NEWS

FGWM ၏ (စစ်) အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေး (၁) နှစ်ပြည့် ထုတ်ပြန်ချက်

CoverLogo
728 Views

မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်တပ်မှ အာဏာသိမ်းသည်မှာ ယနေ့ ဖေဖော်ဝါရီ ၁၊ ၂၀၂၂ ရက်နေ့ဆိုလျှင် (၁) နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ ထိုတစ်နှစ်တာ ကာလအတွင်းတွင် အကြမ်းဖက် စစ်အုပ်စုမှ ကျောင်းသား၊လူငယ်၊ အလုပ်သမား၊လယ်သမား၊ သတင်းသမား အပါအဝင် လူမျိုးပေါင်းစုံပြည်သူများစွာကို မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း၊ လူမဆန်စွာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့အပြင်  ချင်း၊ ကချင်၊ ကရင်နီ၊ ကရင် ပြည်နယ်များနှင့် စစ်ကိုင်း၊ မကွေး စသည့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် တိုက်လေယာဥ်၊ ရဟတ်ယာဥ်များသုံးကာ လက်နက်မဲ့ ပြည်သူများအား ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံပြည်သူအများမှာ အိုးအိမ်များစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ လက်နက်မဲ့ ပြည်သူလူထုအား အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်း၊ အိုးအိမ်ပိုင်ဆိုင်မှုများအား လုယက်ခြင်း နှင့် မီးရှို့ဖျက်ဆီးခြင်းများကိုလည်း စစ်တပ်မှ ပြုလုပ်ခဲ့သည်။

ထိုသို့ အကြမ်းဖက် အာဏာသိမ်းခြင်း (၁) နှစ်ပြည့်ခဲ့ပြီဖြစ်သလို အကြမ်းဖက် အာဏာသိမ်းခြင်းနှင့် (စစ်) အာဏာရှင်စနစ် အဆုံးသတ်ရေးကို မြန်မာနိုင်ငံတဝှမ်းရှိ ဒေသအသီးသီးမှ ပြည်သူလူထုက နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်နေသည်မှာလည်း ယနေ့ဆိုလျှင် (၁) နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။

တော်လှန်ရေး (၁) နှစ်တာ ကာလအတွင်း စစ်အာဏာရှင်နှင့် အပေါင်းအပါလက်ပါးစေတို့၏ ရက်စက်ယုတ်မာမှုကြောင့် ကြွေလွင့်သွားခဲ့ရသော တော်လှန်သူ ပြည်သူအပေါင်းအား ဦးညွှတ်ပါသည်။

လက်ရှိတွင် (စစ်) အာဏာရှင်စနစ် နှင့် လူမျိုးကြီးဝါဒ တို့အား ဆက်လက်ဆန့်ကျင်တော်လှန်နေကြသော အလုပ်သမားများ၊ လယ်သမားများ၊ စီဒီအမ် ဝန်ထမ်းများ၊ အမျိုးသမီးများ၊ လူငယ်များ၊ ကျောင်းသားများ၊ LGBT နှင့် လူမှုအလွှာနှင့် နောက်ခံ အသီးသီးမှ ပြည်သူလူထုအားလည်း အလေးပြု ဦးညွှတ်ပါသည်။

ယခုဆိုလျှင် အာဏာသိမ်းမှုကို တပ်ဦးမှ ရဲရဲဝင့်ဝင့်ပါဝင် ဆန့်ကျင်တော်လှန်ခဲ့သည့် အလုပ်သမားများမှာ (စစ်) အာဏာရှင်၏ လက်နက်အားကိုး ဖိနှိပ်ရက်စက်မှုများကို ရင်ဆိုင်နေရသလို လုပ်ငန်းခွင်အတွင်း လုပ်ငန်းရှင်များ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကိုလည်း ရင်ဆိုင်နေရသည်။

ဤကာလအတွင်း အလုပ်ရှင်များသည် အလုပ်သမားများ၏ ဥပဒေပါအခွင့်အရေးများ၊ လူ့အခွင့်အရေးများနှင့် စုပေါင်းတောင်းဆို သဘောတူညီချက်များကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိသည်။ စစ်အာဏာသိမ်းကာလ ကိုဗစ်ကပ်ရောဂါရိုက်ခတ်မှု တတိယလှိုင်းတွင်လည်း လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့သောကြောင့် အသက်ဆုံးရှုံးခဲ့ရသည့်အလုပ်သမား များစွာရှိခဲ့ပါသည်။

လုပ်ငန်းရှင်များသည် နိုင်ငံရေးမတည်မငြိမ်ဖြစ်မှု အခြေအနေများအပေါ် အခွင့်ကောင်းယူကာ အမြဲတမ်းလခစား အလုပ်သမားများကို အကြောင်းပြချက် မယ်မယ်ရရမရှိဘဲ စိတ်ထင်တိုင်းအလုပ်ဖြုတ်၍ နေ့စားအလုပ်သမားများဖြင့် အစားထိုးခန့်အပ်လျက်ရှိပြီး နေ့စားအလုပ်သမားများအားလည်း သတ်မှတ်ထားသည့် အနည်းဆုံးလုပ်ခအောက် လျှော့ပေးနေသည်။

အလုပ်သမားများအား လုပ်အားညှစ်ထုတ် အတင်းအဓမ္မခိုင်းစေခြင်းများ နှင့် ရသင့်ရထိုက်သည့် လုပ်အားခများကို ပေးရန်ငြင်းပယ်ခြင်းများကိုလည်း လုပ်ငန်းရှင်များက လုပ်ဆောင်လျက်ရှိသည်။ အလုပ်ရှင်၊ အလုပ်သမားပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်ထားသည့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားမှာလည်း အာဏာသိမ်းမှုအကျိုးဆက်ဖြစ်သည့် စစ်အုပ်ချုပ်ရေးယန္တရား၏ ဖိနှိပ်မှုများနှင့် ယင်းအပေါ် အလုပ်သမားထု၏ အယုံအကြည်ကင်းမဲ့မှုတို့ကြောင့် လုံးဝအသုံးမဝင်တော့ပေ။

ယင်းသို့ ဖိနှိပ်မှုများအပြင် လုပ်ငန်းရှင်များသည် အလုပ်သမားခေါင်းဆောင်များအကြောင်း စစ်တပ်အား သတင်းပေးခြင်းများနှင့် အလုပ်သမားသမဂ္ဂများကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲခြင်းများကိုလည်း လုပ်ဆောင်လျက်သည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ အလုပ်သမားသမဂ္ဂများ၏ လွတ်လပ်စွာရပ်တည်လှုပ်ရှားခွင့်မှာ ခြိမ်းခြောက်ခံရလျက်ရှိသည်။

မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) မှ အဖွဲ့ဝင်အလုပ်သမားများအနေဖြင့်မူ ယနေ့ချိန်ထိ (စစ်) အာဏာရှင်စနစ်အား အခန်းကဏ္ဍစုံတွင် ပါဝင်‌တော်လှန်လျက်ရှိသည်။ ယင်းအပြင်   (စစ်) အာဏာရှင်စနစ်နှင့် စစ်အုပ်ချုပ်ရေးအောက်တွင်  လူအခွင့်အရေးနှင့်   အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရသော    အလုပ်သမားများ၏ အသံကိုလည်း နားထောင်ပြီး     အခွင့်အရေးချိုးဖောက်မှုများအား   အထောက်အထားများစွာဖြင့်   မှတ်တမ်းတင်လျက်ရှိပြီး တော်လှန်ရေးပြီးဆုံးချိန်တွင် နစ်နာမှုများအား ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

အဖွဲ့ချုပ်သည် ပုဂ္ဂလိကကဏ္ဍအပြင် နိုင်ငံ့ဝန်ထမ်း (CDM) များစုဖွဲ့မှုကိုလည်း တော်လှန်ရေးကာလအတွင်း  ကူညီပေးခဲ့သည်။  ထို့အပြင် (စစ်) အာဏာရှင်စနစ်အား ဆက်လက်ဆန့်ကျင်တော်လှန်နေသော အလုပ်သမားများနှင့် မိတ်ဘက်အဖွဲ့များအတွက် သွေးစည်းညီညွတ်မှုများလည်း ပြသခဲ့သည်။

အာဏာသိမ်းကာလ လုပ်ငန်းခွင်များတွင် ဖိနှိပ်မှု၊ မတရားခိုင်းစေမှု နှင့် ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရသော ဥပဒေအကာအကွယ်မဲ့နေသော အလုပ်သမားများသည် မည်သို့ပင် ဖိနှိပ်မှုအထပ်ထပ်ရှိသော်ငြားလည်း (စစ်) စစ်ကျွန်ဘဝက လွတ်မြောက်ရန်နှင့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန်အတွက် စစ်အာဏာရှင်ကိုတိုက်ရိုက်သော်လည်းကောင်း ၊ သွယ်ဝိုက်သော်လည်းကောင်း အထောက်အပံ့ပြုနေသည့် ငွေပင်ငွေရင်းများကို ဖြိုချရန်အတွက် အလုံးစုံစီးပွားရေးပိတ်ဆို့အရေးယူပေးရန်  တောင်းဆို တိုက်တွန်းလျက်ရှိပါသည်။

ယင်းသို့ အလုံးစုံစီးပွားရေးပိတ်ဆို့ အရေးယူပေးရန် တောင်းဆိုမှုအား အားပေးထာက်ခံရန်နှင့် ကြုံတွေ့လာရမည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို နိုင်ငံတကာမှ ညီနောင်သမဂ္ဂများမှ သွေးစည်းညီညွှတ်မှုဖြင့် အားပေးကူညီကြပါရန် တောင်းဆိုတိုက်တွန်းအပ်ပါသည်။

ရန်ကုန်မြို့ (စစ်) အာဏာရှင်ဆန့်ကျင်ရေး အစောဆုံးသပိတ်တွင် တပ်ဦးမှပါဝင်ခဲ့သော ကျွန်ုတို့မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်အနေဖြင့်လည်း (စစ်) အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒ ပျက်သုဥ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်နိုင်သည့်အချိန်အထိ ကျရာနေရာမှ ဆက်လက်ဆန့်ကျင်တော်လှန်  ပါဝင်သွားမည်ဖြစ်ကြောင်း ယခုကဲ့သို့ (စစ်) အာဏာရှင်စနစ် တော်လှန်ရေး (၁) နှစ်ပြည့်နေ့တွင် ပြောကြားလိုပါသည်။

 


Related posts

Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ အပိုင်း ၂
Jun 07, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။ အပိုင်း ၁
Jun 07, 2025
Cover
Myanmar Jiale Fashion  စက်ရုံ လစာမပေးနိုင်၍ လုပ်ငန်းခွင် ရပ်တန့်နေ
May 06, 2025
Cover
လုပ်ခတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားသမဂ္ဂ  ဖျက်သိမ်းဖို့ဖိအားပေးခံရ
May 06, 2025
Cover
ကယ်ရီမောင်းနှင်များထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျပ် ငါးသောင်းမှ ကျပ် ရှစ်သောင်းအထိ ထောင်းယူ
Apr 23, 2025
Cover
ငလျင်ကြောင့် အကျဉ်းသူ/သား သေဆုံးသူ ၃၀ ဦးထက်မနည်းရှိပြီး ပျက်စီးဆုံးရှုံးများသော်လည်းစစ်ကောင်စီမှသတင်းအမှောင်ချထား
Apr 20, 2025
Cover
မကွေးအကျဉ်းထောင် ပစ်ခတ်မှုကြောင့် အကျဉ်းသား ၂ဦးသေဆုံး
Apr 19, 2025
Cover
၅ နိုင်ငံမှလွဲပြီး ကျန်နိုင်ငံများအတွက်  အလုပ်ခေါ်စာ တစ်လကို ၁၀ဦးသာ ခွင့်ပြု
Mar 27, 2025