ARTICLE

သမဂ္ဂခေါင်းဆောင်တစ်ဦးလျှောက်ခဲ့တဲ့ "လမ်း"

CoverLogo
18 Views

"စစ်မှုထမ်းမဲပေါက်တဲ့  ၃ ယောက်စလုံးလိုက်ရမယ်ဆိုပြီး စကစ တပ်သားတွေ လာခေါ်တော့ မောင်လေးက "ကျွန်တော်မိန်းမနဲ့ကလေးကိုပြန်နှုတ်ဆက်ဦးမယ်"ဆိုပြီးတော့ သူကနောက်ကြောင်းပြန်လှည့်ပြီးပြေးတာကို  ထွက်ပြေးတယ်ဆိုပြီးတော့ နောက်ကနေ ပစ်သတ်တာ သူ့မိန်းမလည်းသွေးနုသားနုဆိုတော့  သူ့ယောက်ျားအဲ့လိုဖြစ်တယ်ဆိုပြီးကြားတော့ ကလေးနို့တိုက်နေရင်းနဲ့ သွေးတက်ပြီးတော့ ကလေးရောမိန်းမပါ တစ်ခါထပ်ပြီးဆုံးသွားတယ် ၊ တစ်နေ့တည်းပဲ"

------------

မစိုးစိုး ( အမည်လွှဲ) ဟာ ၂၀၁၇ ခုနှစ်တုန်းက အရပ်သားအစိုးရလက်ထက်  ရန်ကုန် ရွှေပြည်သာမြို့နယ်က  AMG 1 အထည်ချုပ်စက်ရုံမှာ အလုပ်စတင်လုပ်ကိုင်ခဲ့သူပါ။ 

နောက်ပိုင်းမှာ လုပ်ငန်းခွင်က  အခြေခံအလုပ်သမားအဖွဲ့အစည်းထဲဝင်ရောက်ခဲ့ပြီး ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။ 

အလုပ်လုပ်နေစဉ်အတွင်း မှာ သူမ ကြုံတွေ့ခဲ့ရတာတွေကတော့  လုပ်ခလစာကိစ္စတွေ၊  ဥပဒေနဲ့ မညီတဲ့ စည်းမျဉ်းစည်းကမ်းတွေ ၊ ခေါင်းပုံဖြတ်မှုတွေနဲ့ အဓမ္မလုပ်အားခိုင်းစေမှု တွေ (forced labor) ကို တွေ့မြင်ခဲ့ရပြီး ဒါတွေကို လုံးဝလက်မခံနိုင်ခဲ့တာပါ။ 

အလုပ်သမားသမဂ္ဂခေါင်းဆောင်အဖြစ်‌ ရွေးချယ်ခံရခြင်း 

စတင်လုပ်ကိုင်စဉ်က  "အလုပ်သမားသမဂ္ဂအဖွဲ့အစည်းဆိုတာ ဘာလဲဆိုတာကို မသိခဲ့၊ နားမလည်ခဲ့ပေမယ့် လုပ်ငန်းခွင်အတွင်း က အလုပ်ရှင် အလုပ်သမား ညှိနှိုင်း ဖျန်ဖြေရေးကိစ္စရပ်တွေ ဆွေးနွေးညှိနှိုင်း  လုပ်ဆောင်မှုတွေနဲ့ အကျိုးစီးပွားအတွက် ကူညီပံ့ပိုးမှုတွေအကြောင်း"  ကြားသိခဲ့ရတဲ့ အခါမှာ သူမကိုယ်တိုင် အလုပ်သမားအဖွဲ့စည်း အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့တာပါ။ 

"လုပ်ငန်းဝင်ခဲ့တဲ့အချိန်မှာကျတော့ ကျွန်တော်တို့ဒီအလုပ်သမားတွေရဲ့ လုပ်ခလစာကိစ္စတွေ ပြီးလို့ရှိလို့ရှိရင် ဥပဒေနဲ့မညီတဲ့ စည်းမျဉ် စည်းကမ်းတွေထုတ်ပြီးတော့ အလုပ်သမားတွေဆီက နေပြီးတော့ ခေါင်းပုံဖြတ်တာမျိုးတွေ ပြီးရင် အလုပ်သမားတွေကို ဒီအဓမ္မလုပ်အားခိုင်းစေမှုတွေ အဲ့တာတွေ ကြုံလာရတဲ့အခါမျိုးကျတော့ လုံးဝမှ လက်မခံနိုင်ဘူး" လို့ ပြောပါတယ်။ 

နောက်ပိုင်းမှာတော့ အခြေခံအလုပ်သမားအဖွဲ့အစည်းတွေလည်ပတ်ပုံ၊ အဖွဲ့ဝင်တွေရဲ့ လစဉ် ထည့်ဝင်ငွေတွေ၊ သမဂ္ဂဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေ အလွဲသုံးစားမှုတွေကို ဝင်ရောက်ထောက်ပြရင်း သမဂ္ဂခေါင်းဆောင် ပြန်လည်ရွေးချယ်ရာမှာ ဥက္ကဌအဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။ 

လုပ်ငန်းခွင်အတွင်းမှာရှိတဲ့ အခြေခံအလုပ်သမား အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဖြစ်လာပြီးနောက် မြန်မာနိုင်ငံ လုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် CTUM , မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ်  IWFM တို့ရဲ့ လမ်းညွှန်မှုနဲ့  အလုပ်သမား အခွင့်အရေးများနှင့် ခံစားပိုင်ခွင့်များ ကို သိရှိနားလည်စေရန် အသိပညာပေး သင်တန်းတွေ ရရှိခဲ့ပြီး အလုပ်သမားတွေရဲ့ အသိပညာပြန့်ပွားရေးလုပ်ငန်းတွေမှာ ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် အာဏာပိုင်တွေရဲ့လက်ချက်နဲ့ မိသားစုဝင်များဆုံးရှုံးခဲ့ရ

၂၀၂၁ စစ်အာဏာသိမ်းချိန် မှာတော့ သူမအနေနဲ့  အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့ အတူ လူထုဆန္ဒပြပွဲတွေမှာ စတင်ပါဝင်ခဲ့ပါတယ်။ မိမိတို့ စက်ရုံမှ အလုပ်သမားတွေနဲ့  ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေမှာ တက်ကြွစွာ  ပါဝင်ခဲ့ပါတယ်။

လူထုသပိတ်တွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုတွေဖြစ်ပွားပြီး နောက်ပိုင်းမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုအောက်မှာ မိသားစုဝင် ၉ ဦးကို ဆုံးရှုံးခဲ့ရပါတယ်။

အကို နဲ့ ယောင်းမ ဖြစ်သူတို့ဟာ အာဏာသိမ်းဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ ပေါ်ပေါက်ချိန်  စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုအောက်မှာ ဆုံးပါးသွားခဲ့ရတာပါ။ 

"ဧရာဝတီတိုင်းအင်္ဂါပူမြို့နယ်၊ ထူးကြီးအုပ်စုထဲမှာပါတယ် စစ်တပ်က ရွာထဲဝင်စီးပြီးတော့ ပြေးကြလွှားကျ ဟိုဘက်ဒီဘက် လက်နက် ဓါး ထုတ်စွဲပြီးတော့ပြန်ခုခံတဲ့အခါမှာ ညီအစ်ကိုနှစ်ယောက်ကို  မနက်ဘက် ၉ နာရီ ၊ ဆယ်နာရီလောက်ကနေပြီးတော့နှစ်ယောက်စလုံးဖမ်းခေါ်သွားတယ်  ညနေခြောက်နာရီကျော်ကျော်လောက်ကြတော့မြို့ထိပ်မှာအလောင်းလာချထားတယ် အငယ်ကောင်ကတော့ဘယ်ရောက်လို့ဘယ်မှန်းမသိဘူး တစ်နှစ်ကျော်ကျော်လောက်ကြာမှ သူကသံ‌ဖြူဇရပ်အနောက် မှာ တချို့လူတွေနဲ့တွေ့ခဲ့တယ် ပေါ့ ဒါပေမယ့်စိတ်ကမမှန်တော့ဘူး ရူးသလိုဖြစ်နေတာပေါ့ ခန္ဓာကိုယ်တွေမှာ အပ်ပေါက်ရာတွေအများကြီးလို့ပြောတယ် အဲ့တာပဲသိရတယ်သေသလားရှင်သလား မသိရတော့ဘူး" 

နွေဦးတော်လှန်ရေးအစကာလမှာ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ပြည်သူလူထုကို အာဏာသိမ်းစစ်တပ်လက်အောက်ခံ လုံခြုံရေးတပ်သားတွေက အကြမ်းဖက် ပစ်ခတ်မှုတွေ ကျူးလွန်ခဲ့ပြီး လူထုသပိတ်တွေလည်း အတုံးအရုံးဖြိုခွင်းခံခဲ့ရပါတယ်။ အဲ့ဒီအထဲမှာ မစိုးရဲ့ အကိုဖြစ်သူသေဆုံးခဲ့ရပြီး မောင်ငယ်တစ်ဦးကတော့ ပျောက်ဆုံးသွားခဲ့ကာ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာလို့ ဆိုပါတယ်။ 

"ဆိုင်မှာကွမ်းရောင်းနေတဲ့ ယောင်းမကိုတောင်မှပဲ သူကတော့ စစ်ကားတွေလာပြီဆိုတော့ "သတိနဲ့နေကြ" ပေါ့နော် ဘာရယ်မဟုတ်ဘူးအော်လိုက်တာ အော်လိုက်တဲ့အခါမျိုးကျတော့ အဲဒီစစ်ကားပေါ်ကလူကကြားလည်းကြားရော ဘာအော်တာလဲဆိုပြီး ပစ်သတ်သွားတာ"

အဲ့ဒီပတ်ခတ်သတ်ဖြတ်မှုက  ၂၀၂၁ ခုနှစ် မတ်လက   ဧရာဝတီတိုင်း မန်အောင်မြို့နယ် မှာဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

နောက်ထပ်ဖြစ်ပွားခဲ့တဲ့ ဆုံးရှုံးမှုကတော့ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း ဥပဒေအသက်သွင်းပြီးနောက် ၂၀၂၅ ခုနှစ်  ဇွန်လမှာ ဓမ္မစစ်မှုထမ်းရန် ခေါ်ဆောင်ရင်း ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်ခံခဲ့ရတာပါ။ 

"မောင်အရင်း စစ်မှုထမ်း မဲပေါက်တယ် မဲပေါက်တော့သူ့ရဲ့ မိန်းမက ကလေးမွေးပြီး သုံးရက်ပဲရှိသေးတယ် အဲ့ဒီတော့ ဥက္ကဋ္ဌကိုတောင်းပန်တယ် ကျွန်တော်မလိုက်ဘူးမဟုတ်ဘူး လိုက်ပါမယ် ကျွန်တော်မိန်းမ မီးထွက်ပြီးရင်လိုက်မယ်ပေါ့နော် ဟုတ်ပြီ မင်းမိန်းမ မီးထွက်လို့ရှိလို့ရှိရင်တော့မဖြစ်မနေမင်းလိုက်ရမှာနော် ဆိုပြီး ညနေလည်းကျရော စစ်တပ်က ရောက်လာပြီးတော့ အဲစစ်မှုထမ်းမဲပေါက်တဲ့သူ ၃ ယောက်စလုံးလိုက်ရမယ် ဆိုပြီး လာခေါ်တော့ မောင်လေးက ကျွန်တော်မိန်းမနဲ့ကလေးကိုပြန်နှုတ်ဆက်ဦးမယ်ဆိုပြီးတော့ သူကနောက်ကြောင်းပြန်လှည့်ပြီးပြေးတာကို  ထွက်ပြေးတယ်ဆိုပြီးတော့ နောက်ကနေ ပစ်သတ်တာ သူ့မိန်းမလည်းသွေးနုသားနုဆိုတော့  သူ့ယောက်ျားအဲ့လိုဖြစ်တယ်ဆိုပြီးကြားတော့ ကလေးနိုးတိုက်နေရင်းနဲ့ သွေးတက်ပြီးတော့ ကလေးရောမိန်းမပါ တစ်ခါထပ်ပြီးဆုံးသွားတယ် ၊ တစ်နေ့တည်းပဲ "

သူမရဲ့  အခြေအနေတွေကို  သိရှိသွားတဲ့ မိခင်မှာလည်း နှလုံးရောဂါ ဖြင့် စိတ်ဖိစီးမှုကြောင့် ဆုံးပါးခဲ့ပါတယ်။  တဆက်တည်းမှာပဲ မိခင်ကို မှီခိုနေရတဲ့ ညီမအငယ်ဖြစ်သူလည်း ထပ်ဆင့် ဆုံးပါးကွယ်လွန်ခဲ့ပါတယ်။ 

ယခုအခါ သူမမှာ  မိသားစုဝင် တစ်ဦးမှ မရှိတော့ဘူးလို့ ဆိုပါတယ်။

ယခုလိုအရပ်သားပြည်သူတွေ   စာနာမှုကင်းမဲ့စွာ ပစ်ခတ် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ 

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် စစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်ကနေ    အောက်တိုဘာ ၂၉  ရက်၊ ၂၀၂၅ ခုနှစ်အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေတို့ရဲ့လက်ချက်ကြောင့်  ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၄၂၂) ဦးသေဆုံးခဲ့ရပါတယ်။  

ကောက်ယူရရှိတဲ့ စာရင်းတွေထက်လည်း ပိုများနိုင်တယ်လို့ စစ်တမ်းကောက်ယူထားတဲ့  AAPP အဖွဲ့က ကထုတ်ပြန်ထားပါတယ်။ 

"ကျွန်တော့်မှာကျွန်တော့်မိသားစုဆိုလို့ တစ်ယောက်မှမရှိတော့ဘူးပေါ့နော် အခုလို ဖြစ်နေတဲ့အကျိုးဆက်တွေ သမဂ္ဂခေါင်းဆောင်ဆိုတဲ့အကျိုးဆက်တွေအတွက်  နောင်တတော့မရဘူး ဘာကြောင့်လဲဆိုတော့ ဒီစစ်အာဏာရှင်အုပ်ချုပ်တဲ့စနစ်အောက်ကို လုံးဝ လက်မခံနိုင်ဘူး"လို့ သူမကပြောပါတယ်။

ပြည်တွင်းမှာ  မိသားစုဝင်တွေ သေဆုံး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဆောက်တည်ရာကင်းမဲ့ခဲ့တဲ့ မစိုးစိုးဟာ နေရာထိုင်ခင်း အခက်အခဲတွေ အဆောင်လခ မတတ်နိုင်တာနဲ့ စားဝတ်နေရေး အတွက် ပြတ်လပ်မှုတွေ  မကြာခဏကြုံတွေ့ခဲ့ရပြီး ကြုံရာအလုပ်တွေလုပ်ကိုင်ကာ အသက်ဆက်ခဲ့ရတယ်လို့ သူမကပြောပါတယ်။ 

သူမသွားရောက်နေထိုင်ခဲ့တဲ့  နေရာတွေမှာလည်း   "သမဂ္ဂဥက္ကဋ္ဌ" ဆိုတဲ့  နာမည်ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အထိ သတင်းပျံ့သွားပြီး၊ အကြိမ်ကြိမ် စစ်ဆေးခြင်းနှင့် စခန်းခေါ်ယူစစ်ဆေးခံရခြင်း များကို ကြုံခဲ့ရပါတယ်။ 

၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာလည်း   ကျန်းမာရေးအခြေအနေကြောင့် ဧရာဝတီတိုင်း ၊ ဘိုကလေးဆေးရုံတက်နေစဉ်၊ ရဲတွေက  ဆေးရုံအထိ လာရောက်စစ်ဆေးခဲ့ပြီး ထိုစဉ်က ဆရာဝန်တစ်ဦးက သူမအား ငွေကျပ်  ၃ သောင်းပေးပြီး  အာဏာပိုင်များနှင့် ထိပ်တိုက်မတွေ့ဘဲ ထွက်ပြေးရန် အကြံပြုခဲ့ပါတယ်။

ညနေပိုင်းတွင် ရဲများက စခန်းသို့ ခေါ်ဆောင်သွားပြီး CTUM, IWFM အလုပ်သမား အဖွဲ့ ချုပ်တွေ အကြောင်း စစ်ဆေးခဲ့ရာ သူမသည် ဆန္ဒပြပွဲများတွင် မပါဝင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။  

ထို့နောက် ရဲမှူးတစ်ဦး၏ စာနာမှုဖြင့် အချုပ်ခန်းမထားဘဲ ခေါ်သွားကာ နောက်နေ့မနက်တွင် ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။ 

ထိုဖြစ်ရပ်များကြောင့် မစိုးစိုးဟာ  မန္တလေးတိုင်း ကျောက်ဆည်သို့ ရောက်လာခဲ့ပြီး ထိုနေရာရှိ အထည်ချုပ်စက်ရုံတွင် ဝင်ရောက် လုပ်ကိုင်ခဲ့ပေမယ့် မန္တလေးမှ အလုပ်သမားဟောင်းများက သူမကို "ဥက္ကဋ္ဌ" ဟု ခေါ်ဝေါ်နှုတ်ဆက်ခဲ့ရာ၊ ထိုအကြောင်းသည် အလုပ်ရှင်ထံ ပေါက်ကြားပြီး ၁၇ ရက်သာ လုပ်ကိုင်ရသေးသော သူမကို မလုံခြုံအကြောင်းပြကာ အလုပ်မှ ထွက်ခိုင်းခဲ့ပါတယ်။

သံရည်ကျိုစက်ရုံတရုံမှာ ဝင်လုပ်စဉ်၊ သူမ၏ ခြေထောက်မှာ လေဖြန်းသကဲ့သို့ ဖြစ်နေပြီ ဖြစ်သောကြောင့် မပြေးနိုင်ဘဲ ဖမ်းမိခံရပြီး စစ်ကောင်စီ စစ်သားများ နားနေသော အခန်းတွင် တစ်ပတ်ခန့် နေခဲ့ရပြီး မတ်လ ၂၈ ရက် ငလျင်လှုတ်ခတ်ချိန်မှာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် လွတ်မြောက်ခဲ့ရတယ်လို့ ပြောပါတယ်။ 

ကျန်းမာရေး ယိုယွင်းမှုများနဲ့ ခံယူချက် 

လက်ရှိမှာတော့ ကျန်းမာရေးယိုယွင်းမှုတွေကြောင့်နှာခေါင်းသွေးခဏခဏကျခြင်း၊ ဘယ်ဘက်တစ်ခြမ်းက တင်းကျပ်နေခြင်း၊ ပြင်းထန်စွာ ကိုက်ခဲခြင်း တို့ကို ခံစားနေရပြီး နာကျင်မှုကြောင့် လမ်းပင်မလျှောက်နိုင်တော့ဘဲ၊ တရွတ်တိုက်သွားနေရသော အနေအထားမှာရှိပေမယ့် ဆေးကုသဖို့ အခက်အခဲတွေလည်း ကြုံနေရတာပါ၊

အရင်က ဆေးစစ်ချက်များအရ သူမသည် သွေးနီဥကင်ဆာ (အဆင့် ၂) ရှိသည်ဟု သိရပြီး၊ ယခုအခါတွင် ဆရာဝန်များက အဆင့် ၄ နီးပါး ရောက်နေပြီ ဖြစ်သောကြောင့် မကုသတော့ဘဲ စိတ်ချမ်းသာအောင်နေဖို့နဲ့ အာဟာရရှိတဲ့  အစားအစာများကိုသာ ကျွေးရန် အကြံပြုချက်ကို ကြားသိခဲ့ရပြီး နေ့ရက်တွေကို အားတင်းဖြတ်ကျော်နေပါတယ်။ 

မစိုးစိုးဟာ စားဝတ်နေရေးနဲ့  ဆေးကုသရေးအတွက် အခက်အခဲများစွာ ရင်ဆိုင်နေရပါတယ်။

ဒါပေမယ့် အခုလို ဆုံးရှုံးမှုတွေ  ရောဂါဝေဒနာများနှင့် ဒုက္ခမျိုးစုံ ခံစားရသော်လည်း သူမသည် စစ်အာဏာရှင်စနစ်အောက်တွင် နေထိုင်ခြင်းကို လက်မခံနိုင် သောကြောင့်၊ လမ်းတစ်ဝက်မှ နောက်ကြောင်းပြန်ဆုတ်မည်မဟုတ်ကြောင်း ခံယူထားပါတယ်။

သူမ ခွန်အားမှာ အလုပ်သမားများ ကျန်ရှိနေသေးသည် ဆိုသော စိတ်ဓာတ်ဖြင့် ရှေ့ဆက်လျှောက်လှမ်းနေပါတယ်။

စစ်အာဏာရှင် ဖိနှိပ်မှုအောက် နိုင်ငံတိုးတက်မှုမရှိဘဲ လူရမ်းကား တွေမင်းမူနေတဲ့  နိုင်ငံဖြစ်လာမှာကို စိုးရိမ်နေပြီး  မိသားစု အသက်ပေးဆပ်ရမှုအတွက် နာကျင်သော်လည်း တိုက်ပွဲဝင်ရင်း ပေးဆပ်ရတဲ့ အတွက် ဂုဏ်ယူတယ်လို့ ပြောပါတယ်။ 

"ဒီစစ်အာဏာရှင် လက်ထက်ရောက်သွားပြီဆိုလို့ရှိရင် ကျွန်တော်တို့ကကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့လူငယ်တွေတစ်ဦးတစ်ယောက်ချင်းစီရော သူတို့ဖိနှိပ်မှုအောက်မှာပဲကျွန်တော်တို့နေရမှာ တိုးတက်မှုဆိုတာလည်းဘာမှမရှိဘူး အသိအမြင်ဗဟုသုတဆိုတာလည်းပဲ ကျွန်တော်တို့မှာဘာမှရှိမှာမဟုတ်ဘူး ပြီးရင်လူရမ်းကားတွေပဲစုနေတဲ့တိုင်းပြည်ဖြစ်လာလိမ့်မယ် နောက်မျိုးဆက်တွေအတွက်လည်း သူတို့အသိပညာ ဗဟုသုတ သူတို့ရဲ့တိုးတက်မှု သူတို့ရဲ့ဘဝရပ်တည်မှုဒါတွေကအကုန် စုတ်ပြတ်သတ် တော့မယ် ဘာကြောင့် လည်းဆိုလို့ရှိရင်ဒီစစ်အာဏာရှင်စစ်တပ်က သူတို့အတွက်ပဲသူတို့က လုပ်ကြတယ် ပြည်သူအတွက်သူတို့လုပ်ကြတာမဟုတ်ဘူး အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့လက်မခံနိုင်ဘူး"လို့ အာဏာရှင်အုပ်ချုပ်မှုကို ဆန့်ကျင်ရတဲ့အကြောင်းပြောပါတယ်။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ပြည်သူတွေ၊ လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်များ များစွာအသက်ပေးခဲ့ကြရပြီး အာဏာရှင်ရှိနေသမျှ ဒီလိုအဖြစ်ဆိုးမျိုးတွေ ဆက်ဖြစ်နေအုံးမှာလို့ ဆိုပါတယ်။

 မစိုးစိုးက ကျန်းမာရေးအခြေအနေကြောင့် လှုပ်ရှားမှုတွေမလုပ်နိုင်ပေမယ့် တကယ်လို့ သူမနေကောင်းပါက "လက််နက်ကိုင်တိုက်ပွဲဝင်မယ်"ဆုံးဖြတ်ထားကြောင်းပြောပါတယ်။

သမဂ္ဂခေါင်းဆောင်ဖြစ်ခဲ့တဲ့သူမက အလုပ်သမားအဖွဲ့ချုပ်တွေနဲ့လက်တွဲပြီး အလုပ်သမားသမဂ္ဂတွေ ပြန်လည်ပေါ်ပေါက်လာရေးနဲ့ အလုပ်သမားထုအတွက် ဥပဒေထက်သာလွန်ကောင်းမွန်တဲ့အခွင့်အရေးတွေရရှိစေချင်တယ်လို့လည်းပြောပါတယ်။ 

လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်က ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ စစ်ကော်မရှင်ကို အဖြစ်ခံယူကာ လက်အောက်ခံ အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး ရွေးကောက်ပွဲကျင်းပဖို့ကြိုးစားနေပါတယ်။ 

၂၀၂၅ မှာ စစ်တပ်က လုပ်တဲ့ "ရွေးကောက်ပွဲကိုလက်မခံသလို  မဲထည့်မှာမဟုတ်ဘူး"လို့ သူမက ပြတ်သားစွာ ပြောပါတယ်။

 


Related posts

Cover
အခြေခံလစာလား၊ ထောက်ပံ့ကြေးလား။ မြန်မာ့လုပ်သားတွေ ဘယ်လောက်အထိ ရေရှည်နစ်နာနေရသလဲ။
Oct 28, 2025
Cover
Wan Xin Myanmar အထည်ချုပ် စက်ရုံပိတ်သိမ်း၊ အလုပ်ရှင်ဘက်မှ ပေးချေစရာရှိသည်များပေးစေလိုဟု အလုပ်သမားတွေပြော
Oct 28, 2025
Cover
Golden Five Myanmar Co.,Ltd စက်ရုံတွင် အချိန်ပိုလုပ်ခမပေးဘဲ ချုပ်ခိုင်း
Oct 27, 2025
Cover
စစ်မှုထမ်းပြီးပါက ပြည်တွင်း အလုပ်သာမက ပြည်ပအလုပ်အကိုင်ရရှိဖို့ပါ လုပ်ဆောင်ပေးမယ်လို့ စစ်ကော်မရှင်စည်းရုံး
Oct 27, 2025
Cover
လှိုင်သာယာ YUAN HONG စက်ရုံ၌ အလုပ်သမားများအား ဆဲဆိုခိုင်းစေခြင်းနှင့် မတရားငွေဖြတ်တောက်မှုများ ရှိနေဟုဆို
Oct 27, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးကို ခံဝန်ဖြင့် ၆ လနေထိုင်ရန် တရားရုံး အမိန့်ချ
Oct 27, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(အောက်တိုဘာ၂၀-၂၆)
Oct 26, 2025
Cover
အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်အသစ်လက်ထက် ဂျပန်ရောက်မြန်မာတို့၏ အနာဂတ်နှင့် စိုးရိမ်မှုများ
Oct 26, 2025