(ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
စစ်အစိုးရရဲ့ မေလ ၁ ရက်နေ့ကနေ စတင်မယ့်၂၀၂၆-၂၀၂၇ ခုနှစ်အကောက်ခွန်တိုးမြှင့်ကောက်ခံရေးကြေညာချက်ကြောင့် ပြည်တွင်းမှာကုန်ဈေးနှုန်းတွေအခုထက် ပိုတိုးလာနိုင်တယ်လို့ ကုန်စည်ဈေးကွက်တွေကနေသိရပါတယ်။ဒီအချိန်မှာ အလုပ်သမားတစ်ယောက်ရဲ့ တရက်တာ အခြေခံလုပ်အားခက ကျပ် ၄၈၀၀ သာ ဖြစ်နေဆဲပါ။ အပိုထောက်ပံ့ကြေးဆိုတဲ့ ခေါင်းစဉ်နဲ့ ကျပ် ၁၀၀၀ စီ ၃ ကြိမ်တိုးပေးထားပေမယ့် ကျပ် ၇၈၀၀ ဟာလည်း လက်ရှိ ကုန်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ပါက မိသားစုတွေ ထမင်းဝဖို့ ခက်ခဲနေပါတယ်။
စစ်ကောင်စီရဲ့ အကောက်ခွန်ဦးစီးဌာနကနေ မေလ ၁ ရက်နေ့မှာစတင်မယ့်အခွန်တိုးကောက်တဲ့စနစ်ထဲမှာ ရေနဲ့ရေထွက်ပစ္စည်းတွေအတွက်အခွန် ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း၊ နိုနဲ့နိုထွက်ပစ္စည်း၊လက်ဖက်ခြောက်စတာတွေအတွက်အခွန် ၁၀ ရာခိုင်နှုန်း၊ လူသုံးကုန်ပစ္စည်တွေအတွက်အခွန် ၁၀ ရာခိုင်နှုန်းနဲ့ ပြည်ပကသွင်းကုန်တွေဖြစ်တဲ့ ထီးနဲ့နိုင်ငံခြားကတင်သွင်းတဲ့အစားအသောက်တွေအတွက် အခွန်၂၀ရာခိုင်နှုန်း တိုးမြှင့်ကောက်သွားမှာဖြစ်ပါတယ်။
ဒါကြောင့် ပြည်ပသွင်းကုန်တွေဈေးကြီးတာ ရှားပါးပြတ်လပ်တာတွေပိုဖြစ်လာနိုင်ကာ ပြည်တွင်းက ကုန်စည်အချိုလည်း ဈေးပိုတက်လာနိုင်ပြီး အများပြည်သူကြပ်တည်းလာနိုင်မယ်လို စီးပွားရေးပညာရှင်တွေကခန့်မှန်းနေပါတယ်။
လက်ရှိမှာလည်းအခြေခံစားသောက်ကုန်ထဲပါဝင်တဲ့ ကြက်ဥ၊ ဘဲဥဈေးတွေလည်းယခင်ငွေကျပ် ၅၅၀ကျပ်အများဆုံးရှိရာမှ ယခုအခါတစ်လုံးကိုငွေကျပ် ၇၀၀ကျပ်အထိဈေးအများဆုံးမြင့်တက်လာပါတယ်။
ဒါကြောင့်အဆမတန် ဈေးတက်လာတဲ့ ပြည်တွင်းကုန်ဈေးနှုန်းတွေအကြောင်းကို myanmar labour news ရဲ့ တစ်ပတ်တာကုန်ဈေးနှုန်းအကြောင်းတင်ပြမှုအနေနဲ့ ဧပြီ၁၇ရက်ကနေဧပြီ၂၄ရက်အတွင်းဖြစ်ပေါ် ပြောင်းလဲနေတဲ့ ကုန်ဈေးနှုန်းအခြေအနေအမျိုးမျိုးကို စုစည်းဖော်ပြလိုက်ပါတယ်။
စက်သုံးဆီဈေးနှုန်း
ယနေ့ မှာတော့စက်သုံးဆီက ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ကဓာတ်ဆီ ၉၂ တစ်လီတာ ၄၆၆၈ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ၄၉၀၉ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ၅၇၅၂ကျပ်နဲ့ပရီမီယံဒီဇယ် တစ်လီတာ ၇၀၁၂ကျပ်ဖြစ်ပါတယ်။
အဲ့ဒီမတိုင်မီ ဧပြီ၂၃ ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာလည်း ၉၂တစ်လီတာ ၄,၇၃၅ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၄,၉၄၅ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၆၄၈၅ ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၇၇၅၅ကျပ်ဖြစ်ခဲ့တာကြောင့်စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်းမှာ တော့ပြန်လည်ကျဆင်းလာကာ ဓာတ်ဆီဈေးက၃၆ကျပ်မှ၆၇ကျပ်အထိနဲ့ဒီဇယ်ဈေးမှာ၇၄၃ကျပ်မှ၇၃၃ကျပ်နှုန်းတွေအထိယခင်တပတ်ကြာထက်ဈေးကျလာပါတယ်။
ပြင်ပဆီမှောင်ခိုဈေးကွက်မှာတော့တစ်လီတာကို ၂၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်နှုန်းဈေးတွေနဲ့အရောင်းအဝယ်ဖြစ်နေပါတယ်။
ရွှေဈေးနှုန်း
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက ဧပြီလ၂၄ရက်ဒီကနေ့မှာ ၇,၁၀၀,၀၀၀ ကျပ် ဈေး သတ်မှတ်ထားရာ ပြင်ပရွှေဈေးကွက်ထဲမှာတော့ ၁၆ပဲရည် တစ်ကျပ်သားကို၁၀၅သိန်းကျော်ဈေးနဲ့အရောင်းအဝယ်ဖြစ်နေကာ တစ်ပတ်အတွင်းဈေးအတက်အကျအပြောင်းအလဲသိပ်မရှိဘူးလိုသိရပါတယ်။
ငွေဈေးနှုန်း
နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ ကတော့အတက်ဈေးမှာပဲရောက်ရှိနေရာ ကန်ဒေါ်လာ က ၁ ဒေါ်လာငွေကျပ် ၄ထောင်ကျော်ဈေးအထိ ထိုးတက်ေနဆဲဖြစ်သလို အခြား ယွမ်နဲ့ဘတ်လိုနိုင်ငံခြားငွေကြေးများလည်း ဈေးတက်နေပါတယ်။
အမေရိကန်ဒေါ်လာ ၁ ဒေါ်လာဈေးက ယနေ့ မှာ ရောင်းဈေး ၄၁၀၆ကျပ်၊ ဝယ်ဈေး ၄၂၁၀ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၃၄ကျပ်ကျော်၊ ဝယ်ဈေး ၁၃၆ကျပ် ကျော် ၊ ယွမ်းငွေကရောင်းဈေး၆၀၅ကျပ်၊ ဝယ်ဈေး ၆၂၀ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၇၄နဲ့ဝယ်ဈေး၂၈၀ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
စင်ကာပူ ငွေလွှဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၂၆၀ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၃၀၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ ဒေါ်လာဟာယခင်တပတ်ကြာကပေါက်ဈေးအတိုင်းတည်ရှိနေပါတယ်။
အခြေခံစားသောက်ကုန်ဈေးနှုန်းများ
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကတော့
စားအုန်းဆီ၁ပိဿာကို ၇၂၈၅ကျပ်ဈေးသတ်မှတ်ထားတာကြောင့် ယခင်တစ်ပတ်ကြာက ဈေးထက်ငွေကျပ်၃၀၀ကျော်ဈေးထက်တက်လာတာပါ။
ပြင်ပဈေးကွက်မှာတော့ ဆီအသင်းသတ်မှတ်ဈေးတစ်ပိဿာကို ၇၂၈၅ကျပ်နှုန်းနဲ့ပဲ အခြေခံကာတစ်ပိဿာ ကျပ် ၁၅ဝ၀၀မှ ၂၀၀၀၀ ကြားပေါက်ဈေးေတွနဲ့ရောင်းချနေကြပါတယ်။
ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ကနေ၂၇၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေကာ အဆမတန်ဈေးမြင့်လာတာပါ။
ဆန်ဈေး
ဆန်ဈေးနှုန်းတွေကတော့ ယခင်တစ်ပတ်ကြာအတိုင်းဆန်ချောဈေး အနည်းငယ်တက်ကာ ဆန်ကြမ်းဈေးအနည်းငယ်ကျဆင်းမှုတွေရှိရာပုံမှန်အတိုင်း ဈေးကွက်မှာရွှေဘိုပေါ်ဆန်းတစ်ပြည်ကို ၉၅၀၀ကျပ်မှ ၁၁၀၀၀ကျပ်အထိ ရှိပြီး အခြားဆန်တွေကတော့တောင်ပျံရှယ် တစ်ပြည် ၉၀၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၈၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၀၀၀၊ မနောသုခတစ်ပြည် ၄၀၀၀ စတဲ့ ပေါက်ဈေးအတိုင်း ဈေးအတက်အကျဖြစ်ပေါ်လာပါတယ်။
စားဖိုဆောင်သီးနှံတွေ အနေနဲ့ကတော့ ကြက်သွန်နီဈေးတွေလည်းထက်ကာတက်လာနေပြီး၁ပိဿာကို ၃၀၀၀ကျပ် မှ ၄၅၀၀ကျပ်အထိဈေး တွေနဲ့သတ်မှတ် ရောင်းချနေကြောင်းသိရပါတယ်။
ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၈၀၀၀ကျပ်၊ ဂျင်းတစ်ပိဿာ ၃၅၀၀ကျပ်၊ လက်ဖက်စို တစ်ပိဿာ ၁၄၀၀၀ကျပ်၊ လက်ဖက်ခြောက်တစ်ပိဿာ
၂၆၀၀၀ကျပ်၊ နှစ်ပြန်ကြော် တစ်ပိဿာ၁၇၀၀၀ကျပ် ဈေးတွေဖြစ်ပေါ်နေပါတယ်။
ကြက်သားအရသာဟင်းခတ်မှုန့် ငွေကျပ် ၄၅၀၀မှ ၃၀၀၀ကြား ၊ အချိုမှုန့် ငွေကျပ် ၅၀၀၀မှ ၄၈၀၀ကြားနဲ့ ခရုဆီ၊ ပဲငံပြာရည်တို့က ငွေကျပ် ၃၀၀၀မှ၂၅၀၀ကြား ၊ ငရုတ်ကောင်းက ငွေကျပ် ၁၀၀၀မှ ၅၀၀ကြား စတဲ့ ဈေးတွေအတိုင်းကုန်ခြောက်အမျိုးအစားပစ္စည်းတွေ ဈေးခုန်တက်နေဆဲလို့ဆိုပါတယ်။
ခေါက်ဆွဲခြောက်၊ ကြာဇံခြောက် လို အထုပ်တွေရဲ့ဈေးကတော့အရင်က ယမ်ယမ်၊ ဝါးလားခေါက်ဆွဲတထုပ်ဈေးမှာ ၇၀၀ ကျပ်ရှိရာကနေယခုအခါတစ်ထုပ်ကိုငွေ ၁၅၀၀ကျပ်အထိရှိလာပြီး ရှင်းရှင်းကြာဇံခြောက်တထုပ်ဈေး က ယခင် ငွေ ၁၃၀၀ ကျပ်ကနေယခုအခါ ၁၈၀၀ ကျပ်ဈေးအထိရှိလာနေပါတယ်။
"အခုက နောက်ပိုင်းခေါက်ဆွဲခြောက်တို့လို၊ မုန့်ခြောက်၊ကိတ်ခြောက်၊ကွတ်ကီး စတဲ့စင်ကာပူ၊ထိုင်းအိမ်နီးချင်းနိုင်ငံခြားတိုင်းပြည်တွေကတင်သွင်းလာတဲ့မုန့်တွေ အခွန်၂၀ရာခိုင်နှုန်းအထိအများဆုံးတိုးကောက်လို့ အဲ့ဒီ့ ပစ္စည်းတွေ ပိုပြီးဈေးတက်လာနိုင်ပါတယ်"လို့ ရန်ကုန်မြို့က မုန့်နဲ့ကုန်ပစ္စည်းရောင်းချနေတဲ့စတိုးဆိုင်ပိုင်ရှင်တယောက်ကပြောပါတယ်။
အခြေခံပြည်သူတွေသောက်သုံးမှုများတဲ့ကော်ဖီမစ်အမျိုးအစားတွေထဲ ပရီမီယာ၊sunday၊စူပါ စတဲ့ပြည်တွင်းထုတ်ကော်ဖီမစ်တွေအနေနဲ့တစ်ထုပ်ချင်းဈေးငွေကျပ်၇၀၀ကနေ ၁၀၀၀ကြားဈေးရှိပြီးပါကင်ဈေးအနေနဲ့ ငွေကျပ်၁၅၀၀၀ကနေ၂၀၀၀၀ကျပ်ကြားဈေးတွေရှိနေတာပါ။ ယိုးဒယားတံဆိပ် ဘာဒီ၊နက်စ် အခြားကော်ဖီတွေကလည်း တစ်ထုပ်ချင်းကို ငွေကျပ်၈၀၀မှ ၁၃၀၀ကြားဈေးမှာရှိကာ ပါကင်ဈေးအနေနဲ့ ငွေကျပ်၁၅၀၀၀မှ၂၅၀၀၀ကျပ်ကြားဈေးမှာရှိနေပါတယ်။
ကြက်ဥ၊ဘဲဥ ဈေးတွေကတော့ ယခင်ထက် ငွေကျပ်၂၀၀ကနေ ၁၅၀ကျပ်လောက်ခုန်တက်လာရာအရင် ကြက်ဥတစ်လုံး၅၀၀ကျပ်ကနေ၇၀၀ကျပ်ဈေးမှ ဘဲဥတစ်လုံး ၆၅၀ ၊ဆေးဘဲဥတစ်လုံး ၁၀၀၀ကျပ်နဲ့ ငုံးဥ ၈ လုံးကို ၁၀၀၀ကျပ်ဈေးရှိနေပါတယ်။
မနက်ခင်း အဆာပြေစားသုံးနေကြတဲ့ ပဲပြုတ်ဈေးက တော့အနည်းဆုံး၁၀၀၀ကျပ်နဲ့ဝယ်လို့ရနေကာ မုန့်ဟင်းခါး၊အသုပ်များက တစ်ပွဲကိုအနည်းဆုံး၁၅၀၀ကျပ် မှ အများဆုံး ၃၅၀၀ကျပ်အထိဈေးရှိနေပါတယ်။
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၅၀၀၊ ဆူးပုတ်ရွက်တစ်စီး ၅၀၀ကျပ်နဲ့ ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၅၀၀၀ ကျပ် ၊ ၊ ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ပြောင်းဖူး ၆၀၀ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊
ရှမ်းနံနံစတာတွေကတော့ ၅၀၀ကျပ်အနည်းဆုံးပေး၀ယ်လာနေရပါတယ်။
ဘုရားပန်းကပ်လှူဖို့ ပန်းစည်းတွေအနေနဲ့လည်း ဂန္ဓမာပန်းအမျိုးအစားလိုက်တစ်စည်းကို၆၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ နှင်းဆီအမျိုးအစားလိုက်တစ်စည်းကို၄၀၀၀ကျပ် မှ ၂၅၀၀ကျပ်၊သပြေတစ်ခက်ကိုအနည်းဆုံး၂၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိဈေးရှိနေပါတယ်။
ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
"နောက်လာမယ့်ရင်နည်းနည်းအတွင်း အကောက်ခွန်တွေတိုးကောက်မယ့်ထဲ ရေနဲ့ရေထွက်ပစ္စည်း အမျိုးအစားတွေလည်းပါတော့ ၅၀၀၀ကျပ်ဖိုးအနည်းဆုံးဝယ်စားနိုင်တဲ့သူတွေ နောက်ထပ်စားနိုင်ပါ့မလား၊ ပုဇွန်ခြောက်၊ ငါးခြောက်လိုအခြောက်အခြမ်းဈေးတွေလည်း အခုထက်ပိုတက်လာနိုင်မလား စိုးရိမ်နေရတယ်၊ တိုင်းပြည်မှာအခွန်အကောက်တိုး၊အရှေ့အလယ်ပိုင်းပြဿနာကြောင့်ဆီဈေးကြီးပြီးကုန်စည်ဈေးတွေ ၁၉ရာခိုင်နှုန်းလောက်အဆမတန်တက်ပေမယ့် အခြေခံလစာကတော့ ၄၈၀၀ ကျပ်ကနေ တိုးလာဖို့ခက်ခဲနေသေးတော့ နိုင်ငံသားပြည်သူတွေ ပိုပြီးကြပ်တည်းလာဖို့ပဲရှိတော့တယ်လို့ အင်းစိန်မြို့နယ်က စက်မှုဇုန်အလုပ်သမားတယောက်ကပြောထားပါတယ်။
ရပ်ကွက်ဈေးများထဲ အစားအများဆုံးအသားဖြစ်တဲ့ကြက်သားက တော့ ငွေကျပ် ၃၅၀၀၀ ကျပ်အထိကနေ ထပ်မံပြီး တစ်ပိဿာကိုငွေကျပ် ၃၀၀၀၀ ကနေ ၄၀၀၀၀နှုန်းအထိ စံချိန်တင်မြင့်တက်နေပါတယ်။
အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင် ၁ပိဿာကို ကျပ် ၈၀၀၀၀ ကျပ်မှ ၉၅၀၀၀ကျပ်ဈေးကိုရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ၉၀၀၀၀ ဈေးအထိကိုရောက်ရှိမြင့်တက်ေနလို့ဆိတ်သားဈေးနှုန်းတွေဟာဆိုရင်အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
လူသုံးကုန်၊အလှကုန်တွေ အနေနဲ့ကတော့ ပြည်ပကဝယ်ယူတင်သွင်းရတဲ့ပစ္စည်းတွေမှာ ကုန်သယ်ယူခကြီးမားတဲ့နေရာဒေသအလိုက် ဈေးကွာခြားချက်တွေရှိနေတယ်လို့သိရပါတယ်။
ဆေးနဲ့ဆေးပစ္စည်း ဈေးကွက်မှာလည်း အရင်ကထက် ဆေးဝါးတွေကဝယ်ယူရခက်ခဲလာသလို ဆေးဝါးအချို့ ဈေးကွက်ပြတ်မယ့်အနေအထားကနေ အစားထိုးဆေးဝါးဖြစ်တဲ့ တံဆိပ်မတူ ၊အာနိသင်တူဆေးဈေးတွေကလည်းပိုတက်လာနေပါတယ်။
ဆေးနဲ့ဆေးပစ္စည်းဈေးကွက်ထဲမှာလည်းဆေးဈေးတွေ အဆမတန်ဈေးတက်လာကာ အရင်က ငွေကျပ်၂၀၀၀၀ကျော်နဲ့ပေးဝယ်ရတဲ့ဆေးတန်ဖိုးကအခု၅၀၀၀၀ကျော်ဈေးပေးဝယ်ယူရတဲ့အထိဈေးနှုန်းနှစ်ဆ၊သုံးဆခန့်မြင့်တက်နေပါတယ်။
ပြည်တွင်းထုတ်ဆေးဝါးတွေအနေနဲ့လည်း ငွေကျပ် ထောင်ဂဏန်းသာရှိခဲ့တဲ့ဆေးဗူးအချိုကအခုအခါ တစ်သောင်းကျော်ဈေးနှုန်းတွေအထိမြင့်တက်သွားခဲ့ကြောင်းသုံးစွဲသူတွေထံကသိရပါတယ်။
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။









