မန္တလေးသပိတ်က တက်ကြွလှုပ်ရှားသူ ကိုသူရအောင်၊ကိုရဲဇင်ထွန်း(ခ)ကိုဖိုးလုံး နဲ့ အလွတ်တန်း သတင်းထောက် ကိုစိုးလင်းအောင်နဲ့ ကိုလှမျိုးအောင်တို့ ဖမ်းဆီးခံထားတာ (၁၀)ရက်ကျော် ရှိလာပြီ ဖြစ်ပေမယ့် မိသားစုနဲ့ အဆက်သွယ်မရရှိသေးဘူးလို့ သိရပါတယ်။
ကိုသူရအောင်အပါအဝင်၄ ဦးဟာ မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်မှာ  ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းက ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါ တယ်။
ကိုသူရအောင်တို့ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာလည်း  မသိရှိရသေးတဲ့အပြင်  သူတို့တွေရဲ့ ကျန်းမာရေး၊ အသက်အန္တရာယ်အတွက် မိသားစုဝင်တွေက  စိုးရိမ်ပူပန်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ 
ကိုသူရအောင်တို့ ၄ ဦးကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးခဲ့ချိန်က   ကိုယ်ရော စိတ်ပါ ကောင်းမွန်နေပြီး  ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက် စစ်အုပ်စုရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ညှင်းပန်းနှိပ်စက်မှုတွေကြောင့် အသက်အန္တရာယ် ထိခိုက်မှာကို  စိုးရိမ်နေကြတယ်လို့ မန္တလေးအခြေစိုက် သပိတ်တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။ 
အဖမ်းဆီးခံရပြီး နောက်ပိုင်း အဖြစ်အပျက်အားလုံးကို အကြမ်းဖက်စစ်အုပ်စုက တာဝန်ယူ တာဝန်ခံရမှာဖြစ်ပြီး  မိသားစုဝင်များကလည်း အမြန်ဆုံး အဆက် အသွယ် ရရှိဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ 
 









