NEWS

မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။ အပိုင်း ၁

CoverLogo
55 Views

ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်(ILO) ရဲ့ ၁၁၃ နှစ်ပြည့်အစည်းအဝေးမှာ ပုဒ်မ ၃၃ နဲ့ မြန်မာနိုင်ငံစစ်အုပ်စုကို အရေးယူဖို့ ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။ 

အခုလို ချမှတ်ခဲ့တဲ့အပေါ် နောက်ဆက်တွဲဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။ စစ်အာဏာရှင် ပပျောက်ရေး ဘာတွေ ဆက်လက်ကြိုးစားသွားရမလဲ၊ မြန်မာ အလုပ်သမားထုကို ပို့ပေးတဲ့သတင်းစကားတွေပါဝင်တဲ့   မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် CTUM ဥက္ကဌ ဦးမောင်မောင်နဲ့ အင်တာဗျူးထားချက်ကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။ 

"ဒီနေ့ ဇွန်လ ၅ ရက်နေ့၊ ၂၀၂၅မှာ ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်(ILO) ရဲ့ ၁၁၃ နှစ်ပြည့်အစည်းအဝေးမှာ စစ်အုပ်စုကို အစဥ်တစိုက် အလုပ်သမားတွေရဲ့အခြေခံအခွင့်အရေးချိုးဖောက်မှု၊ လူအခွင့်အရေးချိုးဖောက်မှုအပေါ်မှာ မူတည်ပြီး‌တော့ အရေးယူဖို့ဆိုတာကို ILO ကနေ ဆုံးဖြတ်ချက်ချလိုက်တယ်။ အဲ့ဒါကလည်း ILOရဲ့အခြေခံဥပဒေ ပုဒ်မ၃၃ အရ (Article 33 အရ) အရေးယူဖို့ဆိုတာကို ချမှတ်လိုက်ပါတယ်" ဆိုတဲ့အကြောင်း အားလုံးကိုတင်ပြချင်ပါတယ်။

ကျွန်တော်တို့ ၄ နှစ်ရှိပြီးပေါ့ဗျာ။ ၂၀၂၁ ထဲက သူတို့အာဏာသိမ်းလိုက်တယ်။ အာဏာသိမ်းလိုက်တာက ဒီမိုကရေစီမရှိဘူး၊ စစ်တပ်အုပ်ချုပ်ရေးဖြစ်တယ်၊ ဒီမိုကရေစီမရှိရင် အလုပ်သမားအခွင့်အရေးမရရှိနိုင်ဘူး၊ အလုပ်သမားသမဂ္ဂတွေ လွတ်လွတ်လပ်လပ်ဖွဲ့လို့မရဘူး။ ဒါကြောင့်မလို့ ဒါကိုစစ်အုပ်စုကိုလက်မခံပါနဲ့ဆိုပြီး ကျွန်တော်တို့က ၂၀၂၁ ဇွန်လမှာ ကန့်ကွက်ခဲ့တယ်။ 

နောက်တခါ ၂၀၂၂မှာတော့ ကျွန်တော်တို့က ချိုးဖောက်မှုတွေပိုများလာတယ်၊ အခြေခံအချက်တွေချိုးဖောက်မှုတွေပိုများလာတယ်၊ မလိုက်နာဘူးတွေ ပြောတဲ့အခါကြတော့ ကျွန်တော်တို့စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပါတယ်။ ILOကစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့တယ်။ ဒီကော်မရှင်ကို စစ်အုပ်စုကလက်မခံဘူး။ လိုက်လဲမလိုက်နာနိုင်ဘူးလို့ ပြောပါတယ်။ အဲ့ဒီထဲမှာ သူတို့ကဆက်ပြီးတော့ လုပ်တယ်။ 

ဆက်လုပ်တဲ့အခါမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်က ၂၀၂၃သြဂုတ်လမှာ သူရဲ့အစီရင်ခံစာထွက်ပါတယ်။ အစီရင်ခံစာထဲမှာတော့ ဟုတ်တယ်၊ စစ်အုပ်စုကချိုးဖောက်နေတာများတယ်၊ ဒါကြောင့်မလို့ အချက်၁၁ချက်ကို လိုက်နာဖို့လိုတယ်။ အချက်၁၁ချက်ထဲမှာ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့၊ သမဂ္ဂဖွဲ့တာကို တားဆီးလို့မရဖို့၊ မတားဆီးသင့်ဘူး။ နောက်တခါအလုပ်ရှင်၊ အဖွဲ့အစည်းတွေနဲ့လွတ်လွတ်လပ်လပ်ဖွဲ့ဖို့သင့်တယ် ဒါကိုလည်းတားဆီးလို့မရဘူးဆိုတာကို Commission of enquiry Report ထွက်တယ်။ အဲ့ဒီ Reportကိုလည်း သူတို့က ဂရုမစိုက်ဘူး။ မြန်မာ့အလင်းမှာရေးတယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ရေးတယ်။ ဒါပေမဲ့ သူတို့ရေးတဲ့စာကို ILO ရေးတဲ့စာအတိုင်းမလုပ်ပါနဲ့၊ ကျွန်တော်တို့မှာ အချိန်လိုသေးလို့ပါ၊ တိုင်းပြည်ကအခက်ခဲအဖြစ်နေလို့ပါ၊ ဆိုပြီး ဒီလူတွေက မျက်နှာ၂မျိုးဗျ၊ ပြည်သူရှေ့မှာကြတော့ ဝူးဝါး ဝူးဝါးနဲ့၊ နိုင်ငံတကာကို ဂရုမစိုက်ဘူးနဲ့၊ ILOကိုကျတော့ ဟဲဟဲ ဟဲဟဲနဲ့၊ ဟိုဟာလုပ်ပေးပါ ဒီဟာလုပ်ပေးပါ ကျွန်တော်တို့အချိန်မတန်သေးလို့ပါပြောတယ်။ ဒါပေမဲ့ ILOကလည်း အရူးမဟုတ်ဘူးလေ။ 

ဘာလို့လဲဆိုတော့ အရင်တုန်းက သက္ကရာဇ်၂၀၀၀ တုန်းက ဒီကိစ္စကို ကြုံဖူးခဲ့တယ်။ သက္ကရာဇ်၁၉၉၆ကနေ ၂၀၀၀အထိက ဗိုလ်ခင်ညွန့်တို့လက်ထက်တုန်းကလည်း အဲ့လိုပဲ၊ ဒီCOEနဲ့အလုပ်လုပ်ရတယ်။ ပြီးတော့သူတို့မျိုးစုံလိမ်တယ်၊ ဟိုရွှေ့ ဒီ‌ရွှေ့နဲ့လုပ်တယ်။  နောက်ဆုံးမရတော့မှ Article 33 ကို သက္ကရာဇ်၂၀၀၀မှာ ချခဲ့တယ်။ အခုလည်း အဲ့ဒီလိုပါပဲ။ ၂၀၂၄မှာကြတော့ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့က ဆက်ပြီးတော့တောင်းဆိုတဲ့အတွက်ကြောင့် ILOမှာ ဝိုင်းပြီးဆုံးဖြတ်တယ်။ 

သုံးပွင့်ဆိုင် ဆုံးဖြတ်တယ်။ ဘာလဲဆိုတော့ စစ်အုပ်စုမှာ Article 33 အရ အရေးယူမယ်ဆိုတဲ့အဆိုကို စဥ်းစားမယ်ဆိုတာ ပထမအချက်ဖြစ်တယ်။ နောက်ထပ်တခါကြတော့ ဒီနိုဝင်ဘာ ၂၀၂၄ ကျတော့ အခုလာမဲ့၊ အခုရှိတဲ့ ၂၀၂၅ ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ် ညီလာခံမှာတော့ ဆွေးနွေးဖို့အတွက်ကိုစာကြမ်း ရေးလိုက်ပါတယ်။ အဲ့တော့ ဒီစာကြမ်းက ဒီနေ့အတည်ပြုလိုက်တဲ့စာကြမ်းက ၂၀၂၄ နိုဝင်ဘာထဲက ရေးထားတဲ့စာကြမ်းဖြစ်တယ်။ အဲ့ဒါကို၂၀၂၄ မတ်လမှာ တခါထပ်ပြီးတော့ ဖတ်ပါတယ်။ ဖတ်ပြီးတော့အားလုံးက ပြင်ဆင်မှုမရှိဘူး၊ စာလုံးအပြောင်းအလဲမရှိဘူး၊ ဆိုတော့ ဒါကိုလက်ခံလာတယ်။ အဲ့တော့ဇွန်လ၂ရက်နေ့ကထင်တယ်။ ၂ရက်နေ့က ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ General Affair Committee ဆိုတာရှိတယ်။ ဒီ Committee က အထွေထွေကော်မတီ ပေါ့နော်၊ ဒီမှာ ဆွေးနွေးတော့ အားလုံးကသဘောကျကြတယ်။ အဲ့ဒီမှာ တရုတ်၊ ရုရှား၊ ဘယ်လာရုဇ် တို့က ကန့်ကွတ်တယ်။ မှတ်တမ်းတင်ပါလို့ပြောတယ်။ အားလုံးပါဝင်တဲ့အစည်းအဝေးမှာဆွေးနွေးကြတယ်။ ဆွေးနွေးကြတဲ့အချိန်မှာ အမြဲတမ်းစစ်အုပ်စုကိုထောက်ခံနေတဲ့ ရုရှားရယ်၊ တရုတ်ရယ်၊ ဘယ်လာရုရယ်ကလွဲလို့ ကျန်တဲ့လူတွေကအားလုံးက ထောက်ခံတယ်။ အဲ့ဒီမှာ တိုးလာတာကတော့ လာအိုနိုင်ငံတစ်နိုင်ငံက တိုးလာတယ်။ 

ဒါကြောင့်မလို့ ဒီနေ့မှာတော့ ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်တယ်။ ဆိုတော့ အတည်ပြုတယ်ဆိုတဲ့အခါကြတော့ အတည်ပြုတော့ ဘာဖြစ်မှာလဲ၊ ဘာဖြစ်မှာလည်းဆိုတော့ မနက်ဖြန်တော့ဘာမှ မဖြစ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီစာထဲမှာရေးထားတာက အဓိကအချက်ပါတယ်။ အဓိကကျတဲ့အချက်က ဘာလဲဆိုတော့ 

"ILOရဲ့အဖွဲ့ဝင်တွေ၊ ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့အဖွဲ့ဝင်နိုင်ငံတွေ ဘာကိုပြောတာလဲဆိုတော့ အလုပ်ရှင်ရော၊ အလုပ်သမားရော၊ အစိုးရကိုရော ပြောတာ။ ILOရဲ့ထူးခြားချက်က ဘာလဲဆိုတော့ တခြားအဖွဲ့စည်းတွေပေါ့နော်၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တို့၊ ကမ္ဘာကျန်းမာရေးအဖွဲ့တို့ဆိုတာ အစိုးရတွေပဲတက်ရတဲ့အစည်းအဝေး၊ အစိုးရအဖွဲ့တွေပဲရှိတယ်။ ကမ္ဘာအလုပ်သမားရေးရာအဖွဲ့ကျတော့ အလုပ်သမားလဲပြောပိုင်ခွင့်ရှိတယ်၊ အလုပ်ရှင်လဲပြောပိုင်ခွင့်ရှိတယ်။ ဆိုတော့ ကျွန်တော်တို့ဆွေးနွေးတဲ့အပေါ်မှာ အားလုံးသဘောတူတာက ဘာလဲဆိုတော့ စစ်အုပ်စုနဲ့ဆက်ဆံရေးကို အားလုံးသော ILOရဲ့အဖွဲ့ဝင်တွေ ပြန်လည်သုံးသပ်ဖို့ကို ရေးထားပါတယ်။ အဲ့တော့ အဲ့ဒါကအဓိကကျတယ်။ 

ပြန်လည်သုံးသပ်ဖို့ ဘာလို့ရေးထားလဲဆိုတော့ အကယ်၍ သူတို့နဲ့လုပ်နေတဲ့သူရှိနေရင် စစ်အုပ်စုသည် လူ့အခွင့်အရေးချိုးဖောက်နေတယ်၊ အလုပ်သမားအခွင့်အရေးချိုးဖောက်နေတယ်၊ အဲ့ထဲကမှ မင်းတို့သည်လည်း ကြံရာပါဖြစ်သွားနိုင်တယ်၊ ဆိုတဲ့အနေအထားရှိတဲ့အတွက်ကြောင့် အများစုက ပြန်လည်သုံးသပ်ပြီးတော့ နောက်ဆုတ်သွားမှာပါ။ အဲ့တော့ Article 33က အလုံးစုံသော စီးပွားရေးပိတ်ဆို့မှုမဟုတ်ဘူးနော်၊ အဲ့ဒါကို တဖက်က အရမ်းတွေပြောနေကြတယ်။ “ဟ စီးပွားရေးပိတ်လိုက်ရင် လူတွေက ဒုက္ခရောက်ကြမှာပေါ့” ဘာညာတွေပြောတယ်၊ မဟုတ်ပါဘူး။ အဲ့တော့ ကျွန်တော်တို့က စစ်အုပ်စုနဲ့ ဆက်ဆံနေတဲ့လူတွေကိုပဲ သေသေချာချာပြန်ဆန်းစစ်ဖို့ ပြောတာဖြစ်တယ်။ အဲ့တော့ တစ်ခုတော့ရှိတယ်။ စီးပွားရေးသမားကြီးတွေပဲ တစ်ခုထဲမဟုတ်တော့ဘူး၊ အစိုးရတွေပါ ပါလာပြီ။ သံတမန်ရေးနဲ့ပတ်သက်လို့ အခုအဆင့်နှိမ့်ထားတဲ့ကိစ္စတွေ ရှိတယ်။ ဒါထက် တဆင့်နှိမ့်ဦးမှာလား၊အဲ့ဒါတွေက ကျွန်တော်တို့မြန်မာနိုင်ငံသားတွေက ဆွေးနွေးရပါမယ်။ ဒီမိုကရေစီဘက်တော်သားတွေ ဆွေးနွေးရပါမယ်။ ဒါပေမဲ့ တခြားဆွေးနွေးထားတာနဲ့ ဘာကွာလဲဆိုတော့ ဒီနေ့ဆုံးဖြတ်ချက်က ILOကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ 

ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ဆိုတာ ကုလသမဂ္ဂအဖွဲ့ဝင် အဖွဲ့အစည်းဖြစ်ပါတယ်။  ဒါကြောင့်မို့ ကုလသမဂ္ဂအဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုက ချမှတ်တဲ့ဆုံးဖြတ်ချက်ဆိုတာကို ကျွန်တော်တို့ကကိုင်တွယ်ပြီးတော့ လိမ်လိမ်မာမာဆွေး‌နွေးဖို့လိုပါလိမ့်မယ်။ အဲ့ဒီအလုပ်ကို ကျွန်တော်တို့လုပ်မှာပါ။ 

"ချိုးဖောက်ခံရတဲ့လူတွေက သူတို့ချိုးဖောက်ခံရတဲ့သတင်းကို အတိအကျပေးဖို့လိုတယ်"။ ကျွန်တော်တို့လည်း ကျွန်တော်တို့အမြဲသတင်းယူနေတာ ရှိပါတယ်။ အဲ့ဒီကျွန်တော်တို့အဖွဲ့ဝင်တွေ မြေအောက်ကနေသတင်းလှမ်းပို့ပေးလာတာတွေ ရှိတယ်။ အဲ့ဒီလူတွေအားလုံးရဲ့ ပါဝင်မှုနဲ့ပဲ အောင်မြင်တာဖြစ်တယ်။ အဲ့ဒီဟာကိုလဲ ကျွန်တော်တို့ဆက်ပြီးလုပ်သွားဖို့လိုပါတယ်။ 

ကျွန်တော်တို့အခုလုပ်မဲ့အလုပ်ကတော့ ဒီဆုံးဖြတ်ချက်ချပြီး၊ ကျွန်တော်တို့အဖွဲ့တွေ လူပြန်ဆုံလို့ရှိရင် ကျွန်တော်တို့ ဒီကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ မြန်မာပြည်ပေါ်မှာ ချမှတ်ထားတဲ့ ဒီဥပဒေပုဒ်မ၃၃အရ ချမှတ်ထားချက်ကို အရေးယူတဲ့နေရာမှာသော်လည်းကောင်း၊ ချိုးဖောက်မှုကိုသော်လည်းကောင်း၊ တွေ့ရအောင်ဆိုပြီးတော့ Monitorပေါ့နော်၊ စောင့်ကြည့်လေ့လာရေး လုပ်ငန်းကော်မတီလေးတစ်ခုတော့ ဖွဲ့ပါမယ်။ သုံးပွင့်ဆိုင်ပါ။ Triple  type Monitoring ပေါ့နော်။ ကျွန်တော်တို့ဖွဲ့ပါမယ်။ ဖွဲ့ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ ချိုးဖောက်မှုတွေကို ပိုပြီးတော့ စေ့စေ့စပ်စပ်ပေါ့နော်၊ အားလုံးနဲ့ ပိုပြီးအလုပ်လုပ်သွားမယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်ခဏကတင်ပြသလို reporting ပေါ့နော် သတင်းပို့ပါမယ်။ သက်ဆိုင်ရာနိုင်ငံတွေ၊ သက်ဆိုင်ရာလုပ်ငန်းတွေ၊ လုပ်ငန်းကြီးတွေကိုပေါ့ ကျွန်တော်တို့ဆက်ပြီးတော့ အရေးယူဖို့ဆိုတာကို၊ အရေးယူဖို့ဆိုတာထက် ပြန်ဆုတ်ဖို့ကို စစ်အုပ်ချုပ်ရေးနဲ့အလုပ်မလုပ်ဖို့ကို ကျွန်တော်တို့ဆွေးနွေးမှာ ဖြစ်ပါတယ်။ အဲ့ဒါက ကျွန်တော်တို့အရေးယူမှုဆိုတာ ဒါကိုပြောတာပါ။ ဟုတ်ကဲ့ပါ၊ ကျေးဇူးပါ။ 

စောင့်ကြည့်လေ့လာရေး လုပ်ငန်းကော်မတီမှာ ကျွန်တော်တို့ NUGရဲ့ အလုပ်သမားဝန်ကြီးဌာနပါ ပါမယ်။ နောက်တစ်ခါ အလုပ်ရှင်တွေအနေနဲ့တော့ ကျွန်တော်တို့ရဲ့မဟာမိတ်တွေပေါ့နော်၊ ဒီ Myanmar Employers of Organizationဆိုတဲ့ တစ်ဖွဲ့ရှိတယ်။ နောက်ထပ်တစ်ခါ Myanmar Employer Statistics တစ်ဖွဲ့ရှိတယ်။  အလုပ်ရှင် ၂ဖွဲ့ရှိပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ မြန်နာပြည်အလုပ်သမားတပ်ပေါင်းစုပေါ့နော်၊ Myanmar Labour Alliance ဆိုတာရှိပါတယ်။ ကျွန်တော်တို့ Myanmar Labour Alliance ကတော့ ၂၀၁၉ထဲက Covid ကာလထဲက လုပ်ငန်းအတူတူလုပ်ခဲ့တဲ့အဖွဲ့စည်းဖြစ်တယ်။ Covid ကာလထဲက ကျွန်တော်တို့ လှိုင်သာယာမှာ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ဟုတ်ကဲ့။ ဒီအဖွဲ့တွေ ပါပါတယ်။ တခြားသော် CSOတွေ၊ NGOတွေနဲ့လည်း အလုပ်လုပ်မှာပါ။ လုပ်လဲလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ အကူညီလဲအများကြီးလိုပါတယ်။ ကျွန်တော်တို့ ချည်းပဲလည်း မတက်နိုင်ပါဘူး။ အဲ့တော့ CSO‌တွေ၊ NGOတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့အစည်းတွေ အားလုံးပေါ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့လည်း ပူးတွဲပြီးတော့ အလုပ်လုပ်ရမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ။

ဆက်လက်ဖော်ပြပါမည်။


Related posts

Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ အပိုင်း ၂
Jun 07, 2025
Cover
Myanmar Jiale Fashion  စက်ရုံ လစာမပေးနိုင်၍ လုပ်ငန်းခွင် ရပ်တန့်နေ
May 06, 2025
Cover
လုပ်ခတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားသမဂ္ဂ  ဖျက်သိမ်းဖို့ဖိအားပေးခံရ
May 06, 2025
Cover
ကယ်ရီမောင်းနှင်များထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျပ် ငါးသောင်းမှ ကျပ် ရှစ်သောင်းအထိ ထောင်းယူ
Apr 23, 2025
Cover
ငလျင်ကြောင့် အကျဉ်းသူ/သား သေဆုံးသူ ၃၀ ဦးထက်မနည်းရှိပြီး ပျက်စီးဆုံးရှုံးများသော်လည်းစစ်ကောင်စီမှသတင်းအမှောင်ချထား
Apr 20, 2025
Cover
မကွေးအကျဉ်းထောင် ပစ်ခတ်မှုကြောင့် အကျဉ်းသား ၂ဦးသေဆုံး
Apr 19, 2025
Cover
၅ နိုင်ငံမှလွဲပြီး ကျန်နိုင်ငံများအတွက်  အလုပ်ခေါ်စာ တစ်လကို ၁၀ဦးသာ ခွင့်ပြု
Mar 27, 2025