ARTICLE

အလုပ်သမားထုရဲ့အနည်းဆုံးအခကြေးငွေနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှု ဘာလဲ၊ ဘယ်လဲ။

CoverLogo
421 Views

ပြည်အတွင်းကအလုပ်သမားတွေရဲ့ တစ်နေ့လုပ်ခလစာဟာ  လွန်ခဲ့တဲ့၂၀၁၈ ခုနှစ်က ဆန်တစ်ပြည်ကျပ် ၁၃၀၀ ၀န်းကျင်ပေး၀ယ်ခဲ့ရချိန်မှာ သတ်မှတ်ထားတဲ့ ၄၈၀၀ ကျပ်သာဖြစ်ပါတယ်။

မြန်မာနိုင်ငံအလုပ်သမားထုရဲ့ တစ်နေ့လုပ်ခလစာကျပ် ၄၈၀၀ အတိုင်း ၂၀၂၃ ခုနှစ်ရဲ့ ဆန်တစ်ပြည်ကျပ် ၃၅၀၀ ၀န်းကျင်တန်ဖိုးမြင့်တက်လာချိန်အထိတိုင်  တစ်နေ့လုပ်ခ ၄၈၀၀ ကျပ်အတိုင်းသာ  ရရှိနေဆဲဖြစ်ပါတယ်။  

ဒါဟာမြန်မာနိုင်ငံရဲ့ကုန်စျေးနှုန်းတွေ အဆမတန် မြင့် တက်မှုတွေ ဆက်တိုက်ဖြစ်လာခဲ့ပေမဲ့  မြန်မာအလုပ်သမားထုရဲ့လုပ်လစာကတော့  လုံးဝ မြင့်တက်လာခြင်းမရှိတဲ့အပြင် သတ်မှတ်ထားတဲ့ ၄၈၀၀ ကျပ်ထက်  ပိုနည်းတဲ့ ၃၆၀၀ ကျပ်သာပေးချေပြီး လုပ်ကိုင်စေကြတဲ့  စက်ရုံ၊ အလုပ်ရုံလုပ်ငန်းရှင်တွေက  အများပင်ရှိနေပါသေးတယ်။  

"NLD အစိုးရလက်ထက် ၂၀၁၈ခုနှစ် ၊ဇန်နဝါရီ(၂) ရက်နေ့မှာ အနိမ့်ဆုံးလုပ်ခလစာတစ်နေ့လုပ်ခကို  ၄၈၀၀ ကျပ်အဖြစ် နှစ်နှစ်လျှင်တစ်ကြိမ်ပြန်လည်ပြင်ဆင်မည်" ဆိုပြီး သတ်မှတ်ပြဌာန်းပေးခဲ့ချိန်မှာ  ဆန်ကုန်စျေးနှုန်းက ပေါ်ဆန်း၂၄ပြည်တစ်အိတ်လျှင် ၃၂၀၀၀ကျပ် တစ်ပြည်လျှင် ၁၃၀၀ ၀န်းကျင်ရှိနေခဲ့ပြီး  ယခု၂၀၂၃ခုနှစ်မှာတော့ လက်ရှိဆန်စျေးနှုန်းအရ ပေါ်ဆန်းတစ်အိတ်လျှင် ကျပ်တစ်သိန်းတစ်သောင်း၀န်းကျင် တစ်ပြည်လျှင် ကျပ်၄၅၀၀ ၀န်းကျင်အထိအဆမတန်မြင့်တက်နေတာဖြစ်ပါတယ်။ 

အဲ့ဒီလိုအဆမတန်မြင့်တက်လာနေတဲ့ကုန်စျေးနှုန်းတွေအပေါ်မှာ   မြန်မာနိုင်ငံကအလုပ်သမားထုဟာ တစ်နေ့လုပ်ခကျပ် ၄၈၀၀ ကျပ်ရရှိနေဆဲဖြင့်သာ ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကို အလူးအလဲရင်ဆိုင်နေရဆဲဖြစ်ပါတယ်။  

၂၀၁၈ ခုနှစ်က ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၃၂၀၀၀ ကနေ ယခု၂၀၂၃ခုနှစ်မှာတော့ တစ်သိန်းကျော်အထိမြင့်တက်လာတဲ့ ဆန်တစ်မျိုးတည်းသာမဟုတ်ဘဲ လက်ရှိမြန်မာနိုင်ငံရဲ့ကုန်စျေးနှုန်းတွေက အခြားသောလူသုံးကုန်ပစ္စည်းတွေနဲ့မီးဖိုချောင်သုံးပစ္စည်းအစစအရာရာအကုန်မြင့်တက်လာတာပဲဖြစ်ပါတယ်။  

အလုပ်သမားထုအများဆုံးသုံးဆောင်နေကြတဲ့ အသုံးဆောင်တွေအရ စားဆီငါးဆယ်သား ၄၀၀၀၊  ကြက်သွန်တစ်ပိသာလျှင် ၂၅၀၀ ၀န်းကျင်၊ ကြက်သွန်ဖြူ တစ်သောင်းစျေး၊ ငြုပ်သီးစိမ်း ၃၀၀ဖိုးအနည်းဆုံးသာ၊ မျှစ်အနည်းဆုံး၇၀၀ဖိုး၊ ချဉ်ပေါင်တစ်စီး ၃၀၀ကျပ်၊ တရုတ်ကန်စွန်းရွက်တစ်စီး ၅၀၀၊ ခရမ်းသီးတစ်လုံး၂၀၀၊ ကြက်သား အနည်းဆုံး ၂၀၀၀ ဖိုးသာ၀ယ်ရ၊  အမဲသားအနည်းဆုံး ၃၀၀၀ဖိုး နဲ့ ငါးအနည်းဆုံး ၂၀၀၀ဖိုးသာ၊ ပဲပင်ပေါက်၃၀၀ ဖိုးအနည်းဆုံးနဲ့ပဲပြားတစ်ပြား၂၅၀ စသဖြင့် အနည်းဆုံး၀ယ်ယူလို့ရတဲ့နှုန်းထားတွေဖြစ်ပြီး  အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာလည်း မူလကကျပ် ၅၀၀ ၀န်းကျင်ကနေ လက်ရှိကျပ်တစ်ထောင်အထက်တွေအထိသာဖြစ်နေလို့ အလုပ်သမားတွေရဲ့ လုပ်ခရရှိမှုနဲ့ မြင့်တက်လာတဲ့ကုန်စျေးနှုန်းတွေအရ အလုပ်သမားတွေရဲ့ နေ့စဉ်သုံးစွဲနေရတဲ့အသုံးဆောင်တွေဟာ အရည်သွေးပိုမိုနိမ့်ဆင်းလာရတယ်လို့ လေ့လာသိရှိရပါတယ်။ 

“ကျွန်မတို့နေ့စဉ်သုံးနေရတဲ့ ပစ္စည်းတွေကသူများတွေလို အကောင်းစားတွေမဟုတ်ဘူးမမရယ်။  အရည်အသွေးနိမ့်တာတွေကိုပဲ ပိုပြီးရွေးချယ်လာရတယ်။ ဘာလို့ဆိုကိုယ်တွေရတဲ့လစာနဲ့က မလောက်ငှ တော့ မဖြစ်မနေလိုအပ်တာတွေ၀ယ်၀ယ်နေရတော့  စျေးသက်သာတာတွေရွေး၀ယ်ရတော့ ပိုပြီးနိမ့်ကျ လာရတယ်လေ။ ဒါတောင်အင်္ကျီအ၀တ်အစားနဲ့မိတ်ကပ်တွေက စက်ရုံထဲမှာ လပေး၊နည်းနည်းချင်း ပေးလို့ရတာတွေကို  ၀ယ်သုံးနေရလို့မဟုတ်ရင် ခါးလှအောင်လည်းမဆင်နိုင်ဘူး။ ၀မ်းဝအောင်လည်း ကောင်းကောင်းမစားရ ချို့ချို့တဲ့တဲ့ပါပဲ”လို့ အရှေ့ဒဂုံမြို့နယ်က  အမျိုးသမီး စက်ရုံအလုပ်သမားတစ်ဦးကဆိုပါတယ်။  

ယခုလိုကုန်စျေးနှုန်းမြင့်တက်မှုတွေအရ  မပြေလည်မှုတွေကြောင့်  ၂၀၂၃ ခုနှစ်မှာတော့  အလုပ်သမားတွေဟာ ၅နှစ်ကြာအထိတိုးမြှင့်သတ်မှတ်ပေးခြင်းမရှိတဲ့ ကျပ် ၄၈၀၀ အစား တစ်နေ့လုပ်ခကျပ် ၈၀၀၀ သို့ တိုးမြှင့်ပေးဖို့ကိုတောင်းဆိုမှုတွေစတင်ပြုလုပ်လာကြ တာပဲဖြစ်ပါတယ်။  

ကုန်စျေးနှုန်းအရ အခြေခံအလုပ်သမားတစ်ဦးရဲ့ တစ်နေ့အနည်းဆုံးကုန်ကျငွေဟာ ကျပ် ၇၀၀၀ ခန့်ဖြစ်နေပေမဲ့ အလုပ်သမားတွေကတော့တစ်နေ့လုပ်ခ ကျပ်၄၈၀၀ သာရရှိတာကြောင့် ငွေကြေးမလုံလောက်မှုများဖြစ်ကာ  မိသားစုထံပေးပို့နိုင်ခြင်းမရှိတဲ့အပြင် မိမိတစ်ယောက်စာမျှပင်အကြွေးမတင်ယုံမျှ ရုန်းကန်နေရလို့ တစ်နေ့လုပ်ခကျပ်၈၀၀၀သို့ တိုးမြှင့်ပေးဖို့တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြတာတွေလည်းရှိခဲ့လို့ အလုပ်ကထုတ်ပယ်ခံရတာတွေလည်းရှိခဲ့ပါတယ်။

အဲ့ဒီလို အလုပ်သမားအခွင့်အရေးတောင်းဆိုခဲ့တဲ့အလုပ်သမားတွေအပါအ၀င် အလုပ်သမားအရေးကူညီဆောင်ရွက်သူအလုပ်သမားစုစုပေါင်း ၁၂ဦးက  စစ်ကောင်စီရဲ့မတရားဖမ်းဆီးချုပ်နှောင်မှုတွေကိုပါ ခံနေရတာဖြစ်ပါတယ်။

အနိမ့်ဆုံးလုပ်ခလစာတိုးပေးနိုင်ရေးနဲ့ပတ်သက်လို့ အချို့သောလုပ်ငန်းရှင်များနဲ့အလုပ်သမားရေးအဖွဲ့တစ်ချို့က စစ်ကောင်စီလက်အောက်ခံတာဝန်ရှိသူများနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေရှိတယ်လို့သတင်းထွက်ပေါ်ခဲ့တာရှိသလို အလုပ်ရှင် တွေဘက်ကလည်း ကျပ် ၅၂၀၀၊ ၅၄၀၀ နဲ့ ၅၆၀၀ သို့တိုးပေးဖို့ပြောဆိုထားတယ်ဆိုတဲ့သတင်းထွက်တွေထွက်ပေါ်ခဲ့ပါတယ်။

မေလအကုန်မှာတော့ စက်ရုံအများစုဟာ ၂၀၂၃၊ (၆)လပိုင်း(ဇွန်လ)ကစလို့ တစ်နေ့လုပ်ခ ၅၆၀၀ကျပ်ကို တိုးမြှင့်ထားရှိပေးမယ်ဆိုတဲ့ ကြေညာချက်တွေ ထွက်ပေါ်လာခဲ့သလို  အလုပ်သမားသစ်ခေါ်ယူရာမှာလည်း  ဒေးကြေး၅၆၀၀အချိန်ပိုကြေး၁၄၀၀ဖြင့် လုပ်သားခေါ်ယူမှုတွေဆက်တိုက်ရှိလာတာပဲဖြစ်ပါတယ်။  

အဲ့ဒီလိုမျိုး အလုပ်သမားသစ်ခေါ်ယူရာမှာ ဒေးကြေး ၅၂၀၀ကျပ်၊ ၅၄၀၀ကျပ်နဲ့ ၅၆၀၀ ကျပ်သို့ တိုးမြှင့်ပေးဆောင်ခေါ်ယူလာတာတွေကြောင့် အလုပ်သမားတွေရဲ့လုပ်ခလစာတိုးမြှင့်ပေးရေးမျှော်လင့်ချက်မှာလည်း အလုပ်သမားတစ်ယောက်တစ်နေ့ကုန်ကျစရိတ်ရဲ့တစ်ဝက်လောက်သာရှိတဲ့ ကျပ်ငါးထောင်ကျော်ဖြင့်သာ  အတည်ဖြစ်သွားမှာကိုစိုးရိမ်စရာဖြစ်လာတယ်လို့ အလုပ်သမားအရေး စောင့်ကြည့်လေ့လာသူကဆိုပါတယ်။ 

" တနေ့လုပ်ခ ၄,၈၀၀ ကျပ်ထက်စာရင်တော့ ၅,၆၀၀ကျပ်ကို သာတယ်လို့ထင်ရတာပေါ့နော်။ ဒါပေမဲ့ အနိမ့်ဆုံးလုပ်ခလစာ ကို တနေ့ ၁၀,၀၀၀ ကျပ်ဖြစ်သင့်တယ်လို့ ပြောနေချိန်မျိုးမှာ လုပ်ငန်းရှင်တွေညှိပီး ၅,၆၀၀ တိုးပေးသွားရင် ဒီနှူန်းထားအတည်ဖြစ်မှာစိုးမိတယ်။ တချို့ရုံတွေ ၅,၆၀၀ ကို မနှစ်ထဲကပေးနေတာရှိတယ်နော်။ ၃,၆၀၀ ပေးခဲ့တဲ့စဉ်းစားချက်က OT မရှိတဲ့သူတွေ လကုန် တလ ၁၀၀,၀၀၀ အိမ်အပြန်ပါဖို့။ ၄,၈၀၀စဉ်းစားချက်က တလ ၂၀၀,၀၀၀ အိမ်အပြန်ပါဖို့။ ခု ၁၀,၀၀၀ စဉ်းစားချက်က တလ ၃၀၀,၀၀၀ အိမ်အပြန်ပါဖို့ပါ။ကုန်ဈေးနှုန်း ကို ကြည့်မယ်ဆိုရင် ဆန်ဈေးက ၃,၆၀၀ တုန်းက တပြည် ၁,၀၀၀ ကျပ်။ ခုဆန်တပြည်ဘယ်နှစ်ဆ တက်သွားလဲမှန်းကြည့်ရင် အနိမ့်ဆုံးလုပ်ခလစာ ကို အကြမ်းဖျင်းစဉ်းစားနိုင်မဲ့ ငွေပမာဏ တခု ထွက်လာမှာပါ။ လုပ်သားထု ကျေနပ်နိုင်မဲ့အဖြေ ရရှိပါစေ" လို့ အလုပ်သမားရေးကူညီဆောင်ရွက်သူက ဆိုပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတာဟာ အနိမ့်ဆုံးလုပ်ခ ၄၈၀၀ ကျပ်လို့ သတ်မှတ်ထားပေမဲ့ အလုပ်ရှင်တွေဟာ အဲ့ဒီထက်ပိုပေးတာမျိုးမရှိဘဲ ၄၈၀၀ ကျပ်ကို အခြေခံပြီးလစာနှုန်းထားတွေတွက်ချက်ပေးချေနေတာပါ။

အဲ့ဒီအထဲမှာ တစ်လလုံးရက်မပျက်ဘဲအလုပ်ဆင်းမှသာရရှိတဲ့ ရက်မှန်ကြေး၊ အလုပ်လုပ်ကိုင်စွမ်းအပေါ်မူတည်ပြီးပေးချေတဲ့ ဂရိတ်ကြေး၊( ticket စနစ် စက်ရုံများသာ) ကြေး၊ အချိန်ပို ကြေး စတာတွေစုပေါင်းမှ ၂ သိန်းကျော်မှ ၃ သိန်းဝန်းကျင် ရရှိနေတာဖြစ်ပါတယ်။

အလုပ်သမားအနေနဲ့ နေမကောင်းဖြစ်ပြီး ရက်ပျက်ပါက ရက်မှန်ကြေး ဖြတ်တောက်ခံရမှာဖြစ်ပြီး စက်ရုံအချို့မှာဆိုရင် အလုပ်ထုတ်ခံရနိုင်တဲ့အထိ ပြစ်ဒဏ်ခံရနိုင်တာကိုတွေ့ရှိရပါတယ်။

ဒါ့အပြင် အချို့သောအလုပ်သမားတွေမှာ ကိုဗစ်ဖြစ်ပွားချိန်မှစကာ လက်ရှိအာဏာသိမ်းကာလအထိ စီးပွားရေးကျဆင်းမှုကြောင့်ဟုဆိုကာ ၃၆၀၀ ကျပ်သာပေးနေကြတာတွေလည်းရှိနေပါတယ်။ 

၄၈၀၀ ကျပ်ပြဌာန်းမှု နှစ်နှစ်ပြည့်ခဲ့ပြီး ထပ်မံတိုးမြှင့်ပြန်ဌာန်းပေးရန် ပျက်ကွက်ခဲ့တာကြောင့် လက်ရှိအလုပ်သမားတွေဟာ Double Charges နှစ်ခုနစ်နာခဲ့တာပါ။ 

အနည်းဆုံးအခကြေးငွေကျပ် ၄၈၀၀ ကျပ် သတ်မှတ်ပြီးနှစ်နှစ်တစ်ကြိမ်ပြန်လည်ပြင်ဆင်ရန် သတ်မှတ်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ ငါးနှစ်ပြည့်သည့်တိုင် ပြောင်းလဲခြင်းမရှိခဲ့ဘဲ လက်ရှိကုန်ဈေးနှုန်းကြီးမြင့်ချိန်အထိ ၄၈၀၀ဖြစ်နေတာကြောင့် သင့်တင့်တဲ့ပြောင်းလဲမှုတစ်ခုတိုးမြင့်ပေးဖို့ လိုအပ်နေတာပါ။
 
ကိုဗစ်ရောဂါဖြစ်ပွားစဉ်ကာလမှာလည်း လစာတစ်၀က်ပဲရရှိတာ၊  အလုပ်ရပ်နားရတာတွေကို ဖြတ်သန်းခဲ့ရပြီးနောက် အာဏာသိမ်းကာလမှာလည်း  အလုပ်ရှင်တွေက အကြောင်းပြပြီး လုပ်ခလစာမတိုးပေးတဲ့အပြင် အနိမ့်ဆုံးလုပ်ခလစာလည်းမပြဌာန်းတော့တာတွေနဲ့ လခစားအဖြစ်မှ နေ့စားလရှင်းအဖြစ်ရောက်ရှိခြင်းတွေကြောင့် အလုပ်သမားတွေက အကြိမ်ကြိမ်နစ်နာနေရတာပဲဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်၊ အနည်းဆုံးအခကြေးငွေ နည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများရဲ့ ပုဒ်မ(၂၄)(ဃ)၊ ပုဒ်မ(၂၉)၊ ပုဒ်မ(၄၁)(က)တို့မှာရော၊ ၂၀၁၃ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ(၅)(ဇ)အရ အနည်းဆုံးအခကြေးငွေ (အနည်းဆုံးလုပ်ခလစာ)ကို နှစ်နှစ်ပြည့်တိုင်း အနည်းဆုံးတစ်ကြိမ် မဖြစ်မနေ ပြောင်းလဲပြင်ဆင် သတ်မှတ်ရမှာဖြစ်သလို နှစ်နှစ်မှာ တစ်ကြိမ်ထက်ပိုပြီးတော့လည်း ပြောင်းလဲပြင်ဆင် သတ်မှတ်နိုင်တယ်ဆိုခဲ့ပေမဲ့  ၂၀၁၈ မှာ အနည်းဆုံးလုပ်ခလစာအဖြစ် ၄၈၀၀ ကျပ်သတ်မှတ်ပြီး နှစ်နှစ်အကြာ ၂၀၂၀ မှာ အာဏာရ NLDအစိုးရဟာ ပြင်ဆင်သတ်မှတ်ဖို့ ပျက်ကွက်ခဲ့လို့ အလုပ်သမားထုက ပထမအကြိမ် နစ်နာဆုံးရှုံးခဲ့တာပဲဖြစ်ပါတယ်။  

အဲ့ဒီနောက်အာဏာသိမ်းစစ်ကောင်စီကလည်း ဥပဒေအရ၂၀၂၂ မှာ နောက်တစ်ကြိမ် ပြင်ဆင်ပြောင်းလဲပေးရမယ့်အစား လက်ရှိအချိန်ထိ တိုးမြှင့်သတ်မှတ်ပေးခြင်းမရှိဘဲ  အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေအပေါ် ဖမ်းဆီးချုပ်နှောင်မှုတွေပါ  လုပ်ဆောင်လာတာဖြစ်လို့အလုပ်သမားထုကြီးအတွက် ဒုတိယအကြိမ် နစ်နာဆုံးရှုံးသလို  ဆက်လက်တောင်းဆိုမှုမပြုလုပ်နိုင်သည်အထိ အကြောက်တရားနဲ့ ဖိနှိပ်လုပ်ဆောင်ခံထားရပြန်တာဖြစ်ပါတယ်။ 

“အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်ကို ငါးနှစ်ကျော်ကြာအောင် မပြောင်းမလဲလုပ်ထားရာကနေ အရင်းရှင် လုပ်ငန်းရှင်တွေက အခုမှ ဘာလို့ ၅၆၀၀ကျပ်ကို ရက်ရက်ရောရောကြီးထားပေးချင်ရတာလဲ။ ညီမတို့အနေနဲ့က နိုင်ငံတကာ ဘရန်းတွေကို အနိမ့်ဆုံး လုပ်ခလစာနဲ့ပက်သက်ပြီးတော့ဖိအားပေးထားတာတွေရှိတယ်။အဲဒီလိုမျိုး ဖိအားတွေ ပေးထားတဲ့အခါကျတော့ လုပ်ငန်းရှင်တွေအချင်းချင်းပူးပေါင်းညှိနှိုင်းပြီး ဆုံးဖြတ်ချက် ချလိုက်တယ်လို့ထင်ပါတယ်။ အဲဒီလို ဆုံးဖြတ်ချက်ချလိုက်လို့ တစ်သံတည်း တပြိုင်တည်းထွက်လာတာလို့ မြင်တယ်။ခုလ ဟိုစက်ရုံတိုး နောက်လ နောက်စက်ရုံတိုးဆိုတာမျိုးမဟုတ်ဘဲ အားလုံး တပြိုင်တည်းဖြစ်လာတယ်။ ခုလို ဒီလိုမျိုးတိုးသွားတယ်ဆိုတာကလည်း သူတို့ အချင်းချင်း လက်ဝါးချင်းရိုက်တာလို့ပဲ သုံးသပ်တယ်။နောက်မှာလည်း ဖိအားတွေ ရှိမယ်ထင်တယ်။ တိုးပေးမယ်လို့ ကြိုတင်ပြောဆိုတာမရှိဘူး”လို့ လုပ်ခလစာတိုးမြှင့်ပေးရေးတောင်းဆိုတဲ့ ရွှေပြည်သာ မြို့နယ်က  အလုပ်သမားတစ်ဦးကဆိုပါတယ်။ 

အဲ့ဒီလိုဒေးကြေး ၅၆၀၀ ကျပ်ပေးလာတဲ့ စက်ရုံတွေရှိလာပေမဲ့  ကျပ် ၄၈၀၀ နဲ့ ၃၆၀၀ သာရရှိနေတဲ့စက်ရုံတွေများစွာကျန်ရှိနေသေးတာကြောင့်  အလုပ်သမားတွေဟာ  အများနည်းတူ ၅၆၀၀ ကျပ်သို့ တိုးမြှင့်ပေးဖို့တောင်းဆိုတဲ့  စက်ရုံတွေများစွာရှိလာခဲ့ပါတယ်။ 

ပထမဆုံးတောင်းဆိုမှုကိုစတင်ခဲ့တာကတော့  ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ မြန်မာပေါင်ချိန်(Pou Chen)ဖိနပ်စက်ရုံကတော့ ဒေးကြေးကျပ် ၈၀၀၀ သို့တိုးမြှင့်ပေးဖို့တောင်းဆိုမှုကိုစတင်ပြုလုပ်ခဲ့ကြပြီးနောက်စက်ရုံအချို့က ၅၆၀၀ကျပ်ပေးတာတွေရှိလာလို့  ကျပ် ၄၈၀၀ နဲ့ကျပ် ၃၆၀၀ သာရရှိနေကြသေးတဲ့စက်ရုံတွေက ဒေးကြေး ၅၆၀၀ ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။  

"လက်ရှိကုန်စျေးနှုန်းကကျသွားတယ်ဆိုတာမရှိဘူး တက်တက်လာတာပဲရှိပါတယ်။ ဆန်စျေး၊ စားဆီဆိုရင်ပဲတစ်ပိဿာကို ၈၇၀၀ ပေးနေရတယ်။ ဒါတောင်မြေပဲဆီ ဆီကောင်းမဟုတ်သေးပါဘူး။  အဲ့လိုအစစအရာရာအကုန်စျေးတွေမြင့်တက်နေချိန်မှာ အလုပ်သမားတွေရဲ့လုပ်ခလစာတိုးတယ်ဆိုတာက တစ်နေ့မှကျပ် ၈၀၀ တည်းပါ။ အချိန်ပိုကြေးမှတစ်ရာကျပ်ပါ။ ဒါကလက်ရှိကုန်စျေးနှုန်းမြင့်တက်မှုတွေအရ ဘယ်လိုမှကိုက်ညီတဲ့နှုန်းထားမဟုတ်ပါဘူး”လို့ လှိုင်သာယာမြို့နယ်က အလုပ်သမားတစ်ဦးကဆိုပါတယ်။  

တကယ်တမ်းမှာ အခြေခံ အလုပ်သမားတစ်ဦးရဲ့ တစ်နေ့အနည်းဆုံးကုန်ကျငွေဟာ ကျပ် ၇၀၀၀ ၀န်းကျင်ဖြစ်နေပေမဲ့ အလုပ်သမားတွေကတော့တစ်နေ့လုပ်ခကျပ် ၄၈၀၀ ကနေ ၅၆၀၀ကျပ် သာရရှိနေတာကြောင့် ငွေကြေးမလုံလောက်မှုများဖြစ်ကာ မိသားစုထံပေးပို့နိုင်ခြင်းမရှိတဲ့အပြင် မိမိတစ်ယောက်စာမျှပင်အကြွေးမတင်ယုံမျှ ရုန်းကန်နေရဆဲဖြစ်လို့  လက်ရှိကုန်စျေးနှုန်း မြင့်တက်မှုတွေအရ  တစ်နေ့လုပ်ခကျပ် ၈၀၀၀ ကနေကျပ်တစ်သောင်းနှုန်းသို့ တိုးမြှင့်ပေးနိုင်မှသာ  အထိုက်အလျှောက်အဆင်ပြေနိုင်မှာဖြစ်တယ်လို့ အလုပ်သမား အများစုက ပြောဆိုကြပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာ  အနိမ့်ဆုံးလုပ်ခ ၄၈၀၀ လို့ သတ်မှတ်ထားပေမဲ့ အလုပ်ရှင်တွေဟာ အဲ့ဒီထက်ပိုပေးတာမျိုးမရှိဘဲ ၄၈၀၀ ကျပ်က အမြင့်ဆုံး နှုန်းထား ဖြစ်နေပြီး အချို့သောအလုပ်သမားတွေမှာ စီးပွားရေးကျဆင်းမှုကြောင့်ဟုဆိုကာ ၃၆၀၀ ကျပ် သာပေး ချေနေကြတာတွေလည်းရှိနေပါတယ်။ 

ဒါ့အပြင် စက်ရုံအများစုကလုပ်ငန်းရှင်တွေဟာ  အလုပ်သမားကိုနေ့စားအဖြစ်သာခေါ်ယူအသုံးပြုပြီး တစ်နေ့ကျပ် ၃၆၀၀ သာ ပေး ချေနေတာတွေရှိနေတဲ့အပြင် နေ့စားလရှင်းပြုလုပ်နေကြပေမဲ့  အဲ့ဒီအလုပ်သမားတွေက  ပိတ်ရက်ခံစားခွင့်မရခြင်း၊ လုပ်သက်ကြေး၊ ကျွမ်းကျင်ကြေးနဲ့ဆုကြေး စတာတွေအပြင် လူမှုဖူလုံရေးခံစားခွင့်တွေနဲ့  ရက်မှန်ကြေးစတဲ့ခံစားခွင့်တွေကိုပါ ဆုံးရှုံးရတာတွေကြောင့်  အလုပ်သမားတွေရဲ့ အခြေအနေဟာကူကယ်ရာ မဲ့နေပြီး   'ကုန်စျေးနှုန်းတွေမြင့်တက်လာလေလေ  အလုပ်ရှင်တွေရဲ့ဂုတ်သွေးစုပ်မှုကို ပိုမိုခံလာရလေလေဖြစ်နေတယ်"လို့ အလုပ်သမားရေးဆောင်ရွက်သူတွေက လေ့လာသုံးသပ်ထားပါတယ်။


Related posts

Cover
တစ်နာရီလုပ်ခ ၆၀၀ ကျပ် နဲ့ အလုပ်သမားထုရဲ့ မျှော်လင့်ချက်
Oct 01, 2023
Cover
အာဏာရှင် ခေတ်ဆိုး၊ စနစ်ဆိုးနဲ့ အခြေခံပြည်သူလူထုကြား စတင်ပေါက်ဖွားလာပြီဖြစ်တဲ့ ‘ဒုဗ္ဘိက္ခန္တရကပ်’
Sep 24, 2023
Cover
"လုပ်အားရှင်တို့အတွက်  အခြေခံလုပ်ခလစာတိုက်ပွဲ"
Aug 21, 2023
Cover
လုပ်အားခခေါင်းပုံဖြတ်မယ့် စစ်ကောင်စီရဲ့ ခြေလှမ်းများ
Aug 14, 2023
Cover
ငွေပုံပေး၍ ကျွန်လမ်းခင်းနေရသူများ
Aug 07, 2023
Cover
အလုပ်သမားဦးစီးမှူး ၊ စက်ရုံပိုင်ရှင် နှင့် Nine Tripod အလုပ်သမားများ၏ ခံစားခွင့် ယုတ်လျော့မှုများ
Aug 06, 2023
Cover
ဆို့နင့်ပျောက်ကွယ်ခဲ့ရတဲ့ အလုပ်သမားတွေရဲ့အသံ ပြန်လည်ထွက်ပေါ်နိုင်အုံးမလား
Jul 31, 2023
Cover
အခြေခံပြည်သူတွေကြား စိုးရိမ်သောကတွေပေးတဲ့ ကျပ်နှစ်သောင်းတန်ဂယက်
Jul 27, 2023