တွက်ကြေးကို ကုန်းရုန်းရှာနေရတဲ့ အလုပ်သမားတွေအဖို့ လကုန်တာနဲ့ သွေး၊ ချွေးနဲ့လဲထားတဲ့ လစာငွေရဲ့ ထက်ဝက်‌လောက်က အဆောင်ခထဲမှာတင် လွင့်ပါးပျောက်ကွယ် နေရပါတယ်။ 
ကျန်တဲ့ လစာ ငွေအကြွင်းအကျန်လေးနဲ့ စားဝတ်နေရေး၊ ဆေးဖိုးဝါးခ ဖြေရှင်းဖို့နဲ့  နယ်ကမိသားစုဆီ ပြန်ပို့ဖို့ ရုန်းကန်ရတဲ့အခါ အလုပ်သမားထုမှာ အာဟာရချို့တဲ့မှု၊ စိတ်ဖိစီးမှုတွေနဲ့ အတူ  အလူးအလဲ တောင့်ခံကြရပါတယ်။  


*ဆင်ခြေမျိုးစုံနဲ့ အဓမ္မ ဂုတ်သွေးစုပ်ခြင်း*
လူသားတစ်ဦးအတွက် နေရာဆိုတာ ဇိမ်ခံစရာ မဟုတ် ဘဲ မရှိမဖြစ် လိုအပ်တဲ့ အခြေခံ လိုအပ်ချက်  ဖြစ်ပါတယ်။


ဒီနေ့ ရန်ကုန်မြို့တော်မှာ  နေထိုင်ဖို့ နေရာတခုက အလုပ်သမားများအတွက် တဖြည်းဖြည်း လက်လှမ်း မမီ နိုင်တဲ့ ဝန်ထုတ်ဝန်ပိုး တစ်ခုအဖြစ်ပြောင်းလဲလာနေပါတယ်။


ကုန်ဈေးနှုန်းတက်လို့ အဆောင်ခ လိုက်တက်တာ၊ လစာတွေတိုးလို့ အဆောင်ခတွေပါ လိုက်တက် ရ တာ၊ မီတာခတွေတိုးလို့ အဆောင်ခလိုက်တက်ရတာ ဆိုတဲ့ စကားက အဆောင်ပိုင်ရှင်တွေ၊ အိမ်ရှင် တွေရဲ့ မုန့်လုံးစက္ကူကပ် လက်သုံးစကား ဖြစ်နေပါတယ်။ 


ဒုက္ခရောက်လို့ ခိုလှုံလာရတဲ့ ပြည်သူတွေရဲ့ မြို့ပြလူနေမှုဘဝက စိုးရိမ်စရာကောင်းတဲ့ အမှန်တရား တစ်ခုဖြစ် လာနေပါ တယ်။


ထိန်းကျောင်းမှုမဲ့ပြီး အခြေခံလူထု အကာအကွယ်မဲ့နေတဲ့ စနစ်ဆိုး ခေတ်ကာလ အခြေအနေက အခြေခံလူထုအပေါ် အကာအကွယ်ပေးမယ့် ထိန်းကျောင်းမှုစနစ် လုံးဝပျက်စီးနေတာကြောင့် ဖြစ်ပါတယ်။


အုပ်ချုပ်ရေး ယန္တရားတွေ ညံဖျင်းမှုက နေထိုင်ရေးအတွက် အခက်အခဲတွေပိုမို့ ဖြစ်ပွားစေတဲ့ အပြင် ကုန်ဈေးနှုန်း နဲ့ နေထိုင်မှု စာရိတ်တွေကိုပါ မြင့်တက်စေနေတာပါ။ 


ဒါ့အပြင် ကုန်ဈေးနှုန်းနဲ့ နှင့် လိုက်လျောညီ ထွေ ဖြစ်အောင် လခလစာ တိုးမြှင့်ပေးဖို့ အခြေအနေတွေ ဖန်တီးနိုင်ခြင်း မရှိတာကလည်း အလုပ်သမားတွေအတွက် ဝန်ထုတ်ဝန်ဖိုး ဖြစ်လာစေပါတယ်။ 


ဒီလို ထိန်းကျောင်းသူမဲ့ပြီး ဘက်ပေါင်းစုံက လစ်ဟာနေတဲ့ စနစ်ဆိုးကြီးကပဲ လောဘဇောတက်နေ သူတွေကို ပိုမိုရဲတင်းလာစေပြီး၊ အခြေခံအလုပ်သမားလူတန်းစားကိုတော့ အကာအကွယ်မဲ့ပြီး ၊ ရှင်သန်နေထိုင်းရေးအတွက် ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ အလူးအလဲ ခံစားရပါတော့တယ်။ 


တကယ်တော့ ဒီစနစ်ပျက်ကြီးအောက်မှာ အလုပ်သမားတွေရဲ့ ဘဝလုံခြုံမှုကို ဘယ်သူက ကာကွယ် ပေးမှာလဲ။ တာဝန်ရှိသူတွေအနေနဲ့ကော မြေပြင်က ဒီပရမ်းပတာ အဆောင်ခတိုးမြှင့်မှုတွေကို ဘယ် အချိန်ထိ မျက်ကွယ်ပြုထားဦးမှာလဲ။ အကာအကွယ်မဲ့ အမြတ်ထုတ်ခံနေတာက ဘယ်တော့မှ အဆုံးသတ်မှာလဲ။


အလုပ်သမားတစ်ယောက်အတွက် နေစရာဆိုတာ ဇိမ်ခံပစ္စည်း မဟုတ်ပါဘူး။ လူ့ဂုဏ်သိက္ခာနဲ့ ရှင်သန်နိုင်ဖို့လိုအပ်တဲ့ အခြေခံအခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ 


ဒါပေမဲ့ ဒီနေ့ ရန်ကုန်မြိုမှာတော့ နေစရာတစ်ခုကို ထိန်းထားနိုင်ဖိုအတွက်ပင် လစာတစ်ခုလုံးနီးပါးကို ပေးဆပ်နေရပါတယ်။  


ခေတ်ဆိုးကြီးထဲမှာ ရှင်သန်ဖို ရုန်းကန်နေရသူ အချင်းချင်း ဖိနှိပ်အမြတ်ထုတ်နေကြမည့်အစား၊ အခြေခံလူထုရဲ့အတွက် နေထိုင်စရာ နေရာ၊ မျှတတဲ့ နေထိုင်စာရိတ် နဲ့ နေထိုင်နိုင်ဖို့ အရေးတကြီး ဖော်ဆောင်ပေးဖို အချိန်တန်နေပြီ။ 


ဒီလိုမှ မဟုတ်ရင်တော့ ရှင်သန်ဖို့ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရန်ကုန်မြိုကို ရောက်လာကြသူတွေအတွက် နေစရာတစ်ခုဆိုတာ လက်လှမ်းမမီနိုင်တဲ့ အိပ်မက်တစ်ခုလို ပြောင်းလဲသွားနိုင်ပြီး၊ အလုပ်သမားတွေရဲ့ ချွေးနဲ့ရင်းထားတဲ့ ဘဝတွေဟာလည်း နေစရိတ်ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးတွေအောက်မှာ ဆက်လက် နစ်မြုပ်နေဦး မည်သာ ဖြစ်ပါတော့တယ်။


Related posts

Cover
EC စာချုပ်အရ အလုပ်ထုတ်မှု ဥပဒေ လိုက်နာမှုလား ချိုးဖောက်မှုလား။
May 29, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
ကုန်ကြမ်းမဟုတ်သော နှလုံးသားများ  (မေဒေး အထူးဆောင်းပါး)
May 01, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ဗီနိုင်းထက်က ILO နှင့် မြေပြင်က ဖိနှိပ်မှုများ- Bontech စက်ရုံဖြစ်စဉ် ဆန်းစစ်ခြင်း
Mar 23, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026
Cover
လုပ်သားတွေ စားဝတ်နေရေး ပြေလည်မှ နိုင်ငံစီးပွား လည်ပတ်မယ် (အတွေးအမြင်)
Mar 15, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026