ARTICLE

အကျဉ်းစံတို့ရဲ့ ဘဝများ

CoverLogo
305 Views

အကျဉ်းထောင်ဆိုတာဟာ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့နေရာလို့ သိထားကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကျဉ်းထောင်ရဲ့ အဓိပ္ပာယ်က တမျိုးတဖုံပြောင်းလဲသွားပါတယ်။ 

ပညာတတ်တွေ၊ လူငယ်တွေ၊ ယုံကြည်ရာကို ရဲဝံ့စွာထုတ်ဖော်ပြောကြားသူတွေနဲ့ အာဏာရှင်ကို ဆန့်ကျင်တဲ့ သူတွေတိုင်းကိုပါ မတရားသဖြင့် ပြစ်ဒဏ်တွေချမှတ်ပြီး ထိန်းသိမ်းထားတဲ့နေရာဖြစ်လာခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေးအပါအဝင်အဝင် အရာရာဟာ အဆိုးဘက်ကိုကျဆင်းခဲ့ပါတယ်။ အဲဒီလိုပဲ  အကျဉ်းထောင်တွေမှာလည်း လူ့အခွင့်အရေးချိုးဖောက်ခံရတာ၊ ညှင်းပန်းနှိပ်စက်ခံရတာ၊ ခေါင်းပုံဖြတ်ခံရတာတွေဟာ တဖန်ပြန်လည်ဦးမော့လာပါတယ်။ 

ပြည်သူကရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့အစိုးရခေတ်မှာ တည်ဆောက်ခဲ့တဲ့ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်၊ လွတ်လပ်ပိုင်ခွင့်စတဲ့ အခြေခံလူ့အခွင့်အရေးတွေဟာ စစ်အာဏာရှင်စနစ်အောက်မှာပျက်သုဉ်းခဲ့ရပြီဖြစ်ပါတယ်။

အာဏာမသိမ်းခင်ကတော့ အကျဉ်းထောင်တွေထဲကို လူ့အခွင့်အရေးကော်မရှင်က ကွင်းဆင်းကြည့်ရှုတာ၊ အကျဉ်းသားတွေနဲ့ တွေ့ဆုံစကားပြောဆိုတာတွေရှိခဲ့ပြီး လိုအပ်တာတွေကို ပြုပြင်ပေးနိုင်ခဲ့ပါတယ်။  ကော်မရှင်အနေနဲ့ ထောင်တွင်းကအခြေအနေတွေကို ထုတ်ဖော်ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။ 

ရာနှုန်းပြည့်အားကိုးရတဲ့ အဖွဲ့အစည်းတစ်ခုမဟုတ်ခဲ့ပေမယ့်လည်း အကျဉ်းသားတွေအတွက်တော့ ထွက်ပေါက် တစ်ခု ဖြစ်ခဲ့ပါတယ်။ 

လက်ရှိမှာတော့ အကျဉ်းထောင်ထဲမှာ လူ့အခွင့်အရေးဆိုတာ စကားအဖြစ်ကို မကြားရတော့ ပါဘူး။ ထောင်တွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို ဖိနှိပ်တာတွေအပြင် အကျဉ်းသားတွေရဲ့ ကျန်းမာရေး၊ နေထိုင်စားသောက်ရေးအခြေအနေတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆိုးဝါးလာပါတယ်။

ဒီလိုအခြေအနေတွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အစည်းအသီးသီးက ထောက်ပြဝေဖန်ခဲ့ပေမယ့် အကျဉ်းထောင်အများစုမှာတော့ တိုးတက်ကောင်းမွန်လာတာမရှိဘဲ အဆိုးဘက်ကိုပဲ ဦးတည်နေပါတယ်။  မကြာသေးခင်ကလည်း မြစ်ကြီးနားအကျဉ်းထောင်မှာ ဆူပူမှုလုပ်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့ အာဏာပိုင်တွေက အကျဉ်းသားတွေကို အကြမ်းဖက်နှိမ်နင်းသတ်ဖြတ်တာတွေလည်း ရှိခဲ့ပါတယ်။ ဒါဟာ ထောင်တွင်းမှာရောက်ရှိနေသူတွေ တွေ့ကြုံခံစားနေကြရတာတွေပါ။ 

အလားတူပါပဲ။ ထောင်ပြင်ပမှာကျန်ခဲ့တဲ့မိသားစုဝင်တွေဟာလည်း အိမ်သားတစ်ယောက် ရဲစခန်း၊ အကျဉ်းထောင် စတဲ့နေရာတွေကို  စတင်ရောက်ရှိချိန်ကစပြီး စိတ်ရော၊ လူပါ ဆင်းရဲဒုက္ခမျိုးစုံကို ရင်ဆိုင်ကြရပါတော့တယ်။ 

ရဲစခန်းတို့၊ အကျဉ်းထောင်တို့နဲ့ စပြီးပတ်သက်ရကတည်းက ခေါင်းစဉ်မျိုးစုံနဲ့ ပိုက်ဆံတောင်းတယ်။ တကယ်ကို အထုပ်ပိုက်လိုက်နိုင်မှ ကိုယ့်လူကနေလို့၊ စားလို့ရတာ”လို့ အကျဉ်းသား မိသားစုဝင်တစ်ဦးဖြစ်တဲ့ဒေါ်မျိုး ( အမည်လွှဲ)က ပြောပါတယ်။

ဒေါ်မျိုးရဲ့ သားဖြစ်သူက ရန်ကုန်မြို့၊ ဘုရင့်နောင်တံတားအဆင်းမှာ လက်ကိုင်ဖုန်းကို စစ်ဆေးခံရတာဖြစ်ပြီး စစ်တပ်ကို ဆန့်ကျင်တော်လှန်တဲ့ပို့စ်တွေ၊ ဝေဖန်ပြောဆိုတာတွေကို လူမှုကွန်ရက်စာမျက်နှာမှာ ဖြန့်ဝေလို့ ဖမ်းဆီးအရေးယူ ခံရတာပဲ ဖြစ်ပါတယ်။ 

သားဖြစ်သူဟာ နေအိမ်ကို အချိန်မှန် ပြန်မရောက်လာချိန်မှာတော့ ဒေါ်မျိုးတစ်ယောက် နယ်မြေအလိုက် မြို့နယ်ရဲစခန်းတွေကို ခြေရာချင်းထပ်အောက်သွားပြီး စုံစမ်းခဲ့ရပါတယ်။ ရက်အနည်းငယ် ကြာမြင့်ပြီးနောက်မှ သားဖြစ်သူက ဖုန်းနဲ့ဆက်သွယ်လာတာကြောင့် ဖမ်းဆီးခံရမှန်း သိခဲ့ရတာပါ။

သားနဲ့စပြီး အဆက်အသွယ်ရကတည်းက ပိုက်ဆံဆိုတာ ပေးမလောက်တော့တာပဲ။ အမှုစစ်ကိုလည်း အမှုရေးရင် အဆင်ပြေပြေဖြစ်ဖို့ ပေးရတယ်။ ထောင်ထဲမရောက်မချင်း စခန်းကအချုပ်မှာနေတုန်းကလည်း အမှိုက်ပုံးကအစ အလှူခံတယ်။ အခုအင်းစိန်ရောက်တော့လည်း ပေးလိုက်ရတာဆိုတာ အခုထိကို စာရင်းမချုပ်နိုင်သေးဘူး”လို့ သူကဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရဲစခန်း၊ အကျဉ်းထောင်စတဲ့နေရာတွေကို ပြည်သူတွေ ထိတွေ့ဆက်ဆံရတာဟာ အရင်ကထက် ပိုများလာပါတယ်။ အိမ်ပြန်နောက်ကျလို့ စစ်ကားပေါ်ပါသွားတာ၊ ည(၉)နာရီကျော် လမ်းပေါ်ထွက် မိလို့ ခေါ်သွားတာ၊ ဧည့်စာရင်းမတိုင်လို့ ရဲစခန်းပါသွားတာစတဲ့ ခေါင်းစဉ်အသစ်အဆန်းတွေဟာ မတရားသဖြင့် အရေးယူခံရတာတွေပါပဲဖြစ်ပါတယ်။

လက်ရှိမှာ ရဲစခန်း၊ အကျဉ်းထောင်စတဲ့နေရာတွေနဲ့ ပတ်သက်မိသူတိုင်း ပြောဆိုကြတဲ့ စကားရပ်ကတော့ အတူတူပါပဲ။ သူတို့အားလုံးတွေ့ကြုံရတာက မတရားသဖြင့် ငွေကြေးတောင်းခံတာနဲ့ ခြိမ်းခြောက်ခံရတာပါပဲ။

သားက ဆေးမှုနဲ့ပါသွားတယ်။ အရင်ဆုံး ရဲစခန်းရောက်ရောက်ချင်း အရိုက်မခံရအောင် ရှစ်သောင်း စပေးရတယ်။ တန်းစီးကတော့ စခန်းမှာနေတုန်း သူတို့အတွက် ရေဖိုး၊ မီးဖိုး ပေးရတယ်လို့ပြောတယ်။ အဲဒါကိုလည်း ကလေးတွေကတစ်ဆင့် ပေးရတယ်။ မပေးနိုင်တဲ့သူတွေကျ အရိုက်ခံရတယ်လို့ ပြောတယ်” လို့ မိခင်တစ်ယောက်က ပြောပါတယ်။

 နောက်ဆက်တွဲအနေနဲ့ကတော့ အမှုစစ်စာရေးကို ပိုက်ဆံပေးရတာ၊ အချုပ်ကျနေသူကို ထမင်းပို့ဖို့ ရဲစခန်း အပေါက်ဝနဲ့ အချုပ်အပေါက်ဝတွေက တာဝန်ကျသူတွေကို နေ့စဉ်ပိုက်ဆံပေးရတာ၊ တာဝန်ကျရဲတွေက ဖုန်းဆက်ပြီး အစားအသောက်၊ ဖုန်းဘေလ် မှာတာတွေအပြင် အလှူခံတာတွေပါကို ပေးရတယ်လို့ ဆိုပါတယ်။

ရဲစခန်းမှာလေ အသနားခံစာရေးလို့ရတယ်ဆိုပြီး သိန်းချီတောင်းတယ်။ နောက်ပြီး ဟိုဟာညှိပေးမယ်။ ဒီဟာညှိပေးမယ်ဆိုတာလည်း ပြောတယ်။ အမေ့သားကိုစိတ်ချပါ။ သားတို့ကြည့်ပေးနေပါတယ်ဆိုပြီး ဖုန်းဆက်ရင် နှစ်သောင်းလောက်က အနည်းဆုံး ပေးရတယ်။ တစ်ခါတလေတော့ သူတို့ဖုန်းနဲ့ သားကိုတိုက်ရိုက် စကားပြောခွင့် ရတယ်။ ဖုန်းဘေလ်တစ်သောင်းတော့ ပြန်ထည့်ပေးရတယ်”လို့လည်း  သူကဆက်ပြောပါတယ်။

ဒါဟာ ရဲစခန်းတွေမှာ အချုပ်ကျချိန် ပြည်သူအများစု တွေ့ကြုံနေရတဲ့ အခြေအနေတွေဖြစ်ပြီး ငွေကြေး သုံးစွဲနိုင်တဲ့ပေါ်မူတည်ကာ တစ်ခြားသောကွာဟချက်တွေလည်း ရှိပါတယ်။ ရဲစခန်းတွေမှာ နှစ်ပတ်ထက် ပိုထားလိုရင် ညှိနှိုင်းနိုင်သလို ရဲစခန်းထဲမှာ သီးသန့်မိသားစုသန့်တွေ့ဆုံဖို့လည်း ငွေနဲ့လမ်းခင်းနိုင်ပါတယ်။ 

ပြည်သူတွေရဲ့ အတွေ့အကြုံတွေ၊ ပြောစကားတွေကိုပဲ အခြေခံတွက်ချက်ရရင် ရဲစခန်းနဲ့ စတင်ပတ်သက်ရသူတစ်ဦးဟာ အနည်းဆုံးကျပ်(၁၀)သိန်း အထက်ကို ကုန်ကျမှာပဲ ဖြစ်ပါတယ်။ 

လက်ရှိမှာ မြို့နယ်တစ်ချို့ဟာ စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်တာကြောင့် ပြင်ပရုံးချိန်းတွေ ခေါ်ဆိုမှုမရှိဘဲ တစ်လ အတွင်းမှာပဲ စစ်ခုံရုံးက အမိန့်ချတာကို လုပ်ဆောင်နေပါတယ်။ အရပ်ဖက်တရားရုံးတွေမှာ တရားရင်ဆိုင်ရတဲ့ အချိန်ကာလဟာ နှစ်ချီကြာမြင့်တတ်ပြီး ငွေကြေးကုန်ကျမှုများတတ်ပါတယ်။

သားတုန်းကတော့ ဆေးပြား(၈)ပြားမိတာ။ စစ်ခုံးရုံးက ဆယ်နှစ်ချတယ်။ အရပ်ဖက်မှာ လိုက်နိုင်ရင်တော့ သုံးနှစ်လောက်ပဲ ကျမယ်လို့ ရှေ့နေကပြောတယ်။ တရားရင်ဆိုင်တာတော့ မကုန်လိုက်ပါဘူး။ စစ်ခုံရုံးမို့လို့ ရှေ့နေလိုက်မရဘူး။ ဒါပေမယ့် အင်းစိန်ထောင်သွားရတော့မယ်ဆိုတာနဲ့ စခန်းရဲက အထဲမှာအဆက်အသွယ် ရှိလား။ ဘောင်ချာဆုတ်ထားလား။ မေးတယ်”လို့ အကျဉ်းသားမိသားစုဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ထောင်တွေ၊ ရဲဘက်စခန်းတွေ အစရှိတဲ့ နေရာတွေအားလုံးမှာ အနေ၊ အစားသက်သာဖို့အတွက် ကာလ ပေါက်ဈေး အသီးသီးရှိနေပါတယ်။ အကျဉ်းထောင်တွေကို စတင်ရောက်ရှိလာသူတွေဟာ ဘေးတန်းမှာအိပ်ခွင့်ရဖို့ နေရာဝယ်ရတာ၊ ပုံစံထိုင်ခိုင်းတာကို ကျော်တာ၊ အလုပ်မလုပ်ရဖို့အတွက် ငွေကြေးပေးရတာတွေကို လုပ်ဆောင်ကြရပါတယ်။

ကလေးနဲ့ကျန်ခဲ့တော့ စားဖို့တောင်အနိုင်နိုင်ပါ။ ဒါပေမယ့် ယောကျာ်းအထဲရောက်ရောက်ချင်း (၁၀)သိန်းတောင်း တာ မပေးနိုင်လို့။  နောက်ဆုံးတောင်းတောင်းပန်ပန်နဲ့ (၇) သိန်းပေးချေးလိုက်ရတယ်။ အခုထိ မဆပ်နိုင်သေးဘူး။ လတိုင်းထောင်ဝင်စာပို့ဖို့နဲ့ အိမ်စရိတ်အတွက် မနည်းရုန်းနေရတာ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ချေးထားတဲ့ပိုက်ဆံက အခုထိအရင်းမဆပ်နိုင်သေးဘူး”လို့ ထောင်ဝင်စာလစဉ်ပေးပို့နေသူတစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် ထောင်ကျနေတဲ့သူတွေလိုအပ်တဲ့ ဆေးဝါးကုသခွင့်ရဖို့အတွက်လည်း ငွေကြေးပေးရတာနဲ့ အလှူငွေကောက်ခံတာကိုလည်း ထည့်ပေးရတယ်လို့ သိရပါတယ်။

အထဲကလိုတာတွေကို ထောင်ဝန်ထမ်းက တစ်ဆင့်မှာလို့ရတယ်။ ကိုယ်ပေးချင်တာလည်း ပေးပေါ့။ အခုအခြေ အနေက ဘယ်လိုပြောရမလဲ။ ပိုက်ဆံတတ်နိုင်ရင်တော့ နေသာသေးတယ်။ မဟုတ်ရင် တကယ်မလွယ်ဘူး”လို့ သူက ပြောပါတယ်။

ခေတ်ပျက်ကြီးမှာ ပြည်သူအများစုက နေ့စဉ်ဆိုသလို စားဝတ်နေရေး ပိုမိုခက်ခဲလာပေမယ့် ရဲစခန်းနဲ့  အကျဉ်းထောင်ဝန်ထမ်းတွေ အတွက်ကတော့ တကယ်ကို ငွေရပေါက်လွယ်တဲ့နေရာတွေ ဖြစ်နေပါတယ်။ အာဏာရှင်လက်ထက်မှာ မတရားသဖြင့် ဖမ်းဆီးအမိန့်ချခံရသူတွေ၊  မမျှတတဲ့အမိန့်တွေကို လွန်ဆန်ခွင့်မရှိတဲ့ ပြည်သူတွေအတွက် ဒီလိုနေရာတွေဟာ "လူ့ငရဲ"လို့ ခေါ်မရမလိုပါပဲ။

အဆင့်ဆင့် ခေါင်းပုံဖြတ်တာတွေ၊ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု မရှိတာ၊ အနုနည်းနဲ့ ဓားပြတိုက်တာ တွေကို ခေတ်အဆက်ဆက် ကျူးလွန်လာတဲ့ အဲဒီနေရာတွေဟာ အခုချိန်မှာတော့ တကယ်ကို အထိန်းအကွပ်မဲ့ ဖြစ်နေပါတယ်။ 

တိုင်းပြည်အာဏာကို တရားမဝင်လုယူထားတဲ့ စစ်အာဏာရှင် နဲ့ ဘက်တော်သားတွေ သက်ဆိုးရှည်နေသရွေ့တော့ ပြည်သူတိုင်းဟာ နယ်ပယ်အသီးသီးမှာ လူ့အခွင့်အရေးဆုံးရှုံးတာတွေ၊ ဥပဒေအကာအကွယ် မဲ့တဲ့ အခြေအနေတွေကို  ပိုပိုပြီး ခံစားရဖွယ်ရှိနေပါတယ်။

အဲဒီလိုဖြစ်နေချိန်မှာမှ သူတို့လက်ခုပ်ထဲကရေဖြစ်နေတဲ့ အကျဉ်းထောင်အသီးသီးမှာ မတရားအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေရဲ့ဘဝကတော့ လူ့အခွင့်အရေးနဲ့ ဥပဒေအရ ရပိုင်ခွင့်ဆိုတာကို မမျှော်လင့်နိုင်တော့တဲ့ အခြေအနေတရပ်ဖြစ်လို့နေပါတော့တယ်။

Photo - Insein Prison(Google Map)


Related posts

Cover
အလုပ်မဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့
Jul 24, 2024
Cover
ရန်ကုန်မြို့နေ ပြည်သူတွေရဲ့ လူနေမှုဘဝ အကျပ်အတည်းများ
Jul 22, 2024
Cover
“စစ်ကောင်စီရဲ့ ကုန်ဈေးနှုန်းတိုက်ပွဲ ကျဆုံးမှု"
Jul 19, 2024
Cover
ရှင်သန်ရေးအတွက် ဖိနှိပ်ခံ  အထည်ချုပ်လုပ်သားများ
Jun 30, 2024
Cover
ဆင်းရဲမွဲတေမှု စံချိန်တင်လာတဲ့ မြန်မာပြည်က နေ့ရက်များ
Jun 27, 2024
Cover
ဦးဆောင်သူကင်းမဲ့လာတဲ့ အခြေခံလုပ်ခတိုးမြှင့်ရေး တိုက်ပွဲ
Jun 26, 2024
Cover
အလုပ်မဖြစ်တော့တဲ့ အလုပ်သမားအရေး ဖြေရှင်းမှုယန္တရားများ
Jun 06, 2024
Cover
၆ နှစ်ကြာ မပြောင်းလဲတဲ့ အနည်းဆုံးအခကြေးငွေနဲ့ အခြေခံအလုပ်သမားတွေ အာဏာသိမ်းအစိုးရလက်အောက် အလူးအလဲ ရုန်းကန်နေရ
Jun 04, 2024