ကျွန်မတို့မီသားစု ဗီယက်နမ်နိုင်ငံ (Hanio)မြို့ကို ၁၈ ရက်ကြာ ခရီးထွက်ပြီးနောက် ချင်းမိုင်မှာနေတဲ့ မိတ်ဆွေတွေနဲ့ ခရီးကပြန်လာပြီး စကားပြောဆိုကြတဲ့အခါ သူတို့ကကျွန်မကို ” ဗီယက်နမ်က နေလို့ ထိုင်လို့ကောင်းလား” မေးပါတယ်။
ကျွန်မလဲ ရက်တော်တော်ကြာကြာနေခဲ့သူမို့ ဗီယက်နမ်နိုင်ငံရဲ့ လူနေမူပုံစံ၊ ယဉ်ကျေးမူ၊ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေး စတဲ့အဓီကအချက်တွေကို လေ့လာ ခဲ့မိသလောက် သူတို့ရဲ့မေးခွန်းတွေကို လေးလေးနက်နက်ပြန်ဖြေရင်း Myanmar Labor News စာဖတ် ပရိတ်သတ်တွေ အတွက်လည်း မျှဝေပေးဖို့ အတွေးရသွားလို့ အခုဆောင်းပါကို ရေးဖြစ်ခဲ့ပါတယ်။
ကျွန်မ ဗီယက်နမ်ကို သုံးကြိမ်ရောက်ခဲ့ဖူးပါတယ်။ မြို့တော်ကြီးတွေဖြစ်တဲ့ ဗီယက်နမ်မြောက်ပိုင်း Hanioကိုနှစ်ကြိမ်၊ဗီယက်နမ်တောင်ပိုင်း Ho Chi Min ကိုတစ်ကြိမ်ဖြစ်ပါတယ်။
ပထမဦး ဆုံးအကြိမ်က ၂၀၁၂ခုနှစ်၊ နောက်ဒုတိယအကြိမ်က ၂၀၁၆ခုနှစ်၊ အခုနောက်ဆုံးအကြိမ် ၂၀၂၅ခုနှစ် ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ပထမအကြိမ်နဲ့ ဒုတိယအကြိမ် သွားခဲ့တုန်းက တစ်ပတ်တာသင်တန်း တက်ရတာမို့ သင်တန်းက စီစဉ်ပေးတဲ့အတိုင်း အချိန်ကုန်ပြီး ဘယ်မှမသွားဖြစ် မလည်ဖြစ်တာမို့ ဘာမှလဲမသိခဲ့ပါဘူး။
အခုနောက်ဆုံးအခေါက် ကတော့ မိသားစုနဲ့အတူ ခရီးစဆုံးကို ကိုယ်တိုင်အကုန်စီစဉ်ပြီး သွားတာမို့ ဗီယက်နမ်လူမျိုးအများစုနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရခဲ့သလို Hanio မှာ ကျောင်းတက်နေတဲ့ တက္ကသိုလ်ကျောင်သူ “မေ” ရဲ့ အကူအညီနဲ့ သိချင်တာတွေမေးရင်း အများကြီး လေ့လာခဲ့ရပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့ နိုင်ငံရေးနဲ့သမိုင်းအကြောင်း
ဗီယက်နမ်နိုင်ငံကို ကျွန်မကလေးဘဝကတည်းက စသိခဲ့တာဖြစ်ပြီး ကျွန်မအဖေကြည့်ခဲ့တဲ့ ဗီယက်နမ် နိုင်ငံနှင့် အမေရိကန်ပြည်ထာင်စုတို့ရဲ့ စစ်ပွဲအကြောင်းရိုက်ကူးထားတဲ့ စစ်ကားတွေကြောင့်ဖြစ်ပါတယ်။
အဲ့စစ်ကားတွေထဲမှာပါတဲ့ ခမောက်လေးရယ် ဗီယက်နမ်ရိုးရာဝတ်ဆုံလေးတွေကို ကြည့်ရင်း ကျွန်မကို ကလေးဘဝကတည်းက ဗီယက်နမ်လူမျိုးနဲ့ နိုင်ငံအကြောင်းကို သိစေခဲ့ပါတယ်။
အခုနောက်ဆုံး တစ်ခေါက် သွားချိန်မှာတော့ ဗီယက်နမ်နိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ဖခင်ကြီး ဟိုချီမင်း ရဲ့ဂူဗိမာန် ရှိရာဟိုချီမင်းပြတိုက်အနားက အိမ်မှာဌားနေခဲ့ပေမယ့် ပြတိုက်အပြင်ကသာ လှည့်ပတ်ကြည့်ရူ လေ့လာ နိုင်ခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ရောက်တဲ့အချိန်က ဗီယက်နမ်နိုင်ငံရဲ့ အနှစ် (၈၀) ပြည့် လွတ်လပ်ရေးနေ့အတွက် တစ်နိုင်ငံလုံးပါဝင်ဆင်နွှဲဖို့ ပြင်ဆင်နေကြချိန်ဖြစ်လို့ ပြတိုက်အတွင်း ကျောင်းသားလေ့လာရေးခရီးစဉ်တွေကြောင့် လည်ပတ်သူတွေ လူများနေလို ဝင်ပြီး မလေ့လာ ခဲ့ရပေမယ့် အဲ့ရက်အတွင်း ဗီယက်နမ်နိုင်ငံ သမိုင်းကြောင်းကို အိမ်မှာပဲ အေးအေးဆေး လေ့လာ ဖြစ်ခဲ့ပါတယ်။
ဗီယက်နမ်က ပြင်တွင်းစစ် စစ်ဘေးဒါဏ်တော်တော်ခံခဲ့ရတဲ့ နိုင်ငံတစ်ခုပါ ဒါကြောင့်မို့ သူတို့လူမျိုးတွေကမျိုးချစ်စိတ်ပြင်းထန်တယ်ကြတယ်။
ဒါကြောင့် အနှစ်၈၀ လွတ်လပ်ရေး အထိမ်းအမှတ် အိမ်တိုင်း၊ ဆိုင်တိုင်း၊ နေရာတိုင်းလိုလိုမှာ ဗီယက်နမ်အလံတွေနဲ့ ပြည့်နေတာကို အခု တစ်ခေါက်မှာ တွေ့ခဲ့ရသလို၊ ဒုတိယအကြိမ်လာတုန်းကလဲ အရှေ့တောင် အာရှအားကစားပွဲတော် ဘောလုံးအားကစားနည်းမှာ မြန်မာအသင်းကိုနိုင်ပြီး ဗိုလ်စွဲ သွားလို တစ်မြို့လုံးကဆိုင်ကယ်တွေ ဟွန်တီးပြီး တစ်ညလုံးအောင်ပွဲခံကြလို့ ကျွန်မအိပ်မရခဲ့ဘဲ မိုးလင်းခဲ့ရဖူးပါတယ်။
အဲ့ဒါအပြင် သူတို့ရဲ့ မျိုးချစ်စိတ်ဓာတ်ကြောင့် နှစ်ပေါင်း (၂၀) နီးပါး ကြာမြင့်ခဲ့တဲ့ ဗီယက်နမ်နဲ့ မြောက်ဗီယက်နမ် ပြည်တွင်းစစ်ပွဲ(ဗီယက်နမ်စစ်ပွဲ)မှာ လက်နက်အင်အားနဲ့ နည်းပညာ သာပါတယ်ဆိုတဲ့ အမေရိကန် တွေဟာ ဗီယက်နမ်လူမျိုးတွေရဲ့ မြေအောက်စစ်ဆင်ရေး၊ ပြောက်ကျားစနစ်နဲ့ လူမျိုးအချင်းချင်း သစ္စာရှိမှုတွေကြောင့် ကျရှုံးခဲ့ကြရပါတယ်။
ဗီယက်နမ်ရဲ့ စစ်သမိုင်းကြောင်းကို လှန်ရမယ်ဆိုရင်၊ ဗီယက်နမ်ဟာ ပြင်သစ်ကိုလိုနီလက်အောက်ကနေ လွတ်မြောက်ဖို့ ပထမ အင်ဒိုချိုင်းနား စစ်ပွဲ (၁၉၄၆-၁၉၅၄) ကိုဆင်နွှဲခဲ့ရပြီး အဲ့ဒီစစ်ပွဲဟာ ၇ နှစ်ကျော်ကြာမြင့်ခဲ့ပါတယ်။
ဒီစစ်ပွဲမှာ ဗီယက်နမ်၊ ကမ္ဘောဒီယား နဲ့ လာအို စတဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်တစ်ဝိုက်မှာ နေထိုင်တဲ့ နိုင်ငံတွေဟာ ပြင်သစ်ကို တော်လှန်ခဲ့ ကြပါတယ်။
စစ်ပွဲအနိုင်ရပြီးနောက် ၁၉၅၄ ဂျီနီဗာ သဘောတူညီချက် အရ လွတ်လပ်ရေးကို ချက်ချင်းမရဘဲ၊ ဗီယက်နမ်ကို တောင်ဗီယက်နမ် နဲ့ မြောက်ဗီယက်နမ် လို့ ယာယီခွဲခြားပြီး ရွေးကောက်ပွဲ ကျင်းပဖို့ သဘောတူညီခဲ့ပါတယ်။
သို့သော် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ဘဲ ဟိုချီမင်း ဦးဆောင်တဲ့ ကွန်မြူနစ် မြောက်ဗီယက်နမ် နဲ့ အမေရိကန် အထောက်အပံ့ပေးထားတဲ့ တောင်ဗီယက်နမ် တို့ဟာ ၁၉၅၅ ခုနှစ်မှ ၁၉၇၅ ခုနှစ် အထိ (အနှစ် ၂၀ နီးပါး) တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဟိုချီမင်း ခေါင်းဆောင်ခဲ့တဲ့ မြောက်ဗီယက်နမ်တို့ အနိုင်ရပြီး ၁၉၇၅ ခုနှစ်မှာ တောင်ဗီယက်နမ်ကို သိမ်းပိုက်ကာ ၁၉၇၆ ခုနှစ်မှာ တစ်နိုင်ငံလုံး ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။
စိတ်မကောင်းစရာကတော့ လွတ်လပ် ရေးကို အပြည့်အဝမရရှိခင်မှာပင် ခေါင်းဆောင်ကြီး ဟိုချီမင်း ဟာ ၁၉၆၉ ခုနှစ် မှာ အသက် ၇၉ နှစ် အရွယ်နဲ့ ကွယ်လွန်ခဲ့ပြီး၊ ဗီယက်နမ် ပြန်လည်ပေါင်းစည်းခြင်းမဖြစ်ခင် ၆ နှစ် စောပြီး မမြင်တွေ့ လိုက်ရ ပါဘူး။
ဗီယက်နမ်နိုင်ငံရဲ့ ဘာသာရေး နဲ့ လူမျိုးရေး
ဗီယက်နမ်နိုင်ငံက တရားဝင်အနေနဲ့ ဘာသာမဲ့ ကွန်မြူနစ်နိုင်ငံ ဖြစ်ပေမယ့် နိုင်ငံသားအများစုကတော့ ကိုးကွယ်ယုံကြည်မှုရှိကြပါတယ်။
ဗုဒ္ဓဘာသာ က အဓိကဘာသာဖြစ်ပြီး၊ ဘိုးဘွားကိုးကွယ်မှု (Ancestor Worship) က ရိုးရာအခြေခံ ယုံကြည်ချက်ဖြစ်ပါတယ်။
ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတော့ ဘာသာရေးဆိုင်ရာ စည်းကမ်းချက်တွေ တင်းကျပ်မှု ရှိနိုင်ပေမယ့်၊ လူအများစုက မြန်မာ၊ ထိုင်း၊ လာအိုတို့လိုမျိုး ဘာသာရေးကို နေရာတကာမှာ အစွန်းရောက်ကိုင်းရှိုင်းတာ မရှိဘူး။
ဒါကြောင့် ဗီယက်နမ်ရဲ့ မြို့ကြီးတွေမှာ မြန်မာ၊ ထိုင်းတို့လို နေရာတိုင်း ဘုရားစေတီတွေ၊ ဘုန်းကြီး ကျောင်းတွေကို ထင်ထင်ရှားရှား ပေါပေါများများ တွေ့ရလေ့မရှိဘဲ၊ ဘာသာရေးပွဲတော်တွေနဲ့ ဘုရားဖူးတဲ့ နေရာတွေမှာပဲ အဓိက စည်ကားလေ့ရှိတယ်။
ဒါပေမဲ့ တရုတ်ယဉ်ကျေးမှု လွှမ်းမိုးမှု ကြောင့် ရိုးရာယုံကြည်မှုတွေကတော့ အခိုင်အမာ ရှိနေဆဲဖြစ်တယ်။
အိမ်တိုင်းလိုလိုမှာ ဘိုးဘွားစဉ်ဆက် ကိုးကွယ်ရာ နတ်ကွန်းတွေကို တွေ့ရပြီး၊ အထူးသဖြင့် တောရွာဘက်ကအိမ်တွေမှာ ညနေတိုင်း အိမ်ရှေ့နေရာတွေမှာ တရုတ်ရိုးရာ ငွေစက္ကူ/ရွှေစက္ကူ တွေကို ဘိုးဘွားတွေကိုရည်စူးပြီး မီးရှို့ပူဇော်တဲ့ဓလေ့ကို အများအပြားရှိတယ်လို့ စာပေတွေမှာဖက်ရသလိုကျွန်မကိုယ်တိုင်လဲတွေ့ခဲ့ရတဲ့အတွက် ရိုးရာယုံကြည်မှုက အခိုင်အမာ ရှိနေဆဲဖြစ်တဲ့အကြောင်း ပြသနေပါတယ်။
လူတွေကလဲ အသားဖြူဖြူနဲ့ တရုတ်အမျိုး နွယ်ဝင်တွေ ဆိုတာ သိသာပေမယ့် တရုတ်လူမျိုးလို့ပြောရင်မကြိုက်ကြကြောင်း ဗီယက်နမ်မိတ်ဆွေတွေက ပြောပြပါတယ်။
ဗီယက်နမ်မှာ ပြင်သစ်ကိုလိုနီလက်ထက်က ရောက်ရှိလာတဲ့ ခရစ်ယာန် (ကက်သလစ်) ဘာသာဝင် အများအပြားရှိပြီး၊ ခရစ်ယာန် ဘုရားကျောင်းတွေလည်း တည်ရှိနေတာကိုတွေ့ခဲ့ရတယ်။
သမိုင်းဝင် ဘုရားကျောင်းအချို့ကို အများပြည်သူ လေ့လာရေးနေရာ အဖြစ် သတ်မှတ်ထားပြီး၊ ဘုရားကျောင်း အများစုက ဝတ်ပြုကိုးကွယ်မှုများ ပုံမှန်ပြုလုပ်နေသော နေရာများဖြစ်ပြီး ဗီယက်နမ်နိုင်ငံက ကမ္ဘာပေါ်မှာ ကက်သလစ်ဘာသာဝင် အများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံလည်း ဖြစ်ပါတယ်။
ကျွန်မရဲ့ မိတ်ဆွေမေ ရဲ့ ပြောပြချက်အရတော့ “ ဗီယက်နမ်တွေက အခြားနိုင်ငံသားတွေ မုန်းတီးမှု သိပ်မရှိပါဘူး မြန်မာလူမျိုးတွေလဲ သဘောကျတယ်၊ လာအိုတွေလဲချစ်တယ်၊ ကမ္ဘောဒီယား နိုင်ငံသားတွေနဲ့ပဲ သိပ်အဆင်မပြေတာ၊ ထိုင်းမှာလိုမျိုး မြန်မာမို့လို့ အနိုင်ကျင့်တာ ခွဲခြား ဆက်ဆံတာ မရှိဘူး” လို့ပြော ပါတယ်။
ယခုအပတ်မှာစာရေးသူကျွန်မဟာ ကျောင်းစာများကြောင့် စာရေးချိန်မလုံလောက်လို့ ဗီယက်နမ် နိုင်ငံမှာ ကိုယ်တိုင်လေ့လာခဲ့ရတဲ့ ပညာရေး စီးပွားရေး နဲ့ ကျန်းမာရေး ကိစများကို မရေးသား နိုင်ခဲ့ပါဘူး။
ဒါကြောင့် ဒီအကြောင်းများ ပါဝင်မည့် အပိုင်း(၂) ကို ဆက်လက် စောင့်မျှော် ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။