ကျွန်မနာမည်ကို လောလောဆယ် မပြောလိုသေးပါဘူး။
ကျွန်မက တရုတ်ပြည်၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့မှာရှိတဲ့ Yunnan Xiao Bu Garment ဆိုတဲ့ အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်ခဲ့တဲ့ မြန်မာအလုပ်သမား ၃၀၀ ကျော်ထဲက တစ်ဦးပါ။
ဒီစက်ရုံကို နောက်ထပ်လာမယ့်၊ အိပ်မက်တွေနဲ့ ရောက်လာမယ့်သူတွေ ကျွန်မတို့လို ခက်ခဲမှုတွေ မကြုံရအောင် အဖြစ်မှန်တွေကို ဖွင့်ပြောပါ့မယ်။
"ရွှေလီရောက်မှ ကြားရတဲ့ ပွဲစားခ"
ကျွန်မ ရွှေလီကို ရောက်လာတာက မူဆယ်က ပွဲစားတစ်ဦးကနေတစ်ဆင့်ပါ။ အသိတစ်ယောက်က မိတ်ဆက်ပေးခဲ့တာပါ။ စစချင်းမှာ "ပွဲစားခ ပေးစရာမလိုဘူး" လို့ ပြောတော့ ဝမ်းသာခဲ့ရတာပေါ့။
ဒါပေမယ့် တရုတ်နိုင်ငံဘက်ရော ဒီစကားက ဆပ်ပြာ ပူဖောင်းလို ဖြစ်သွားတယ် ။
ရွှေလီရောက်လို့ စာချုပ်ချုပ်တဲ့အခါကျတော့မှ "ယွမ် ၄,၀၀၀ ကျော်" ကုန်ကျစရိတ်ရှိတယ်လို့ ပြောလာ ပါတယ်။
ကျွန်မ အံ့သြသွားတယ်။
ကြိုတင်ငွေလဲ မယူထားဘဲနဲ့ ဘာလို့ ဒီလောက်ကုန်ကျတာလဲလို့ မေးတော့၊ စက်ရုံဘက်က "ရွှေလီကို လာတဲ့သူတိုင်း ဒီလောက်တော့ ကုန်ကျတာပဲ" လို့ ဖြေပါတယ်။
တခြားစက်ရုံတွေကို မေးမြန်းကြည့်တော့ တကယ်တမ်းဆို ယွမ် ၂,၀၀၀ ဝန်းကျင်ပဲ ကုန်ကျတယ်ဆိုတာ သိရတော့တယ်။
ယွမ် ၂၀၀၀ ဆိုတာ မြန်မာ ငွေနဲ့ ၁,၁၂၀,၀၀၀ (ဆယ့်တစ်သိန်းနှစ်သောင်း)ကျော်ပါ။
ကျွန်မ ရင်ထဲမှာ စပြီး မွန်းကြပ်လာခဲ့ရပါတယ်။
"နေ့တိုင်းလိုလို လုပ်ကိုင်ပေးရတဲ့ အခမဲ့ အချိန်ပို"
ကျွန်မတို့ စက်ရုံအလုပ်ချိန်က မနက် ၇ နာရီ ၄၀ မိနစ်မှာ အလုပ်စဝင်ရပါတယ်။
နေ့လယ် ထမင်းစားချိန် မိနစ် ၄၀၊ ညနေ ထမင်းစားချိန် မိနစ် ၃၀ ပေးထားပါတယ်။ ည ၉ နာရီ ၁၀ မိနစ်အထိ အလုပ်ဆင်းပေးရတယ်။
ည ၉ နာရီ ၁၀ နာရီ အထိ ဆင်းရပေမယ့် အချိန်ပို (OT) ကြေးကို အလုပ်ချိန် ၂ နာရီအတွက်ပဲ ရပါတယ်။
ဒီထက်ဆိုးတာက ည ၉ နာရီ ၁၀ မိနစ် နောက်ပိုင်းမှာ "အထည်မရသေးလို့" ဆိုပြီး ည ၁၀ နာရီ၊ ၁၁ နာရီ၊ ၁၂ နာရီအထိ ဆက်တိုက် အလုပ်ဆင်းခိုင်းတာပါ။
ဒီအချိန်ပိုတွေကိုကျတော့ OT ကြေး လုံးဝ မရပါဘူး။ အလကား ဆင်းပေးရတာပါ။
အထည်မရဘူးဆိုပြီး ဆဲဆိုတာ၊ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာတွေကိုလည်း နေ့တိုင်းလိုလို ကြုံတွေ့ခဲ့ ရပါတယ်။
ညတိုင်းလိုလို အချိန်ပိုတွေ ဆင်းရတော့ ကျွန်မတို့တွေ အိပ်ရေးပျက်၊ အစားပျက်ပြီး နေမကောင်းဖြစ် ကြရပါတယ်။
"လစာကလည်း မမှန်၊ အမြဲဖြတ်တောက်ခံရ"
ကျွန်မတို့ အမှန်တကယ် ရသင့်တဲ့ လုပ်ခလစာနဲ့ ရတာက တခြားစီပါပဲ။
တစ်လကို ယွမ် ၁,၀၀၀ ကနေ ၂,၀၀၀ ကျော်လောက်ပဲ ရနေတာပါ။ ဒါပေမယ့် OT ကြေးက တစ်နာရီကို ယွမ် ၅ ကျပ်ပဲ ရနေတာပါ။
ဒါတောင် တစ်လကို ယွမ် ၄၀၀ ကနေ ၅၀၀ အထိ ဖြတ်တောက်ခံရပါသေးတယ်။
အစိုးရ စစ်ဆေးရေးတွေ ခဏခဏလာတော့ စက်ရုံက ကျွန်မတို့ကို လိမ်ပြောခိုင်းပါတယ်။
"လစာ ယွမ် ၃,၀၀၀ ကျော်ရတယ်လို့ ပြောပါ"
"OT ကြေး ယွမ် ၁၀ ကျပ်ရတယ်လို့ ပြောပါ"
"မှတ်ပုံတင်၊ စမတ်ကတ် မသိမ်းဘူးလို့ ပြောပါ"
"အလုပ်ချိန်က ညနေ ၅ နာရီခွဲအထိပဲ လုပ်ရတယ်လို့ ပြောပါ"
"ထမင်း အလကားကျွေးတယ်လို့ ပြောပါ" (တကယ်က တနင်္ဂနွေတစ်ရက်စာကို လုပ်အားနဲ့ ပြန်ဆပ်ရတာ)
"ဒဏ်ကြေးမရှိဘူး၊ အလုပ်သမားခေါင်းဆောင် ရှိတယ်လို့ ပြောပါ"
သူတို့ ပြောခိုင်းတာတွေကို မပြောရင် "ပိုက်ဆံလျော်ပြီး ပြန်ခိုင်းပစ်မယ်" လို့ အမြဲခြိမ်းခြောက်ပါတယ်။
"ညစ်ပတ်ပြီး ကျပ်တည်းတဲ့ နေထိုင်မှု"
နေထိုင်ရတာကလည်း လူမဆန်ပါဘူး။
အခန်းတစ်ခန်းထဲကို အလုပ်သမား ၈ ဦး ထည့်ထားပါတယ်။
အခန်းထဲမှာ ချက်ပြုတ်စားသောက်ခွင့် လုံးဝ မပေးပါဘူး။ ရေလုံလောက်အောင် မပေးတာကြောင့် ရေချိုးတာ မဝတဲ့အပြင်၊ ရေ လုံးဝ မချိုးရတဲ့ ရက်တွေတောင် ရှိခဲ့ဖူးပါတယ်။
လူ ၃၀၀ ကျော်ရှိတဲ့ စက်ရုံမှာ အိမ်သာတွေကလည်း အမြဲညစ်ပတ်နေတယ်။ ရေမလုံလောက်တော့ အိမ်သာ ထဲမှာပဲ ရေချိုးကြရတဲ့ အဖြစ်ဆိုးတွေလည်း ရှိပါတယ်။
ဒီလိုမျိုး မနေနိုင်ကြတော့ အလုပ်သမား အများအပြားဟာ ထွက်ပြေးခဲ့ကြပါတယ်။
စက်ရုံထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်လေးတွေရှိတယ်။ သူတို့ကို အောက်လမ်းကနေ ခေါ်ထားတယ် ခိုင်းထားတယ်။
"နေမကောင်းလို့ ပြန်ချင်ရင် နှစ်ဆပေးရ"
ကျွန်မတို့ နေမကောင်းဖြစ်လို့၊ မခံနိုင်တော့လို့ ပြန်ချင်ကြောင်း အကျိုးအကြောင်းပြောတော့ အလုပ်ရှင်က "ပြန်ချင်ရင် ပိုက်ဆံ နှစ်ဆပေးပြီးမှ ပြန်ရမယ်" လို့ ပြောပါတယ်။
ကြိုပြီး မပြောလို့ နှစ်ဆပေးရမယ်တဲ့။
တကယ်တမ်းကျတော့ ကျွန်မတို့ရထားတဲ့ လုပ်အားခတွေ ပြန်ပေး ခိုင်းတာပါ။
အလုပ်ထွက်သွားတဲ့ အလုပ်သမားတွေရဲ့ လုပ်ခဲ့တဲ့ တစ်လစာ လစာကိုလည်း ဖြတ်ယူထားပါတယ်။
ကိုယ်စားလှယ်လွှဲစာနဲ့ သွားထုတ်ခိုင်းတော့လည်း "မပေးနိုင်ဘူး" လို့ ပြောပြီး ကျွန်မတို့ရဲ့ ချွေးနဲစာကို ခေါင်းပုံဖြတ်ပါတယ်။
ကျွန်မ ဒီ အဖြစ်အပျက်တွေကို ထုတ်ဖော်ပြောရတာက ခံစားခဲ့ရတာတွေကို ရင်ဖွင့်တယ်ဆိုတာထက်၊ ဒီ Yunnan Xiao Bu Garment စက်ရုံလို အလုပ်သမားအခွင့်အရေးတွေကို နင်းချေနေတဲ့နေရာကို နောက်ထပ် မြန်မာအလုပ်သမားတွေ လာရောက်အလုပ်လုပ်ကိုင်ခြင်း မပြုမိစေဖို့ ပါ။
တရုတ်နိုင်ငံက စက်ရုံတွေဆီ အလုပ်လုပ်ကြမယ်ဆိုရင် ဝင်လုပ်ဖို့ လွယ်သလိုရှိပေမဲ့ ကိုယ်တိုင်မသိဘဲ ဖြတ်တောက်နေတဲ့ အခကြေးငွေရှိပါတယ်။
ဒီလို မသိဘဲ လုပ်နေရတာက ထိုက်တန်တဲ့ လုပ်ခတွေမရဘဲ ကျွန်တယောက်လို ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် ပွဲစားခ၊ ဝန်ဆောင်ခ ၊ ယွမ် (တရုတ်ငွေ) ပေါက်ဈေး တွေ ၊ အိုတီကြေးနဲ့လစာတွေ ၊ လုပ်ခရှင်းပေးမဲ့ နေ့ရက် စတာတွေ တိတိကျကျ မေးပြီးမှာ လက်မှတ်ထိုးကြဖို့ ညီကို မောင်နှမတွေကို သတိပေးပါတယ်။








