ARTICLE

လေယာဉ်ဗုံးဒဏ်အောက်က ပျက်စီးသွားသော ကလေးသူငယ်များ၏ အနာဂတ်

CoverLogo
104 Views

လေယာဉ်သံကြားတိုင်း ထိတ်လန့်တကြား အော်ဟစ်ငိုယိုနေရသည့် ကလေးငယ်များ၏ ပုံရိပ်များသည် လက်ရှိ မြန်မာနိုင်ငံ၏ စစ်ပွဲနောက်ကွယ်မှ အဆိုးရွားဆုံး အမှန်တရားကို ဖော်ပြနေသည်။ တိုင်းရင်းသား ဒေသများတွင် စစ်ကောင်စီ၏ နေ့စဉ်နှင့်အမျှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများသည် ဒေသခံ အရပ်သား ပြည်သူများအပေါ် ကြီးမားသော ဘေးအန္တရာယ်နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ဖန်တီး ပေးနေသည်။ အထူးသဖြင့် ပြင်းထန်သော တိုက်ခိုက်မှုဒဏ်ကို အဆိုးဆုံး ခံစားနေရသူများမှာ အပြစ်မဲ့ ကလေးသူငယ်များပင် ဖြစ်သည်။ ၎င်းတို့၏ ကလေးသူငယ် အခွင့်အရေးများ မည်မျှ ပြင်းထန်စွာ ချိုးဖောက်ခံနေရသည်ကို နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှုများ၏ ရလဒ်က အထင်ရှားဆုံးနှင့် အကြေကွဲဆုံး ပုံရိပ်အဖြစ် ပြသနေပါသည်။

ကြောက်မက်ဖွယ်ကောင်းသော နေ့စဉ်ဘဝ

တိုင်းရင်းသားဒေသများရှိ ကလေးသူငယ်များအတွက် နေ့စဉ်ဘဝသည် ပုံမှန်မဟုတ်တော့ပါ။ ကစားရမည့်အရွယ် ပညာသင်ကြားရမည့်အရွယ်တွင် ၎င်းတို့သည် လေယာဉ်သံနှင့် ဗုံးသံကိုသာ အဖော်ပြုနေရသည်။ တစ်ရက်တစ်ခြား ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ၎င်းတို့၏ စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်ခြင်း၊ မလုံခြုံခြင်းဟူသည့် ခံစားချက်များကသာ ကြီးစိုးနေသည်။

ကလေးငယ်များအတွက် ကောင်းကင်ယံမှ အသံသည် ငြိမ်းချမ်းရေး၏ အဓိပ္ပာယ်မဟုတ်တော့ဘဲ သေခြင်းတရားနှင့် ကြောက်ရွံ့ခြင်း၏ နိမိတ်ပုံ ဖြစ်နေသည်။ နေ့စဉ်နှင့်အမျှ နားနှင့်မစိမ်းနိုင်သော လေယာဉ်သံကြောင့် ကလေးငယ်များသည် အကြီးအကျယ် စိတ်ဒဏ်ရာ (Trauma) များ ရရှိနေ ကြသည်။ ညအခါ အိပ်မပျော်ခြင်း၊ အိပ်မက်ဆိုးများမက်ခြင်း၊ လေယာဉ်သံကြားတိုင်း ရုတ်တရက် ထိတ်လန့်ပြီး အော်ဟစ်ငိုကြွေးခြင်း၊ စိတ်ကျရောဂါ လက္ခဏာများ ပြသခြင်းတို့သည် သူတို့၏ နေ့စဉ်ဘဝ ဖြစ်လာသည်။

“ကျွန်မသားလေးက လေယာဉ်သံကြားရင် တစ်ကိုယ်လုံး တုန်ယင်လာပြီး ဗုံးခိုကျင်းထဲကို ပြေးဝင်ပုန်း ဖို့ပဲ ကြိုးစားတော့တယ်။ အရင်ကလို ပျော်ပျော်ရွှင်ရွှင် မရှိတော့ဘူး" ဟူသော မိဘတစ်ဦး၏ ပြောစကား သည် ဒေသတွင်း ကလေးငယ်များ၏ အခြေအနေကို အထင်အရှား ဖော်ပြနေသည်။ စဉ်ဆက်မပြတ် ဖိစီးမှုများကြောင့် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုသည် ပြင်းထန်စွာ ရပ်တန့်နေရသည်။

နိုင်ငံတကာမှ အသိအမှတ်ပြု ကလေးသူငယ် အခွင့်အရေးများ ချိုးဖောက်ခံနေရ

မြန်မာနိုင်ငံသည် ကလေးသူငယ်များအခွင့်အရေးဆိုင်ရာသဘောတူညီချက်စာချုပ် (CRC) ကို ၁၉၉၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း စစ်ကောင်စီ၏ လုပ်ရပ်များသည် UN Convention on the Rights of the Child ပါ ပြဋ္ဌာန်းချက်များကို ကြီးလေးစွာ ချိုးဖောက်နေပါသည်။

၁။ အသက်ရှင်သန်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ခွင့် (Right to Life and Development) ကို ချိုးဖောက်ခြင်း- ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကလေးငယ်များ၏ အသက်အန္တရာယ် နေ့စဉ်နှင့်အမျှ ခြိမ်းခြောက် ခံနေ ရပြီး ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တွင် ဖွံ့ဖြိုးကြီးပြင်းခွင့် ဆုံးရှုံးနေရသည်။ NUG လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန၏ စက်တင်ဘာလအထိ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်အတွင်း အာဏာသိမ်းပြီး နောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၁,၄၈၇ ဦး ရှိခဲ့ပြီး ကလေးငယ်များစွာ ပါဝင်သည်။

၂။ အကာအကွယ်ပေးခံခွင့် (Right to Protection) ကို ချိုးဖောက်ခြင်း- စစ်ပွဲဒဏ်မှ အကာအကွယ် ပေးမည့်အစား နေအိမ်များနှင့် စာသင်ကျောင်းများအနီး ဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် ကလေးငယ်များ သည် စစ်ဘေး၏ တိုက်ရိုက်သားကောင်များ ဖြစ်နေရသည်။ အရပ်ဘက် ပစ်မှတ်များကို တိုက်ခိုက် ခြင်းသည် စစ်ရာဇဝတ်မှု (War Crimes) မြောက်ကြောင်း နိုင်ငံတကာဥပဒေပညာရှင်များက ထောက်ပြ နေကြသည်။

၃။ ပညာသင်ကြားခွင့် (Right to Education) ကို ချိုးဖောက်ခြင်း- စာသင်ကျောင်းများ ပျက်စီးခြင်း၊ လုံခြုံရေးအရ ကျောင်းတက်နိုင်ခြင်း မရှိခြင်းတို့ကြောင့် ကလေးငယ် သောင်းချီ၍ ပညာရေး ဆုံးရှုံး နေရပြီး ၎င်းတို့၏ အနာဂတ်အတွက် အခြေခံအုတ်မြစ် ပျောက်ဆုံးနေရသည်။

မှောင်မိုက်နေသော အနာဂတ်နှင့် လမ်းပျောက်နေသော မျိုးဆက်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဒဏ်ကြောင့် အိုးအိမ်စွန့်ခွာရသော ကလေးသူငယ် (IDPs) များ၏ အရေအတွက်သည်လည်း အဆမတန် တိုးပွားလာသည်။ ၂၀၂၄ နှစ်အတွက် UNHCR အစီရင်ခံစာများအရ ပြည်တွင်း ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာသူ ဒုက္ခသည် ၁.၃ သန်းကျော်အထိ ရောက်ရှိနေပြီး ကလေးသူငယ်များ စွာပါဝင်သည်။ စစ်ဘေးရှောင်စခန်းများတွင် အခြေခံကျန်းမာရေး စောင့်ရှောက်မှု၊ သန့်ရှင်းသောရေနှင့် စနစ်တကျ ပညာရေးတို့ ချို့တဲ့နေသည်။ ကလေးများသည် ကျောင်းပြင်ပရောက်သွားပြီး ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့မှုများအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများဖြင့် ကြီးပြင်းလာရခြင်းကြောင့် မှောင်မိုက်နေသော အနာဂတ်ကိုသာ မြင်တွေ့နေရသည်။ 

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၏ ရေရှည်ရိုက်ခတ်မှု

အဆက်မပြတ်ကြားနေရသော ဗုံးပေါက်ကွဲသံများ၊ လေယာဉ်ပျံသံများကြောင့် ကလေးငယ်များမှာ အမြဲတမ်း ကြောက်ရွံ့ထိတ်လန့်နေရသည်။ မည်သည့်အချိန်တွင်မဆို အန္တရာယ်ကျရောက်နိုင်သည် ဟူသော စိုးရိမ်စိတ်ကြောင့် ပုံမှန်ဘဝနေထိုင်မှုမှာ ပျက်စီးဆုံးရှုံးသွားသည်။ ပြင်းထန်သော စိတ်ဒဏ်ရာ များသည် နောင်အနာဂတ်တွင် စိတ်ကျရောဂါ (Depression)၊ စိတ်ဒဏ်ရာလွန်ကြောက်စိတ် (Post-Traumatic Stress Disorder - PTSD) စသည့် စိတ်ပိုင်းဆိုင်ရာရောဂါများအဖြစ် ကူးပြောင်းနိုင်ပြီး  လူ့ဘဝတစ်လျှောက်လုံးကို ဆိုးရွားစွာ သက်ရောက်မှုရှိစေနိုင်သည်။

လက်ရှိအခြေအနေများ ဆက်လက်ဖြစ်ပေါ်နေပါက မြန်မာနိုင်ငံသည် စိတ်ဒဏ်ရာများဖြင့် ကြီးပြင်းလာ သော မျိုးဆက်တစ်ရပ်ကို မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်သည်။ ဤမျိုးဆက်သည် ၎င်းတို့၏ ငယ်ဘဝကို ငြိမ်းချမ်းစွာ မဖြတ်သန်းခဲ့ရသဖြင့် လူ့အဖွဲ့အစည်းနှင့် ကမ္ဘာကြီးအပေါ် ယုံကြည်မှုကင်းမဲ့လာနိုင်ပြီး ရေရှည်တွင် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်လာနိုင်သည်။

နိဂုံးနှင့် တောင်းဆိုချက်

လေယာဉ်သံကြားတိုင်း ထိတ်လန့်ငိုကြွေးနေရသည့် တိုင်းရင်းသား ကလေးသူငယ်များ၏ ဘဝသည် စစ်ပွဲ၏ အရက်စက်ဆုံး သက်သေပင် ဖြစ်သည်။ ၎င်းတို့၏ အခွင့်အရေးများကို စဉ်ဆက်မပြတ် ချိုးဖောက် နေခြင်းအား နိုင်ငံတကာအသိုင်းအဝိုင်းက ဒီအတိုင်းကြည့်ပြီး တံခါးအပိတ်အစည်းဝေးတွေဘဲ လုပ်နေတော့မှာလားလို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဦးက ပြောပါသည်။

ဤအခြေအနေသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ပြီး တာဝန်ရှိသူများကို စစ်ရာဇဝတ်မှုများ အတွက် တာဝန်ခံစေရန် နိုင်ငံတကာ ဖိအားပေးမှုများ လိုအပ်နေသည်။ ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့်-

၁။ လူသားချင်းစာနာမှု အကူအညီများကို လိုအပ်နေသော ဒေသများသို့ ဘေးကင်းစွာ ပို့ဆောင်နိုင် ရေးအတွက် ပိုမိုလုပ်ဆောင်ရန်။

၂။ ဤအကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် စစ်ကောင်စီအပေါ် ထိရောက်သော ဖိအားပေးမှုများ ပြုလုပ်ရန်။

၃။ ဤကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာနှင့် ပညာရေး အနာဂတ်အတွက် ရေရှည်အစီအစဉ်များ ချမှတ်ရန်။

ကလေးများအားလုံး ဘေးကင်းလုံခြုံစွာ ကြီးပြင်းခွင့်၊ ပညာသင်ကြားခွင့်နှင့် စစ်မဲ့သည့်ဘဝကို ပိုင်ဆိုင်ခွင့်သည် ၎င်းတို့၏ အခြေခံအခွင့်အရေးများသာမက မြန်မာနိုင်ငံ၏ ခိုင်မာသော အနာဂတ် အတွက်လည်း အရေးအကြီးဆုံး လိုအပ်ချက်ပင် ဖြစ်ပေသည်။ ဤကလေးငယ်များ၏ အသံကို ကမ္ဘာက ကြားပြီး ၎င်းတို့အတွက် အပြောင်းအလဲတစ်ခုကို ဖန်တီးပေးရန် အချိန်တန်ပြီ ဖြစ်သည်။


Related posts

Cover
ဗီယက်နမ်ဒဏ္ဍာရီလာ နဂါးစိမ်းကျောက်တောင်များ ရှိရာနေရာ (သို့မဟုတ်) Halong Bay (ဟာလောင်း ပင်လယ်အော်)
Oct 05, 2025
Cover
“ညည်းချင်း ၂၀၂၅”
Oct 02, 2025
Cover
အချိန်ပိုင်းလုပ်သားခေါ်ယူခြင်းနှင့်  လုပ်သားရှားပါးမှုပြဿနာ
Sep 11, 2025
Cover
ကိုလိုနီခေတ်ဥပဒေ အသက်ဝင်နေဆဲလား။
Sep 11, 2025
Cover
ပဉ္စမမြောက်ဝန်ကြီး ခန့်အပ်ခြင်း
Sep 01, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူများအား ဖမ်းဆီးပြီး တရားစွဲဆိုမှုဖြစ်ရပ်က အလုပ်သမား ရပိုင်ခွင့်နှင့် လုံခြုံရေးဟာ  စစ်ကောင်စီလက်အောက်တွင် မည်မျှအထိ အန္တရာယ်ရှိနေသည်ကို ပြသနေ
Aug 15, 2025
Cover
အကြွေးနွံထဲက ပြည်ပအိမ်မက်များ
Aug 14, 2025
Cover
အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးနှင့် STUM အဖွဲ့ဝင် ၉ ဦး ဖမ်းဆီးခံရမှုနောက်ကွယ်က မြန်မာ့အလုပ်သမားအခွင့်အရေးများ
Aug 11, 2025