ဒီလပိုင်းမှာပဲ စစ်ကောင်စီဖက်ကတက်ကြွလှုပ်ရှားသူလူငယ်တွေ မြေပေါ်မြေအောက်တော်လှန်ရေးအဖွဲ့ကလူငယ်တွေကိုခြေရာလက်ရာမကျန်အောင်တိတ်တဆိတ်ဖမ်းဆီးတာတွေပြုလုပ်လာပါတယ်။
ဒီလိုလူငယ်တွေကိုတိတ်တဆိတ်ဖမ်းဆီးပြီးနောက် ဆက်စပ်လူငယ်တွေကိုဖုန်းဆက်ချိန်းဆိုခိုင်းကာ ထောင်ချောက်ဆင်ဖမ်းဆီးတာတွေကြောင့်မန္တလေးမြို့ပေါ်မှာတင် ယခုဒီဇင်ဘာလအတွင်းလူငယ် ၁၀၀ နီးပါးဖမ်းဆီးခံထားရပြီလို့မန္တလေးလူထုသပိတ်ကော်မတီဝင်တဦးက MLN ကိုပြောပါတယ်။
"သူတို့ဖက်ကတိတ်တိတ်လေးဖမ်းသွားတယ်ပြီးရင်အဲ့ကလေးတွေကိုအိမ်တွေလိုက်ပြခိုင်းတယ် တချို့ကိုဖုန်းဆက်ပြီးချိန်းခိုင်းတယ် အဲ့လိုနည်းနဲ့ဆက်လိုက်ဖမ်းနေတာ ခုတော်တော်ပါကုန်တယ် ရာဂဏန်းနီးပါးရှိတယ်လို့ပြောရမယ်"လို့မန္တလေးလူထုသပိတ်ကော်မတီဝင်တဦးဖြစ်တဲ့ကိုသူရအောင်ကပြောပါတယ်။
ဒီလို တိတ်တဆိတ် ဖမ်းဆီးမှု့တွေကိုစစ်ကောင်စီဖက်ကပြုလုပ်လာနိုင်တာဟာမြေပြင်သတင်းစီးဆင်းမှု့အားနည်းလို့ဖြစ်တယ်လို့ကိုသူရအောင်ကသုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၂ ရက်နေ့ညပိုင်းက မန္တလေးမြို့၊ မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Generation Z Power(GZP)အဖွဲ့ ခိုလှုံသည့် နေအိမ်တလုံးကို စစ်ကောင်စီတပ်က ဝင်စီတာခံရပြီး ၂ ဦးကျဆုံးကာ ၃ ဦးဖမ်းဆီးခံခဲ့ရပြီးတော့ စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းစဉ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီဘက်က ၁ ယောက်သေပြီး ၁ ယောက်အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။
အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွင် မဟာအောင်မြေမြို့နယ်၊ ၄၂ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားရှိ နေအိမ်ကို ဝင်စီးရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်က ၁ ဦးထိမှန်ကြောင်း၊ နေအိမ်မှ (၇) ဦးကို အသေဖမ်းဆီးမိကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရပါတယ်။

ဒါ့အပြင်စစ်ကောင်စီဖက်ကဖမ်းဆီးရမိသူတွေကမန္တလေးကုတင် ၁၀၀၀ ဆေးရုံရှေ့သူနာပြုလင်မယားသေဆုံးမှု့ မှာပါဝင်ပတ်သက်သူတွေလို့စွပ်ဆွဲခဲ့ပြီးတော့ GZP ဖက်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးအတိအလင်းငြင်းဆိုထားပါတယ်။
"ခုကဒီကောင်တွေကမြို့ပေါ်မှာမထင်တဲ့အချိန်ဝင်ဖမ်းတာတွေဘာတွေလုပ်တယ် အစစ်အဆေးလဲကြမ်းနေတယ်ပေါ့ကလေးတွေလဲဖမ်းခံရတယ် ဖမ်းနေတဲ့ကြားကပဲဆက်လုပ်ရတာပေါ့"လို့မန္တလေးမြို့ကတက်ကြွလှုပ်ရှားသူတဦးကဆိုပါတယ်။
စစ်ကောင်စီဖက်ကတဦးကိုဖမ်းဆီးပြီး အဆိုပါဖမ်းဆီးရမိသူနဲ့ဆက်စပ်သူများကိုဖမ်းဆီးရမိနိုင်ဖို့အတွက်နေအိမ်ကိုလိုက်ပြခိုင်းတာတွေဖုန်းကနေတဆင့်ချိန်းဆိုခိုင်းတာတွေပြကလုပ်ပြီးဖမ်းဆီးတာလို့တက်ကြွလှုပ်ရှားတဲ့လူငယ်တွေကပြောပါတယ်။
ဒီလိုတိတ်တဆိတ်ဖမ်းဆီးပြီးနောက်ယောင်ခံထောင် ချောက်ဆင်ဖမ်းဆီးလာတာကြောင့်ပြည်သူတွေအနေနဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူတွေကိုမြေပြင်အခြေအနေတွေသတင်းတွေစဥ်ဆက်မပြတ်ပေးကြဖို့လိုတယ်လို့မြို့ခံစစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားတဲ့လူငယ်တွေကတိုက်တွန်းထားပါတယ်။