ပြီးခဲ့တဲ့ စက်တင်ဘာလ လမှာ စစ်ကော်မရှင်လက်အောက်ခံ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက အစိုးရဝန်ထမ်းနဲ့ အငြိမ်းစားတွေကို အပိုထောက်ပံ့ကြေး တလလျင် ကျပ်ပ ၃၀၀၀၀ တိုးမြှင့်ခံစားခွင့်ပြုခဲ့ပြီး ၊ ပုဂ္ဂလိက လုပ်ငန်း အလုပ်သမားတွေအတွက်ပါ ထောက်ပံ့ကြေး တရက်လျင် ၁၀၀၀ ကျပ်နှုန်း တိုးပေးဖို့သတ်မှတ်ခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ အနည်းဆုံးအခကြေးငွေသတ်မှတ်ချက်ကို တနာရီလျှင် ကျပ် ၆၀၀ နှုန်း သတ်မှတ်ထားပြီး ၊ တရက်အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၄၈၀၀ နှုန်း ပေးဖို့ ၂၀၁၈ ခုနှစ်က သတ်မှတ်ခဲ့တာဖြစ်ပြီး အဲ့ဒီနှုန်းထားက ယနေ့ထိ ၇ နှစ်ကြာထိ ပြောင်းလဲ ပေးခြင်းမရှိဘဲ အပိုထောက်ပံ့ကြေး ဆိုတဲ့ခေါင်းစဉ်နဲ့ တနေ့လုပ်ခကို ကျပ် တစ်ထောင်တိုးပေးဖို့ ၃ ကြိမ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိမှာ တနေ့အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၇၈၀၀ ပေးချေရမှာဖြစ်ပြီး အလုပ်သမား ၁၀ ဦးအောက် လုပ်ငန်ငယ်တွေနဲ့ မိသားစု တနိုင်တပိုင်လုပ်ငန်း ငယ်တွေ နဲ့သက်ဆိုင်ခြင်းမရှိဘူးလို့ ဆိုထားပါတယ်။
ဒါပေမယ့် လက်ရှိ ခေတ်ကာလရဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုအခြေအနေရ အဆိုပါ သတ်မှတ်နှုန်းထားဟာ နည်းပါးပြီး ခေတ်နဲ့ မညီတော့တာကြောင့် အထည်ချုပ်လို လုပ်ငန်းတွေမှာတော့ အဲ့ဒီနှုန်းထားထက်ပိုတဲ့ ပမာဏ တိုင်တွေနဲ့ ပေးချေမှုစနစ်နဲ့ ပြောင်းလဲပေးချေခဲ့ကြပြီး ယခုလို ကျပ် တစ်ထောင်တိုးပေးတဲ့အပေါ် မသိကျိုးကျွံပြုလာတာတွေရှိလို့ အလုပ်သမားတွေနစ်နာနေကြရတယ်လို့ သိရပါတယ်။
လှိုင်သာယာ၊ ပဲခူး၊ ပုသိမ် နဲ့ အထက်ပိုင်း ဒေသတွေက အထည်ချုပ်စက်ရုံတွေအပါ လုပ်ငန်းတွေမှာ ဝန်ကြီးဌာန တိုးမြင့်သတ်မှတ်ထားတဲ့ ထောက်ပံ့ကြေးကို လုပ်ငန်းရှင်တွေက လက်ရှိပေးနေတဲ့ လစာနဲ့ ရောနှောပြီး ငြင်းပယ်နေတာကြောင့် လုပ်သားထောင်နှင့်ချီ နစ်နာနေကြရပါတယ်။
မြန်မာနိုင်ငံရှိ အထည်ချုပ်ကဏ္ဍက နိုင်ငံခြားပို့ကုန် အထည်တွေထုတ်လုပ်တဲ့ စက်ရုံအများစုက စစ်ကောင်စီက နောက်ဆုံးသတ်မှတ်လိုက်တဲ့ တစ်နေ့တာ လုပ်အားခ ဒေးကြေး ၇,၈၀၀ ကျပ် (အခြေခံ ၄,၈၀၀ + အပိုထောက်ပံ့ကြေး ၃,၀၀၀) ကို ရောနှော ရှောင်ကွင်းနေတယ်လို့ အလုပ်သမားတွေက ပြောဆိုကြပါတယ်။
မြန်မာအထည်ချုပ်ကဏ္ဍမှာ စက်ရုံ အလုပ်ရုံပေါင်း ၅၄၀ ဝန်းကျင်ရှိပြီး လုပ်သား အင်အား ငါးသိန်းဝန်းကျင် လုပ်ကိုင်နေပါတယ်။ သုံးကြိမ်မြောက် တောက်ပံကြေး ကျပ်တစ်ထောင်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဝန်ကြီးဌာနက တိုးမြှင်သတ်မှတ်ထားပေမဲ့ အလုပ်သမားတွေ ခံစားခွင့် မရကြဘူးလို့ ဆိုကြပါတယ်။ ဘာကြောင့်ပါလဲ ?
အထောက်ပံ့ကြေးကို ရောနှော၍ ရှောင်ကွင်းခြင်း
လုပ်ငန်းရှင်တွေကို တိုးမြှင့်သတ်တဲ့ ထောက်ပံ့ကြေးကို "လက်ရှိပေးနေသော လုပ်ခသည် အနည်းဆုံးလုပ်ခနှုန်း ၇,၈၀၀ ကျပ်ထက် ကျော်လွန်နေပြီ" ဆိုတဲ့ ဆင်ခြေနဲ့ ကျပ် တစ်ထောင်တိုးမြှင့်ပေးဖို့ ငြင်းဆင်နေကြတယ်လို့ ပုသိမ်ဒေသခံ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
"ပုသိမ်ဘက်က အထည်ချုပ်စက်ရုံတွေဟာ လက်ရှိ တစ်ရက်ကို ၉,၁၀၀ ကျပ် ပေးပါတယ်။ အခု အစိုးရက ထောက်ပံ့ကြေး ၁,၀၀၀ ထပ်တိုးပေးဖို့ ညွှန်ကြားတဲ့အခါ သူတို့က ၉,၁၀၀ ပေးထားတာ ၇,၈၀၀ ထက် ၁,၃၀၀ တောင် ပိုများနေပါပြီလို့ ပြောပြီး ထပ်မတိုးပေးတော့ပါဘူး" လို့ ပြောပါတယ်။
ပုသိမ်ဒေသဆိုင်ရာ အလုပ်သမားရုံး (အလရ) မှ ညွှန်ကြားစာတွေ စက်ရုံတိုင်းသို့ ရောက်ရှိနေတာကို သိရှိထားတယ်လို့လည််း ဆက်ပြောပါတယ်။
ဒါပေမဲ့ လုပ်ငန်းရှင်တွေကတော့ ဒေးကြေးမှာ ကျပ် တစ်ထောင် တိုးပေးဖို့ ရှောင်လွဲနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံတွေက ဒေးကြေး ၉၁၀၀ ထဲမှာ အနည်းဆုံး တရက်လုပ်ခမှာ ၄၈၀၀ ဖြစ်ပြီး ကျန်ရှိတဲ့ ငွေတွေကို ထောက်ပံကြေးအနေနဲ့ ပေးချေနေတာဖြစ်ပါတယ်။
ဒါကြောင့်လည်း တောက်ပံ့ကြေးဆိုပြီး တိုးမြှင့်ပေးမှုက စက်ရုံဘက်က ပေးတယ်ဆိုတဲ့ ထောက်ပံ့ကြေးနဲ့ ရောနှောပြီး တိုးမြှင့်ပေးချေဖို့ ငြင်းဆန်နေတာလို့ အလုပ်သမားတွေက မြင်နေတာပါ။
ကုန်ဈေးနှုန်းနှင့် အချိန်ပိုလုပ်အားခ နစ်နာမှု
အခုလို အပိုထောက်ပံ့ကြေးပေးဖို့ ငြင်းဆန်တာက လက်ရှိ ကုန်ဈေးနှုန်း၊ အဆောင်လခ၊ ဖယ်ရီခ တိုးမြှင့်ကောက်ခံမှုနဲ့ စစ်မှုထမ်းအတွက် ကောက်ခံငွေ တွေကြောင့် အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရချိန်မှာ အကြီးမားဆုံး နစ်နာမှုဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
"ကျွန်မတို့ ၃ သောင်းတိုးမယ်ဆိုပြီး ဝမ်းသာနေခဲ့ကြတာပါ။ အခုကျတော့ ဘာမှ မထူးခြားတော့ဘူး။ ထောက်ပံ့ကြေး ၁,၀၀၀ ဆိုတာ လမ်းဘေးက မုန့်တစ်ပွဲဖိုးတောင် မရှိတော့တဲ့ အခြေအနေမှာ ဒီလောက်တောင် ညစ်ပတ်ခံနေရတာပါ" လို့ အလုပ်သမား တဦးက စိတ်ပျက်လက်ပျက် ပြောဆိုပါတယ်။
အလုပ်ရှင်များ၏ အခွင့်အရေး ယူမှု
စက်ရုံအများစုက ဥပဒေကွက်လပ်ကို အခွင့်ကောင်းယူကာ ၎င်းတို့ ပေးနေသည့် ၉,၁၀၀ ကျပ်ကို "ယခင်ကတည်းက တိုးပေးပြီးသားဖြစ်သည်" ဟု ပြောဆိုနေကြတာက အခြေခံလုပ်ခလစာ ၄,၈၀၀ အပြင် ကျန်တဲ့ ငွေတွေကို စက်ရုံထောက်ပံ့ကြေး ခွဲထားလို့ တိုးပေးထားတဲ့ ကျပ် ၁,၀၀၀ ကို ထပ်ပေးဖို့ မလိုအပ်တော့ဘူးလို့ ပြောဆိုတာက ဥပဒေကို ရှောင်ကွင်းမှု ဖြစ်ပါတယ်။
ဒီလို ရှောင်ကွင်းမှုက အချိန်ပိုကြေး (OT) တွက်ချက်ရာတွင်လည်း လုပ်သားများ နစ်နာမှုဖြစ်နေပြီး အချိန်ပိုလုပ်အားခ အပြည့်အဝမရတော့ပဲ မလိုလားအပ်တဲ့ တောင်းဆိုမှုတွေပါ ဖြစ်ပေါ်နေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
ထောက်ပံ့ကြေးတွေကို အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်က စတင်တိုးမြှင့်ပေးခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာသုံးကြိမ်မြောက် တိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။
အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ကို အလုပ်လုပ်တဲ့ ရက်တွေအပြင်၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ ခံစားခွင့်ရှိတဲ့ ခွင့်ရက်များ (ဥပမာ- လုပ်သက်ခွင့်၊ ဆေးခွင့်၊ ရှောင်တခင်ခွင့် စသည်)၊ အလုပ်ပိတ်ရက်များ (အစိုးရရုံးပိတ်ရက်များ၊ အလုပ်ပိတ်ရက်များ) တို့အတွက်ပါ ခံစားခွင့်ပြုဖို့ သတ်မှတ်ထား ပါတယ်။
ဒါပေမဲ့ စက်ရုံဘက်ပေးထားတယ်ဆိုတဲ့ ထောက်ပံကြေးတွေကို ဥပဒေအရ ခံစားခွင့်ရက်တွေမှာ လုံးဝပေးတာမရှိဘဲ ရပိုင်ခွင့် ဖြတ်တောက်တဲ့ အပြင် ကျပ် ၄၈၀၀ ပဲ ပေးချေတဲ့ စက်ရုံတွေပါ ရှိနေတာပါ။
“ရန်ကုန်မှာဆိုရင် လုပ်ခ အနည်းဆုံး ၉၅၀၀ လောက်နေ ၁၃၀၀၀ လောက်အထိပေးတယ်။ အဲ့ထဲမှာ စက်ရုံဘက်က ပေးတယ်ဆိုတဲ့ ထောက်ပံ့ကြေးတွေလည်းပါတယ်။ ပိတ်ရက်တွေ၊ ခွင့်ရက်တွေအတွက်တော့ မပေးဘူး၊ ပေးရင်တောင် ၄၈၀၀ ကနေ ၆၈၀၀ အထိပဲ ပေးခဲ့တယ်။ ဒါတောင် ရက်ပျက်ဆိုပြီး အဖြတ်ခံရတယ်။ “ လို့ ပြောပါတယ်။
လစာပြဿနာတွေအပြင် လုပ်ငန်းခွင်အတွင်း လုပ်သားအခွင့်အရေး ချိုးဖောက်မှုတွေကို အလုပ်ရှင်နဲ့ စက်ရုံတာဝန်ရှိသူဘက်က ပြုလုပ်နေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
“အခုထောက်ပံ့ကြေး သာ မတိုးပေးတာ၊ ခွင့်ရက်လည်း မပေး၊ ခွင့်အတွက် ခံစားခွင့်လည်း မရ၊ အထည်ချုပ် လုပ်သားတွေကို အကြောင်းမဲ့ အကူအလုပ်သမား ပြောင်းခိုင်းတယ်။ လုပ်သက်ရင့် အလုပ်သမားတွေကို မကြိုက်တော့ဘူး ဆိုတာနဲ့ စိတ်ဖိစီးအောင် ဖိအားပေးပြီး အလုပ်က ထွက်အောင်လုပ်တယ်။”လို့ အမျိုးသမီးအထည်ချုပ်လုပ်သားတဦးက ပြောဆိုပါတယ်။
လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂ (Labour Union) နှင့် လုပ်ငန်းခွင် ဆက်ဆံရေး ကော်မတီ (WCC) တွေရှိပေမဲ့ လက်ရှိအခြေအနေမှာ အလုပ်ရှင်တွေရဲ့ ဖိအားပေးမှုကြောင့် မည်သို့မျှ မပြောဝံ့ကြဘဲ အင်အားချည့်နဲ့နေတယ်လို့လည်း အလုပ်သမားတွေက ပြောဆိုထားပါတယ်။
"သတ်မှတ်တာသာ ၇၈၀၀ ကျပ် ဘယ်အလုပ်သမားမှ အဲ့ပမာဏနဲ့ အလုပ်မလုပ်တော့ဘူး ၊ ဒါကြောင့်လည်း ကလေးလုပ်သားတွေကို ဈေးပေါပေါနဲ့ ပိုခိုင်းလာကြတယ်" လို့ လုပ်ငန်းငယ်လုပ်ကိုင်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။
လက်ရှိ နိုင်ငံရေး၊ စစ်မှုထမ်းကြေး၊ ကုန်ဈေးနှုန်း မြင့်တက်မှုတွေနဲ့အတူ လုပ်ငန်းခွင်အတွင်း ဥပဒေနဲ့ မညီတဲ့ ဖိနှိပ်မှုတွေက မြန်မာနိုင်ငံက လုပ်သားတွေရဲ့ နေ့စဉ်ဘဝကို ပိုမိုခက်ခဲစေပြီး၊ ထိရောက်သော ကြီးကြပ်ကွပ်ကဲမှု လိုအပ်နေတယ်လို့လည်း အလုပ်သမားတွေက ပြောဆိုထားပါတယ်။