ခေတ်ပျက်ကြီးမှာ “အခွင့်အလမ်း” ဆိုတဲ့ စကားရပ်ဟာ လူတိုင်းအတွက် မျှော်လင့်ချက်ပါပဲ။ ဒါပေမဲ့ လက်တွေ့မှာတော့ “အခွင့်အလမ်း’” ဆိုတဲ့ စကားလုံးတွေရဲ့ နောက်ကွယ်က အခွင့်အရေး ကွယ်ပျောက်ခဲ့ရသူတွေ မနည်းလှပါဘူး။
သိသာတဲ့ သာဓက ပြပါဆိုရင်တော့ “အလုပ်အကိုင် အခွင့်အလမ်း” ဆိုတဲ့နောက်မှာ “ရပိုင်ခွင့် အခွင့်အရေး” တွေ ပျောက်ဆုံးရတဲ့ အလုပ်သမားထုက သက်သေပါပဲ။ ရှင်သန်ဖို့ ခက်ခဲလာတဲ့ နေ့ရက်တွေ၊ ကျပ်တည်းလာတဲ့ စားဝတ်နေရေးတွေကို ဖြေရှင်းနိုင်ဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေကြားမှာ လူ့အခွင့်အရေးတွေ၊ အလုပ်သမားဥပဒေရဲ့ အခြေခံရပိုင်ခွင့်တွေအားလုံးကို အလုပ်သမား အားလုံး ဆုံးရှုံး ခဲ့ရပါ တယ်။
ဒီအခြေအနေကိုလည်း မေလ(၁)ရက်မှာကျရောက်တဲ့ (၁၃၅) ကြိမ်မြောက်ကမ္ဘာ့အလုပ်သမားနေ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က ထောက်ပြ ဝေဖန်ထား ပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ “အိမ်နီးချင်းနိုင်ငံများ၊ အချို့သော ကမ္ဘာ့နိုင်ငံများ၊ ရင်းနှီးမြှုပ်နှံသူများသည် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး အခြေခံ စံတန်ဖိုး များကို လစ်လျူရှုကာ၊ ၎င်းတို့၏ ကိုယ်ကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွားပေါ်ကိုသာ အာရုံစိုက်၍ အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်နေကြသည်။ ရွှေ့ပြောင်းအလုပ်သမားများကို အတင်းအကြပ်စစ်သား စုဆောင်းခံ ရမှုတွင် သားကောင်ဖြစ်စေရန် အိမ်နီချင်းနိုင်ငံအချို့က အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်း ဆောင်ရွက်သည်။ အလုပ်သမားသမဂ္ဂများ လွတ်လပ် စွာလုပ်ကိုင်ဆောင်ရွက်ခွင့် မရရှိသည့်အခြေအနေတွင် ထိခိုက်လွယ်သော အလုပ်သမားနှင့် မိသားစုများအတွက် “အလုပ်အကိုင် ဖန်တီးပေးလိုသည်”ဟု ခေါင်းစဉ်တပ်လျှက် အကြမ်းဖက်စစ်တပ်စနစ်၏ လက်အောက်တွင် အလုပ်သမားအခွင့်အရေးများကို ချိုးဖောက်ကာ ရင်းနီးမြှုပ်နှံမှုများကို ဆက်လက်ဆောင်ရွက်နေကြသည်” လို့ ဖော်ပြထားပါတယ်။
ဒါက မြန်မာပြည်တွင်းမှာ လက်တွေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်။ အခြေခံ
အလုပ်သမားအခွင့်အရေးတွေဖြစ်တဲ့ လွတ်လွပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှုပပျောက်ရေးတွေကို အကြမ်းဖက်စစ်တပ်က ဆိုးရွားစွာချိုးဖောက်နေတာကို အရေးယူနိုင်ဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့(ILO)က ကြိုးပမ်းနေချိန်မှာ အကျိုးစီးပွားတွေအတွက် ပြည်တွင်းကို ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ရပ်မသွားပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ထားပြီးဖြစ်တဲ့ နိုင်ငံတကာ အမှတ် တံဆိပ်တွေကို ဆက်မလုပ်ဘဲ ထွက်ခွာသွားဖို့ တောင်းဆိုတာတွေ ရှိခဲ့ပေမယ့် အမှတ်တံဆိပ်တစ်ချို့ကတော့ အခွင့်အရေးတွေ ပျောက်ဆုံးနေတဲ့ အလုပ်သမားထုကို မျက်ကွယ်ပြုပြီး အကျိုးစီးပွားအတွက် ဆက်လက်လုပ်ကိုင် နေကြပါတယ်။
ဒီလိုအခြေအနေမှာ ထပ်မံဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံသူတွေကလည်း ဖိနှိပ်ခံ အလုပ်သမား တွေကို လုပ်အားအမြတ်ထုတ်ဖို့အတွက် အချိန်မီ ဝင်ရောက်နေကြတာပဲ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းက အလုပ်သမားတိုင်းမှာ အခြေခံရပိုင်ခွင့်တွေ ပျောက်ဆုံးသွားသလို တောင်းဆိုပိုင်ခွင့်တွေလည်း မရှိတော့တဲ့ အခြေအနေကို ရောက်နေပါတယ်။ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ချိုးဖောက်ခံရတာတွေအတွက် ရန်ကုန်တိုင်း လွှတ်တော်ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ တာတွေ၊ ရပိုင်ခွင့်တွေအတွက် စက်ရုံတွေရှေ့မှာ တောင်းဆိုခဲ့ကြတာတွေဟာ အိမ်မတ်သဖွယ်ပဲ ဖြစ်ပါတယ်။
အခုချိန်မှာတော့ အချိန်ပိုနာရီတွေကိုလည်း ငြင်းဆန်ခွင့် မရတော့သလို၊ အများပြည်သူ ရုံးပိတ်ရက်တွေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေ၊ ဥပဒေပါ ခွင့်ရက်ခံစားခွင့်တွေဟာလည်း အခြေခံအလုပ်သမားတွေနဲ့ မဆိုင်တော့တဲ့ အခြေအနေထိကို ရောက်လာပါတယ်။
အာဏာမသိမ်းမီကတော့ အချိန်ပိုတွေ အလွန်အကျွံခေါ်တာဟာ အလုပ်ရှင်တွေ ချိုးဖောက်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပေမယ့် အခုချိန်မှာတော့ အလုပ်ရှင်ဘက်က အချိန်ပိုခေါ်တိုင်း မလုပ်နိုင်တဲ့ အလုပ်သမားဟာ မှားယွင်းသူဖြစ် ပြီး အလုပ်ထုတ်ခံရတဲ့အထိ ပြစ်မှုကြီးနေပါတယ်။ တနင်္ဂနွေပိတ်ရက်တွေဟာ အလုပ်သမားတွေနဲ့ မဆိုင်တော့တဲ့အထိ ဖြစ်လာသလို ဥပဒေပါခွင့်ခံစားခွင့် မယူတဲ့ အလုပ်သမားတွေပဲ အလုပ်တည်မြဲနိုင်တဲ့ အထိ ခေတ်စနစ်ဟာ ပြောင်းလဲနေပြီဖြစ်ပါတယ်။
တစ်လသုံးသိန်းကျော်ရတဲ့ အလုပ်သမားတစ်ဦးဟာ ဉပဒေနဲ့အညီ ခွင့်တစ်ရက်ယူမယ်ဆိုရင် ဒေးကြေး၊ ရက်မှန်ကြေးတွေ ဖြတ်တောက်ခံရတဲ့အပြင် ဂရိတ်ကြေးလျှော့ချခံရတာနဲ့ စက်တန်းပြောင်းခံရတဲ့အထိ သက်ရောက်မှု ရှိနေတာပဲ ဖြစ်ပါတယ်။
ဒီတော့ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှု လုပ်မယ့် လုပ်ငန်းရှင်တစ်ဦးဟာ အော်ဒါရရှိရေးကိုသာ အားစိုက်ဖို့ လိုတာဖြစ်ပြီး ပြည်တွင်းက အလုပ်သမားတွေကတော့ စက်ရုံကြီး မပိတ်သရွေ့ အနားမရဘဲ ချုပ်ပေးရမှာက အမှန်တရားလို ဖြစ်နေပါတယ်။
လုပ်ငန်းရှင်အနေနဲ့ ဒီလိုလူသားစက်ရုပ်တွေကို ခိုင်းစေခွင့် ရနေပေမယ့် လုပ်ခလစာ ပြန်လည်ပေးချေဖို့ အတွက် လည်း စိတ်ပူစရာ မလိုအောင် အာဏာရှင်က ပြင်ဆင်ပေးထားပါတယ်။ အချိန်ပို အလုပ်ချိန်ကို စိတ်ကြိုက်ခေါ်ယူ နိုင်သလို အလုပ်သမားတွေ ကျန်းမာရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာမှထည့်သွင်း တွက်ချက်စရာ မလိုဘဲ လုပ်ငန်းလည်ပတ်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီအချက်တွေဟာလည်း ရင်းနှီးမြှုပ်နှံလိုသူတွေ အကြိုက်တွေ့စေ တဲ့ အချက်တွေပါပဲ။
ပြည်တွင်းမှာ တစ်ရက် (၈) နာရီ အလုပ်ချိန်အတွက် အနည်းဆုံးအခကြေးငွေနှုန်းထားကို ၂၀၁၈ ခုနှစ်က (၄၈၀၀) ကျပ် သတ်မှတ်ခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီက ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ အပိုထောက်ပံ့ကြေး ကျပ်တစ်ထောင်၊ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ အပိုထောက်ပံ့ကြေး ကျပ်တစ်ထောင် စုစုပေါင်း ကျပ် (၆၈၀၀) ပေးချေဖို့ သတ်မှတ်ကြေညာခဲ့တာ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ အပိုထောက်ပံ့ကြေးကလည်း အလုပ်သမားတိုင်းရနေတာ မဟုတ်သလို တာဝန်ရှိသူတွေကလည်း ပေးစေလို့သာပြောပြီး ၊ ပေး မပေးကတော့ မသိချင်ယောင်ဆောင်နေတာပဲ ဖြစ်ပါတယ်။
ကြက်ဥတစ်လုံး ကျပ်ငါးရာ၊ ကြက်သား ၊ ဝက်သားဈေး တစ်ဆယ်သားကို ကျပ် ၃၀၀၀ ကျော်၊ ကျပ် ၆၀၀၀ ကျော်တန်ဆန်ကို ဆန်ကြမ်းနဲ့ ပြန်လည်ရောစားရချိန်မှာတော့ သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာဟာ ထမင်းဝအောင် စားရဖို့ကို ပြည့်မီမှု မရှိတော့ပါဘူး။
ဒါပေမယ့်လည်း အလုပ်ရှင်တွေကတော့ အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို ထည့်သွင်းပူပန်စရာ မလိုပါဘူး။ တစ်နေ့ (၈) နာရီအလုပ်ချိန်အတွက် ရရှိတဲ့လုပ်အားခက စားဖို့မလုံလောက်ချိန်မှာ အလုပ်ရှင်တွေက အချိန်ပိုတွေခေါ်ယူပြီး အလုပ်သမားတွေ အလုပ်လုပ်ရင်း မငတ်ဖို့ စီစဉ်နေပါတယ်၊။
အလုပ်သမားဝန်ကြီးဌာနက လည်း ဒီလိုအခြေအနေတွေကို သိရှိနေပေမယ့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးသူတွေ မငြိုငြင်ရေးနဲ့ အခွန်အခ ရရှိရေးကိုသာ ဂရုပြုနေတာ ဖြစ်ပါတယ်။ အခြေခံ အလုပ်သမား လူတန်းစားရဲ့ ရှိပြီးသား အခွင့် အရေးတွေကိုတောင် ထည့်သွင်း စဉ်းစားပေးတာ မရှိပါဘူး။
ရင်းနှီးမြှုပ်နှံသူကြီးတွေက ဥပဒေကို စိတ်တိုင်းကျ ချိုးဖောက်နေပြီး အလုပ်သမားတွေကို ဖိနှိပ်တာတွေ မျိုးစုံလုပ်ဆောင်နေပေမယ့် အာဏာရှင်ရဲ့ စစ်တပ်ကတော့ အလုပ်ရှင်ဘက်က ပြတ်ပြတ်သားသားကို ရပ်တည် ပေးထားပါတယ်။
အလုပ်သမားတွေ တောင်းဆိုမှုလုပ်လို့ စစ်တပ်က ခေါ်ယူစစ်ဆေးတာ၊ နေအိမ်ပြန်မရောက်ဘဲ ဖမ်းဆီးခံရတာ၊ တောင်းဆိုတာတွေလုပ်ရင် စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်ခံရတာတွေဟာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာတင်မကဘဲ အခြေခံလူ့အခွင့်အရေး စံချိန်စံညွန်းတွေမမီဘဲ ဖိနှိပ်ခံနေရတာပါ။
ဒီလိုအခြေအနေတွေဟာ တစ်ရက်ထက်တစ်ရက် ပိုဆိုးလာပေမယ့် အလုပ်သမား လူတန်းစားကတော့ “အလုပ် အကိုင် အခွင့်အလမ်း” ဆိုတဲ့ စကားလုံးတွေအောက်မှာ ဘာမှငြင်းဆန်ခွင့် မရှိဘဲ အသက်ရှင်သန်နိုင်မယ့်လမ်းကို ရွေးချယ်နေရပါတယ်။
ခေတ်ပျက်ကြီးမှာ ခါတော်မီ ရင်းနှီးမြှုပ်နှံသူတွေကလည်း ဒီအခြေအနေတွေမှာ ရနိုင်သမျှ လုပ်အားအမြတ်ထုတ်ဖို့ ပဲ ကြိုးပမ်းနေကြပြီး အလုပ်သမားတွေ အကျိုးစီးပွားအတွက် ထည့်သွင်းစဉ်းစားပေးတဲ့သူဆိုတာ မရှိသလောက် ကို နည်းနေတာပဲ ဖြစ်ပါတယ်။
အခွန်အခ ရရှိရေးနဲ့ နိုင်ငံခြားငွေ ရရှိရေးသာ စိတ်ဝင်စားတဲ့ အာဏာရှင်နဲ့ ဉပဒေတွေ၊ စံချိန်စံညွန်းတွေကို လေး စားလိုက်နာလိုစိတ်မရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေ ပေါင်းဆုံကြတဲ့ ခေတ်ပျက်ကြီးမှာ “အလုပ်အကိုင် အခွင့်အလမ်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပျောက်ဆုံးသွားတဲ့ အခွင့်အရေးတွေ မနည်းလှပါဘူး။
ခေတ်ပျက်ကြီးမှာ စားဝတ်နေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေဆိုတာ တကယ်ကို လိုအပ်ပါတယ်။
ဒါပေမယ့် အလုပ်သမားထု မျှော်လင့်တဲ့ အခွင့်အလမ်းတွေကတော့ ရောက်မလာတော့ပါဘူး။
“အခွင့်အလမ်း” ရဲ့နောက်မှာ “အခွင့်အရေး” ဆိုတာကို မပေးလိုသူတွေဟာ ခါတော်မီ လုပ်အားခေါင်းပုံ ဖြတ်သူတွေပါပဲ။
အလုပ်သမားတွေ မျှော်လင့်တာကတော့ အခြေခံကျတဲ့ ဥပဒေပါ ခံစားခွင့်လေးတွေကို လေးစားလိုက်နာပေးတဲ့ ရင်းနှီးမြှုပ်နှံသူတွေပါ။ ဒါဟာလည်း ခေတ်ပျက်ကြီးမှာ ကြာလေဝေးလေသာ ဖြစ်နေပါတယ်။ အကျိုးစီးပွား အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ပေမယ့် အခြေခံ ခံစားခွင့်တွေတောင် မပေးလိုသူတွေဟာ ခေတ်ပျက်ကြီးမှာ အမည်ပျက်စာရင်းနဲ့ ရှိနေမှာပါပဲ။
ဒီကာလကြီးက ဘယ်လောက်ကြာမယ်ဆိုတာ မမှန်းဆနိုင်ပေမယ့် ခေတ်ပျက်ကြီးကို လွန်မြောက်တဲ့ တစ်ရက်မှာ တော့ ဒီလိုရင်းနှီးမြှုပ်နှံသူတွေဟာ ပြည်တွင်းမှာ ပြန်လည်ခြေချဖို့ အခွင့်အလမ်းတွေ နည်းလွန်းလှတာကိုတော့ ပြန်လည်သတိပြုမိဖို့ သတိပေးလိုပါတော့တယ်။