အင်းစိန်အကျဉ်းထောင် တွင်း ရှိ နိုင်ငံရေးအကျဉ်းသား/သူ အပါအဝင် အခြား အကျဉ်းသား/သူ တွေ မှာ ဝမ်းပျက်ဝမ်းလျော ရောဂါ ခံစားနေရပြီး လုံလောက်တဲ့ ဆေးဝါးကုသမှု မရရှိ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဇူလိုင်၂၇ရက်သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း ဇူလိုင်လ(၃)ရက်နေ့ က ကျရောက်တဲ့ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်မွေးနေ့အဖြစ် အင်းစိန်ထောင်ပိုင် ဇော်လင်းအောင်နှင့် ထောင်အာဏာပိုင်တွေ က ကြက်သားနှင့်ပဲဟင်းကို ကျွေးခဲ့ပြီး အိမ်မှပို့တဲ့ အစားအသောက် တွေ ကို စားသုံးခွင့်မပြုဘူးလို့ ဖိအားပေးကာ ထောင်တွင်းအမိန့်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
စားသောက်ရချိန် မှာ လည်း ကျွေးမွေးတဲ့ ပဲဟင်းနဲ့ ကြက်သားမှာ လက်ဆတ် ခြင်းမရှိဘဲ သိုးတဲ့ အနံထွက်နေခဲ့တဲ့ အတွက် အကျဉ်းထောင်ရှိ အကျဉ်းဦးစီးဝန်ထမ်း တွေ ကို နိုင်ငံရေးအကျဉ်းသားများ က တင်ပြပြောဆိုခဲ့ပေမယ့် လက်မခံပဲ ထောင်မှကျွေးတဲ့ အစားအသောက်ကိုသာ စားသောက်ရမယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ထောင်မှကျွေးတဲ့ (ပဲဟင်း)အသိုးတွေ ကို ဖိအားပေး စားသောက်ခဲ့ကြရ တဲ့ နိုင်ငံရေးအကျဉ်းသားတွေ နဲ့ အခြားအကျဥ်းသားတွေဟာ ဇူလိုင်လ(၄)ရက်နေ့ကစပြီး အကျဉ်းသား/အကျဉ်းသူ(၁၀၀)ကျော် ဝမ်းပျက် ဝမ်းလျောရောဂါကို ခံစားခဲ့ရပြီး ထောင်တွင်း ဝမ်းလျောဝမ်းပျက်ရောဂါ ကူးဆက်မှုများဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
အခုလို ဝမ်းပျက်ဝမ်းလျောရောဂါခံစားရသူ တွေ ကို လုံလောက်တဲ့ ဆေးဝါးများပေးနိုင်ခြင်းမရှိခဲ့တဲ့ အတွက် ဇူလိုင်လ(၂၀)ရက်နေ့အထိ နေ့စဉ် အကျဉ်းသား(၅)ဦးမှ(၁၀)ဦး အထိ ကူးဆက်ရောဂါခံစားခဲ့ရပြီး ဝမ်းပျက်ဝမ်းလျောရောဂါခံစားရသူ အနည်းဆုံး(၁၅၀) ဝန်းကျင်ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။
အခုလို အကျဉ်းသား/သူတွေရောဂါခံစားနေရတာကို အင်းစိန်ထောင်အာဏာပိုင်တွေက သတင်းဖုံးထားတဲ့ အပြင် မိသားစုဝင်တွေက ပို့တဲ့ အစားအသောက် တွေ ကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်သယောင် ပြောဆို ပြီး မိသားစုပို့သည့်ထောင်ဝင်စာများကို ကန့်သတ်ခြင်းတွေ ပြုလုပ်လာတာ တွေ့ရှိရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကသတင်းထုတ်ပြန်ထားပါတယ်။