ARTICLE

“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး

CoverLogo
47 Views
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။”
 
(FGWM) 
 
နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေက အော်ဒါ ရုပ်သိမ်းလျှော့ခြင်းက ဘယ်လိုအကြောင်းကြောင့် ဖြစ်နေတာလဲ ဆိုတာ "Federation of General Workers Myanmar" (မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်) တာဝန်ရှိ တစ်ဦးကို Myanmar Labour News က အသေးစိတ် မေးမြန်းထားပါတယ်။
 
ဒီမေးမြန်းမှုအတွင်း အထည်ချုပ်လုပ်ငန်းရှင်တွေရဲ့ အကျိုးအမြတ်ရရှိမှု ၊ အလုပ်သမားတွေ ဥပဒေကြောင်းအရနဲ့ ငွေကြေးအရ နစ်နာရမှု တွေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
 
မေး။ အလုပ်သမားတွေက မဖြစ်နိုင်တဲ့ အရာတွေကို တောင်းဆိုမှု ရှိနေလား။ မြေပြင် အခြေအနေ မသိဘဲနဲ့ တောင်းဆို နေတယ်ဆိုပြီး ပြောဆိုတာတွေ ရှိတော့၊ အလုပ်သမားတွေက ဥပဒေကို ကျော်လွန်တောင်းဆိုတာမျိုး ရှိနေလား။
 
ဖြေ။ အလုပ်သမားတွေက တောင်းဆိုမှုအများဆုံးအချက်တွေက ဥပဒေမှာ ပြဌာန်းပြီးသား အခွင့်အရေးတွေကို ပြန်တောင်းယူနေရတဲ့ အချက်တွေက အများဆုံးပါ ။ ဥပဒေကို ကျော်လွန်ပြီးတောင်းဆိုနေတာ မဖြစ်နိုင်တဲ့ အရာတွေကို တောင်းဆိုနေတာ မဟုတ်ပါဘူး။ လုပ်ခလစာတိုးတောင်းတဲ့ အခြေအနေကိုကြည့်ရင် ၂၀၁၈ ခုနှစ် ကတည်းက အလုပ်သမားတွေကို အနည်းဆုံး လုပ်ခလစာ တိုးမပေးတော့တဲ့အတွက် လက်ရှိ ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ဆို အလုပ်သမားတွေရရှိနေတဲ့ အခြေလစာ ၄၈၀၀ က ဘယ်လိုမှ မလောက်ငှတဲ့ လစာပါ ။ ဒါကြောင့် လုပ်ခလစာ တိုးတောင်းတဲ့ တောင်းဆိုမှုတွေကိုကြည့်ရင် မဖြစ်နိုင်တဲ့ အရာတွေ မဟုတ်ပါဘူး။
 
မေး။ လုပ်ခတိုးမြှင့်ရေး တောင်းဆိုတာက အလုပ်ရှင်တွေ အခက်အခဲ ရှိနိုင်လား။ ရှိနိုင်ရင် ဘယ်လို အပိုင်းတွေ ဖြစ်နိုင်လဲ။ လုပ်ခလစာက ခေတ်ကာလ နဲ့ မကိုက်ညီဘူးဆိုရင် တိုးမြှင့်ပေးဖို့ ဘယ်သူတွေက ဆုံးဖြတ်ရမလဲ ၊ ဘယ်သူတွေက တာဝန်ရှိလဲ။ တာဝန်ရှိသူတွေက ဘာကြောင့် တိုးမြှင့် မပေးတာလဲ ? အမြင်တွေ ပြောပြပါ။
 
ဖြေ။ အလုပ်သမားတွေ လုပ်ခလစာတိုးတောင်းတဲ့အပေါ် အလုပ်ရှင်တွေ အခက်တွေစရာတော့ မရှိပါဘူး ။
 
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက အလုပ်သမားဈေးကွက်ကအနိမ့်ဆုံး နှုန်းထား ဖြစ်လို့ လုပ်သား ဈေးပေါပေါနဲ့ ရလို့ စီးပွားရေး လာလုပ်ကြတာကို ကြည့်ရင် သိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်သမားတွေကို ၂နှစ်တကြိမ် အနည်းဆုံး လုပ်ခလစာ တိုးမြင့်ပေးရမယ်ဆိုတဲ့ ဥပဒေ ရှိတာကို အလုပ်ရှင်တွေကလည်း သိပါတယ်။ ဒါကြောင့် အလုပ်သမားတွေ တောင်းဆိုမှု လုပ်လာရင် တိုးပေးနေတာက သူတို့ပေးရမယ်ဆိုတာ သိနေလို့ ပေးတာ ဖြစ်တယ်။ ဒါပေမဲ့ ဒီလိုသိတာကလည်း လူနည်းစုလုပ်ငန်းရှင်တွေပါ။ အလုပ်သမားတွေကို ခေတ်ကာလနှင့်အညီ လုပ်ခလစာ တိုးမြှင့် သက်မှတ်ပေးရမှာ အစိုးရတွေက သက်မှတ်ပေးရမဲ့အလုပ်ပါ ။ ဘာကြောင့် လုပ်ခလစာ တိုးမြှင့်သက်မှတ်မပေးတာလည်း ဆိုရင် အစိုးရနဲ့ အလုပ်ရှင်တွေ ပူးပေါင်းနေတဲ့ အခြေအနေကြောင့်ပါပဲ။
 
မေး။ ဘိုင်ရာ (Buyer) အော်ဒါ မပေးဘူးဆိုတာ ဘာကြောင့်လဲ ။ အော်ဒါ မရဘူးဆိုတာ အလုပ်သမားတွေမှာ တာဝန်ရှိလား၊ စက်ရုံမှာ တာဝန်ရှိတာလား ။
 
ဖြေ။ အော်ဒါမရတဲ့ အကြောင်းအရင်းတွေက အလုပ်သမားတွေနဲ့မဆိုင်ပါ။ အလုပ်ရှင်တွေ အစိုးရလုပ်သူတွေရဲ့ အလုပ်သမားတွေ အပေါ် ဖိနှိပ်မှုတွေ၊ လုပ်ငန်းခွင် ပြဿနာတွေကို ကုန်အမှတ်တံဆိပ် ပိုင်ရှင်တွေကို ဝင်ဖြေရှင်းခိုင်းရတဲ့ အကြောင်းအရင်းတွေ၊ လက်ရှိ အာဏာသိမ်းစစ်တပ်အောက်က အလုပ်သမားဝန်ကြီး ဌာနတွေက အလုပ်ရှင်နဲ့ပေါင်းပြီး အကျင့်ပျက် ခြစားမှုတွေများတဲ့အတွက် လုပ်ငန်းရှင်တွေက အလုပ်သမား ဥပဒေကို ဖင်ခုထိုင်ထားပြီး လုပ်ငန်းခွင်ဖိနှိပ်မှုတွေကျူးလွန်တာတွေ အများဆုံးပါသလို အမေရိကန်ကန်အစိုးရရဲ့ အခွန်တိုးကောက်တဲ့ အကြောင်းအရင်းကြောင့်လည်းပါတယ်လို့ ပြောရပါမယ်။
 
မေး။ အလုပ်သမားခေါင်းဆောင် (သမဂ္ဂခေါင်းဆောင်) တွေက ထင်ပေါ်ကျော်ကြားလိုတာကြောင့် အလုပ်သမား အရေး လုပ်ကိုင်နေတာလား။ ဘာကြောင့်လုပ်ရလဲ။
 
ဖြေ။ များသောအားဖြင့် အလုပ်သမားခေါင်းဆောင်ဆိုတာ မဟုတ်မခံ မခံချင်စိတ်နဲ့ အလုပ်ရှင်နဲ့ တန်းတူ ရန်ဖြစ်နိုင်တဲ့ အလုပ်သမားတွေကိုပဲ အလုပ်သမားတွေက ရွေးချယ်ကြတာ ဖြစ်ပါတယ်။ ဒီမှာလည်း ထင်ပေါ်ချင် ဆရာကြီးလုပ်ချင်တဲ့ လူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် အလုပ်သမားတွေအပေါ် စေတနာမရှင်းတဲ့ ခေါင်းဆောင် ဆိုရင် ကြာရှည်မခံဘူးလို့ပြောရမယ်။
 
မေး။ သမဂ္ဂခေါင်းဆောင် တွေရဲ့ စွမ်းဆောင်ရည်လို့ ပြောရင် Labour Market နားလည်မှု အပါအဝင် စက်ရုံလုပ်ငန်း သဘောသဘာဝကို နားလည်ဖို့ လိုအပ်လား။ ဘယ်အရာကို အဓိက နားလည် ကျွမ်းကျင်ဖို့ လိုပါသလဲ။ ဘာကြောင့်လဲ။
 
ဖြေ။ အလုပ်သမားသမဂ္ဂခေါင်းဆောင်ဖြစ်လာပြီဆိုရင် မိမိလုပ်ငန်းခွင်ထဲက အလုပ်ကို လုပ်နေပြီး လက်ရှိ အလုပ်သမား ဥပဒေတွေကို လေ့လာရသလို နိုင်ငံတကာ အလုပ်သမားလှုပ်ရှားမှုတွေနဲ့ စက်မှုဇုန် အခြေအနေ တွေ၊ အလုပ်သမားဦးစီးဌာနတွေရဲ့ အလုပ် လုပ်ပုံတွေ၊ ခေါင်းဆောင်မှု စွမ်းဆောင်ရည်ကောင်းမွန်လာအောင် လေ့လာရတာတွေက အရေးပါပါတယ်။ ဘာကြောင့်လည်းဆိုရင် ဒီအကြောင်းအရာတွေ မသိဘူးဆိုရင် အလုပ်ရှင် နဲ့ အစိုးရတွေရဲ့ ချယ်လှယ်မှုခံရပြီး အလုပ်ရှင် သမဂ္ဂဖြစ်သွားမှာပါ။
 
မေး။ မီဒီယာမှာ အလုပ်သမား အသံ ထုတ်ဖော်ပြဆိုတာ ဘယ်လောက်ရာခိုင်နှုန်း ရှိလဲ။ အလုပ်သမားခေါင်းဆောင် အပါအဝင် အလုပ်သမားတွေက အမှန်တကယ်မရှိတဲ့ အဖြစ်အပျက်တွေကို မီဒီယာကို ပြောဆိုတာမျိုး ရှိလား။
 
ဖြေ။ မီဒီယာက သတင်းဆိုရင် အလုပ်သမားဆီကမရပဲ အခြားမရှိပါဘူး။ သတင်းပေးတဲ့ အလုပ်သမားတွေ ကလည်း မရှိတဲ့ အကြောင်းအရာကို ပြောမှာ မဟုတ်ပါ။ ဒီထဲမှာ တဦးချင်းဖိနှိပ်ခံရတဲ့ အကြောင်းအရာတွေ ကတော့ ပါလာမှာပါ။ ဒါကလည်း အမှန်တကယ် အလုပ်သမား ခံစားရတဲ့ အကြောင်းအရာ ဖြစ်လို့ပါ။ အရင် စစ်တပ်က အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး ။
မေး။ အလုပ်သမားတွေအတွက် ဥပဒေကို အမြဲတမ်း ချိုးဖောက်ခံနေရတယ် ဆိုရင် ။ ဘယ် ဥပဒေ ဖြစ်မလဲ ။
 
ဖြေ။ အလုပ်သမားတွေ အမြဲချိုးဖောက်ခံရတဲ့ ဥပဒေက ခွင့်ရက်၊ အလုပ်ပိတ်ရက်၊အလုပ်ထုတ်မှု ဖြစ်ပါတယ်။
 
မေး။ Brand တွေ အော်ဒါ ရုပ်သိမ်းနေတာ ဘာကြောင့်လဲ ။ ဘယ်လို အခြေအနေကြောင့်လဲ ။ မီဒီယာမှာ ဖော်ပြလို့လား ။ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ အလုပ်သမား ဥပဒေ ချိုးဖောက်မှုကြောင့်လား။ သုံးသပ်ပေးပါ။
 
ဖြေ။ အော်ဒါ ကုန်အမှာ ရုပ်သိမ်းတဲ့အကြောင်းအရင်းက ၃ချက်ရှိပါတယ်။ (၁)အချက်က အာဏာသိမ်းပြီး အလုပ်ရှင်တွေနဲ့ အာဏာသိမ်းစစ်တပ်က အလုပ်သမားတွေ အပေါ်ကျူးလွန်တဲ့ လုပ်ငန်းခွင် ဖိနှိပ်မှုချိုးဖောက်မှုတွေကို မီဒီယာ တွေမှာ မြင်တွေ့လာရတယ်။ ဒီကမှ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေက သိလာရတယ်။
နောက်တချက်က လုပ်ငန်းခွင်ပြဿနာတွေကို အလုပ်သမားအဖွဲ့ချုပ်တွေက Brand တွေကိုဝင်ဖြေရှင်းပေးဖို့ ဖိအားပေး လာကြတာရယ်။ နောက်ဆုံးအချက်က ILO က A-33 အရေးယူမှု၊ အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် အခွန်တိုးကောက်တဲ့ အချက်တွေကြောင့်လို့ မြင်ပါတယ်။
 
မေး။စက်ရုံပိုင်ရှင် လုပ်ငန်းရှင်တွေက အထည်ချုပ်ခ ကို အနည်းဆုံးဘယ်လောက်ကနေ အများဆုံး ဘယ်လောက် ရလဲ။ ဒီထဲက အလုပ်သမားက ဘယ်လောက်ရလဲ။ စက်ရုံတရုံမှ အော်ဒါရုပ်သိမ်းလို့ ဖြစ်ဖြစ်၊ လျှော့ချလို့ ဖြစ်ဖြစ် ဘယ်သူက ပို နစ်နာလဲ။
 
ဖြေ။ စက်ရုံပိုင်ရှင်တွေ အထည်ချုပ်ခ အနည်းဆုံး ဂျာကင် တထည်ကို မြန်မာငွေ ခုနှစ်သိန်းအထက် ရှိပါတယ်။ အလုပ်သမားတစ်ဦးရဲ့ တနေ့တာ ထုတ်လုပ်နိုင်တဲ့ အထည်အရည်တွက် အထည်ငါးဆယ် ထုတ်ပေးရင် ပျင်းမျှ မြန်မာငွေ သုံးဆယ့်သိန်းရှိပါတယ်။ ဒါက အလုပ်သမား တစ်ဦးစာ ထုတ်ပေးနိုင်တဲ့နှုန်းထားပါ။
အလုပ်သမားက တစ်လလုံး ပျမ်းမျှလစာက လေးသိန်း ငါးသိန်း ဝန်းကျင်ပဲ ရရှိတာ ဖြစ်ပါတယ် ။ ချုပ်လုပ်တဲ့ အထည် တစ်ထည်ရဲ့ တန်းဖိုးတောင်မရှိတဲ့ လစာဖြစ်ပါတယ်၊ စက်ရုံတစ်ရုံမှာ အလုပ်သမားက ရာနဲ့ ၊ ထောင်နဲ့ချီ ရှိပါတယ်။ ဒီတွက်ချက်မှုက အကြမ်းဖျင်း ဖြစ်ပါတယ်။
ဒီနေရာမှာ အော်ဒါမရလို့ ပိတ်သိမ်းတဲ့အခါ နှစ်တွေများစွာ အကျိုးအမြတ်ရနေတဲ့ လုပ်ငန်းရှင်တွေ နစ်နာမယ်လို့ မမြင်ပါဘူး။
 
တကယ်နစ်နာသူက အလုပ်သမားတွေသာ ဖြစ်တယ်။ ဘာလို့ ဒီစကားပြောရတာလည်းဆိုရင် အလုပ်သမား တွေရဲ့ ငယ်ရွယ်တတ်ကြွနေတဲ့ အချိန်တွေကို စက်ရုံလုပ်ငန်းခွင်ထဲမှာ ကုန်ဆုံးခဲ့ရတယ်၊ နှစ်နဲ့ချီပြီး စိတ်ဖီစီးမှု တွေ ခံစားခဲ့ရတယ်။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်ရပြီး ရောဂါတွေရခဲ့ကြတယ်၊ ကိုယ်အင်္ဂါ ချို့ယွင်းသွားတယ် ၊ ဒီလို အလုပ်သမားတွေကတော့ ဘာနစ်နာကြေးမှ မရဘဲ ကျန်ခဲ့ရတာဖြစ်တော့ အလုပ်သမားတွေက နစ်နာတယ်လို့မြင်တယ်။
 
မေး ။ ပြီးခဲ့တဲ့ လပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လုပ်ခတိုးမြှင့်ပေးရေး လှုပ်ရှားမှုတွေမှာ အလုပ်သမားတွေ တောင်းဆိုချက် အပြည့်အဝရခဲ့လား။ မရခဲ့ဘူးလို့ မြင်ရင် ဥပဒေတခုလောက် ပြောပြပေးပါ။
 
ဖြေ။ လုပ်ခလစာတိုးတောင်းတဲ့ တောင်းဆိုမှုတွေမှာ တောင်းဆိုချက်တွေလည်း အပြည့်အဝမရသေးတဲ့ အခြေအနေပါ၊ အလုပ်သမားသမဂ္ဂတွေ အဖွဲ့ဝင်တွေ လက်ခံတဲ့ အခြေအနေမဟုတ်ပါဘူး။ လက်ရှိအလုပ်သမားတွေ ရရှိနေတဲ့ ဒေးကြေး ၁၂၀၀၀ ဆိုတာကလည်း ဒီပမာဏကိုပေးတဲ့ တဲ့စက်ရုံက လက်ချိုးရေလို့ရပါတယ်။ အများစုက ၄၈၀၀ နဲ့ ထောက်ပံ့ကြေး ၃၀၀၀ သာရရှိနေကြတာပါ။ ၂နှစ် တစ်ကြိမ် လုပ်ခလစာတိုးမြှင့်ပေးရမဲ့ ဥပဒေကို ၂၀၁၈ ခုနှစ်ကတည်းက ယခု ၂၀၂၅ ခုနှစ်အထိ ချိုးဖောက်နေတာပါ၊ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံ အခြေခံလစာရဲ့ ၃ပုံ ၁ပုံ တောင်မရတဲ့ လုပ်ခလစာပဲ မြန်မာပြည်က အလုပ်သမားတွေရရှိနေတာပါ။
 
မေး။ လက် ရှိ သမဂ္ဂတွေက အရေအတွက် ဘယ်လောက်ရှိမလဲ။ စက်ရုံအရေအတွက်နဲ့ နှိုင်းယှဉ်ရင် သမဂ္ဂက ရာခိုင်နှုန်း ဘယ်လောက်ပဲ ရှိနိုင်လဲ။
 
ဖြေ။ ရာခိုင်နှုန်းနဲ့ပြောရရင် ယခင် စစ်အာဏာမသိမ်းခင်က စက်ရုံ ၁၀၀ မှာ သမဂ္ဂဖွဲ့စည်းတာ ၆၀ ရာခိုင်နှုန်းဝန်းကျင် ရှိနေတာပါ။ အခုအချိန်မှာတော့ စက်ရုံ ၁၀၀မှာ ၁၅ ရာခိုင်းနှုန်းကပဲ စစ်မှန်တဲ့ သမဂ္ဂတွေရှိပါတော့တယ်။ အမည်ခံ သမဂ္ဂတွေ၊ WCC ၊ Yellow Union တွေကတော့ စက်ရုံတိုင်းလိုလို ရှိနေပါတယ်။
 
မေး ။ သမဂ္ဂနဲ့ သမဂ္ဂအဖွဲ့ဝင်တွေရဲ့ လက်ရှိအခြေအနေကိုလည်း ပြောပြပါပေးပါ။ လွတ်လပ်စွာ တောင်းဆို နိုင်ပါသလား။ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရပါသလား။
 
ဖြေ။ လွတ်လပ်စွာတောင်းဆိုလို့ မရသလို လွတ်လပ်စွာဖွဲ့စည်းခွင့်လည်းမရှိပါ ။ အင်အားရှိပြီးသား သမဂ္ဂတွေက သူတို့အင်အားနဲ့သာ အလုပ်ရှင်ဆီမှာ တောင်းဆိုရတဲ့ အခြေအနေမှာရှိပြီး အလုပ်သမားဝန်ကြီးဌာနရဲ့ အခြေအနေ ကို ကြည့်ပြီး အကန့်အသတ်နဲ့ လုပ်နေရတယ်။ အဓိက အင်အားများများနဲ့ တောင်းဆိုမှုလုပ်နိုင်မယ်၊ မီဒီယာ ဖိအားနဲ့ လုပ်တယ်ဆိုတဲ့ အခြေအနေတွေတော့ ရှိပါတယ်။ ဒါတွေက လွတ်လပ်တယ်လို့ ပြောလို့မရပါဘူး။
 
မေး ။ လက်ရှိ WCC အဖွဲ့ အများစုကို ဘယ်လို ဖွဲ့စည်းထားတာတွေ့လဲ၊ ဥပဒေနဲ့ ညီပါသလား ။
 
ဖြေ ။ WCC က စက်ရုံတိုင်းမှာရှိတယ်။ အများဆုံးက အလုပ်ရှင်က သူ့လူတွေနဲ့သာ ဖွဲ့စည်းထားတာဖြစ်တယ်။ ဥပဒေလက်တလုံးခြားနဲ့ အရောင်ပြပြီး သူတို့ ရွေးချယ်ပြီးသားလူကို အလုပ်သမားတွေကို မဲပေးခိုင်းထားတယ်။ အလုပ်သမားတွေ အကူအညီတောင်းတော့ အဲဒီ WCC အဖွဲ့တွေက ဘာမှ မလုပ်ပေးနိုင်တော့ဘူး။
 
မေး ။ အလုပ်သမားသမဂ္ဂတွေ နဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွေကို တရားမဝင်လို့ အလုပ်သမားတွေက ဆက်သွယ် တိုင်ကြားခွင့် မရှိဘူးလို့ ပြောတာက နိုင်ငံ ဥပဒေအရေရော၊ ILO ပြဌာန်းချက်တွေ အရရော ညီညွတ်မှုရှိရဲ့လား။
 
ဖြေ။ ဒါက ILO ပြဌာန်းချက်တွေဖြစ်တဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့် (87) ၊ အဓမ္မခိုင်းစေခြင်း (C29) ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတယ်။ ဒီအချက်တွေ ချိုးဖောက်နေတာပါ။

Related posts

Cover
အသက် ငါးနှစ်အောက် ကလေးငယ် လေးသိန်း ကျော် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ
Nov 21, 2025
Cover
မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိဟု UNOCHA ထုတ်ပြန်
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
အာဏာသိမ်းစစ်တပ်သို့ ငွေပေးချေမှုများ ရပ်တန်းကရပ်ရန် ထိုင်းရေနံကုမ္ပဏီများကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
Nov 10, 2025
Cover
ဒေါ်မျိုးအေး လွတ်မြောက်မှု လက်ခံရန် အလွန်ခက်ခဲနေ ဟု STUM ထုတ်ပြန်
Nov 07, 2025
Cover
ပြည်တွင်း လုပ်သား ၄၀၀၀ ခန့်အလုပ်အကိုင်ပေးနိုင်မည့် ရင်းနှီးမြုပ်နှံမှု ၄ ခုခွင့်ပြုထားဟု စစ်ကော်မရှင်ထုတ်ပြန်
Nov 06, 2025
Cover
စစ်တပ်ရဲ့ ရွေးကောက်ပွဲကို နယူးဇီလန် အသိအမှတ်မပြု
Nov 05, 2025
Cover
CDM ကျန်းမာရေးဝန်ထမ်းများအား ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင်အလုပ်မခန့်ရန် ခြိမ်းခြောက်သည့်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရုပ်သိမ်း
Nov 03, 2025