ARTICLE

လှော်ရင်းနစ် ၊ လုပ်ကိုင်ရင်း ငတ်နေတဲ့ အထည်ချုပ်လုပ်သားများ (သို့)အကျဥ်းအကျပ်ထဲက တရုတ်အထည်ချုပ်စက်ရုံ များပြားမှု

CoverLogo
522 Views

စစ်ကောင်စီ အာဏာသိမ်းကာလနောက်ပိုင်း တရုတ်အထည်ချုပ်လုပ်ငန်းတွေ ရုတ်တရက် များပြားလာတာကို မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM က ပြုစုထားတဲ့ အချက်အလက် မှတ်တမ်းတွေ အရ သိရပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူပြီး တရုတ်လုပ်ငန်းရှင်တွေ က စက်ရုံပို ဖွင့်လာတာ ဖြစ်တယ်လို့ IWFM ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။ 

 

“ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေက အလုပ်သမားတွေ အလုပ်အကိုင်ရဖို့ဆိုပြီး တရုတ်ကုမ္ပဏီတွေနဲ့ စာချုပ် တွေ ချုပ်ကြတယ်။ ဒါက အလုပ်အကိုင်အခွင့်အလမ်းတွေ များမယ်လို့ ယူဆနိုင်ပေမဲ့ အလုပ်သမားတွေ မှာတော့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်” ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။ 

 

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ ၂၀၉ ရုံသာ ရှိခဲ့ပေမဲ့ စစ်ကောင်စီ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မေလမှာတော့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ ၃၀၂ ရုံအထိ ရှိ တိုးတက် များပြားလာတာကို IWFM ရဲ့ အချက် အလက်မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ 

 

အခုနှစ် မတ်လ အထိ နိုင်ငံအတွင်း တရုတ်နိုင်ငံသား ပိုင် စက်ရုံ ၃၀၆ ရုံအထိ ရှိနေပေမဲ့ မြန်မာအထည်ချုပ် လုပ်သားတွေကတော့ အဓမ္မခိုင်းစေတာတွေ ခံစားနေရ တယ်လို့ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။ 

 

တရုတ်လုပ်ငန်းရှင်တွေ အထည်ချုပ်လုပ်ငန်းတွေအတွက် မြန်မာနိုင်ငံမှာ အများအပြား ရင်းနှီးမြှုပ်နှံနေတာနဲ့ ပတ်သက်ပြီး ဒေါ်ခိုင်ဇာအောင် အခုလို ပြောပါတယ်။ 

“ အခွင့်အရေးတွေကို ချိုးဖောက်ပြီး အလုပ်သမားတွေကို ပိုပြီး ဂုတ်သွေးစုတ်နိုင်တဲ့ နိုင်ငံရေးအခြေအနေ မြန်မာနိုင်ငံမှာ ဖြစ်နေတယ်။ ဒီလို အခြေအနေကို အခွင့်ကောင်းယူပြီး တရုတ်လုပ်ငန်းရှင်တွေက မြန်မာနိုင်ငံမှာ အများအပြား ရင်းနှီးမြှုပ်နှံနေကြတာပါ။ ဒီလို လုပ်နိုင်ဖို့ EU နဲ့ US နိုင်ငံတွေက ကုန်အမှတ်တံဆိပ်တွေကတော့ ကျင့်ဝတ်နဲ့မညီတဲ့ မြန်မာပြည်က စက်ရုံတွေကို အော်ဒါတွေ ပေးနေတဲ့ အတွက် ဖြစ်တယ် ” လို့ ပြောပါတယ်။

 

လက်ရှိကာလဟာ စက်ရုံအတွင်း ချိုးဖောက်မှုတွေကို ဖြေရှင်းပေးနိုင်တဲ့ အလုပ်သမားသမဂ္ဂတွေ၊ အဖွဲ့ချုပ်တွေကို စစ်ကောင်စီက မတရားအသင်း ကြေညာထားတာ၊ အဖွဲ့ဝင်တွေကို ဖမ်းဆီးတာနဲ့ ဖမ်းဝရမ်းထုတ်တာတွေကြောင့် အလုပ်သမားအခွင့်အရေး ရရှိဖို့က မဖြစ်နိုင်တဲ့ ကာလ ဖြစ်တယ်လို့လည်း ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

 

လက်ရှိ အထည်ချုပ်စက်ရုံတွေက လုပ်ငန်းခွင် ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဟာ စက်ရုံပိုင်ရှင်တွေ စိတ်ကြိုက် ကိုယ်စားလှယ်နဲ့ အများစုဖွဲ့စည်းထားပြီး အလုပ်သမားတွေ ထိရောက်တဲ့ အကူအညီပေးနိုင်တာမရှိဘူးလို့ အထည်ချုပ်လုပ်သားတစ်ဦးက ပြောပါတယ်။ 

 

“ စက်ရုံထဲမှာ WCC ဆိုတာက ဘယ်သူက ကိုယ်စားလှယ်ဆိုတာ တောင်မသိပါဘူး။ ဖြေရှင်းပေးဖို့ဆိုတာ ဝေးပါ တယ်။ တင်ပြညှိနှိုင်းတယ်ဆိုတာလည်း ဘာမှလည်း မဖြစ်လာပါဘူး ။ သမဂ္ဂတွေကတော့ အရင်က ရှိခဲ့ပါတယ်။ သူတို့တွေလို့တော့ ထိရောက်မှုမရှိဘူးပေါ့ “လို့ အထည်ချုပ်စက်ရုံ လိုင်းကြီးကြပ်ရေး စူပါ တစ်ဦးက သူ့အတွေ့အကြုံ ကို ပြောပြပါတယ်။ 

 

အထည်ချုပ် စက်ရုံထဲမှာ နိုင်ငံခြားသားတွေ အုပ်ချုပ်ပြီး ကိုယ်ထိလက်ရောက် ထိပ်ပုတ် ခေါင်းပုတ် လုပ်တာတွေ ရှိတယ်လိုလည်း တရုတ်နိုင်ငံသားပိုင် စက်ရုံမှာ လုပ်ကိုင်နေသူ မစန်းစန်း (အမည်လွဲ) က ပြောပါတယ်။  

 

မန်နေဂျာ လိုလို စကားပြန်လိုလိုနဲ ဆဲဆိုတာတွေရှိ သလို အချိန်ပို မလုပ်နိုင်ရင်ထွက်ဆိုပြီး ခြိမ်းခြောက် ပြောဆို နေတယ်လို့လည်း ဆက်ပြော ပါတယ်။  

 

စံချိန်ပြည့်အောင်ချုပ်ဖို့ စူပါတွေက ဖိအားဆဲဆို တာကြောင့် အလုပ်သမားတွေမှာ အိမ်သာမသွား၊ ထမင်းမစားဘဲ ချုပ်နေရတယ်လို့ ဆိုပါတယ်။

 

“ စံချိန်မပြည့်ရင် အချိန်ပိုလုပ်ခ မပေးတဲ့ စက်ရုံတွေလည်း ရှိတယ်”လို့ မစန်းစန်းက ပြောပါတယ်။ 

 

အခုလို ချိုးဖောက်မှုတွေဟာ အာဏာရှင်အစိုးရ လက်အောက်မှာ ပိုမိုဆိုးဝါးနေပြီး အကူအညီပေးရေး အဖွဲ့အစည်းတွေ မရှိတဲ့အတွက် ဖြေရှင်းဖို့ နည်းလမ်းမရှိဘူးလို့လည်း ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။ 

 

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပျောက်ဆုံးနေတာကြောင့် လုပ်ခလစာ မလုံလောက်တဲ့ အတွက် ကျပ် ၈၀၀ တိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမား ၁၀ ဦး နဲ့ အကူအညီပေးရေးအဖွဲ့ဝင် ၃ ဦးဟာ အခု ဇွန်လအတွင်း ဖမ်းဆီး တရားစွဲခံထားရ ပါတယ်။

 

“အေးဆေး လုပ်ကိုင်ရတယ်လို့လည်း မခံစားရဘူး ။ အလုပ်ကို လာရတာလည်းလုံခြုံစိတ်ချရတယ်လို့လည်း မခံစား ရဘူး၊ ဝမ်းရေးအတွက်ကြောင့်သာ လာခဲ့ရတာ ” လို့ အလုပ်သမားခေါင်းဆောင်ဖမ်းဆီးခံရတဲ့ စက်ရုံက အလုပ်သမား တစ်ဦးက ပြောပါတယ်။

 

စက်ရုံအတွင်း ဝင်ရောက်ဖမ်းဆီးမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် နောက်ထပ်ဖမ်းဆီးမှုတွေ ပြုလုပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အပြင် လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ စက်ရုံဘက်က အကြောင်းကြား ခဲ့တာဖြစ်လို့ သတင်းတွေထွက်ပေါ်နေတာကို ကြားသိရတယ်ဆိုပြိး အဲဒီ အလုပ်သမားက ပြောပါတယ်။ 

 

တိုးဖွင့်နေတဲ့ စက်ရုံတွေကို လက်ရှိ လုပ်ငန်းရှင်တွေထဲက တိုးချဲ့ဖွင့်လှစ်တာတွေ ရှိတာကြောင့် စက်ရုံ အရည်အတွက် တိုးများတိုင်း အလုပ်ရှင်အသစ်တွေလို့ ပြောလို့မရဘူးလို့ ဒေါ်ခိုင်ဇာအောင်က ပြောပါ တယ်။ 

 

စွမ်းအင်အရင်းအဖြစ် မြောက်အများအသုံးချရတဲ့ အထည်ချုပ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာတာဟာ စဉ်းစားစရာ အချက်ဖြစ်တယ်လို့ ပြောပါတယ်။ စစ်ကောင်စီက လက်ရှိ လျှစ်စစ်သုံးစွဲခတွေကို သုံးဆနီးပါး တိုးမြှင့်ဖို့ ပြောဆိုတာတွေရှိတယ်လို့လည်း လုပ်ငန်းရှင်တချို့က မီဒီယာတွေကို ပြောဆိုထားပါတယ်။ 

 

“ စွမ်းအင်ကို ဝယ်သုံးနေတဲ့ ကဏ္ဍက ဘာကြောင့် အထည်ချုပ် စက်ရုံတွေတိုးလာတာလဲ၊ အဓိက တရုတ် လုပ်ငန်းရှင်တွေ ပေါ့ ၊ ဒါက အလုပ်သမားတွေအပေါ် မှာ ခေါင်းပုံဖြတ် အမြတ်ရှာနေတာလို့ ပြောချင် ပါတယ်။”လို့ ဒေါ်ခိုင်ဇာအောင် က ပြောပါတယ်။ 

 

လက်ရှိ မြန်မာအထည်ချုပ်လုပ်သားတွေဟာ တနေ့ လုပ်ခလစာ အနေနဲ့ ၁.၆ ဒေါ်လာ ဝန်းကျင်သာရရှိနေပြီး ၃ ဒေါ်လာရရှိသင့်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေက ပြောဆိုထားပါတယ်။  

 

လက်ရှိ အထည်ချုပ်လုပ်ငန်း တွေက လုပ်သားတွေမှာ အမြဲတန်းဝန်ထမ်းအဖြစ် ခန့်အပ်မခံရဘဲ အခွင့်အရေးဆုံးရှုံးနေရတယ်လို့ ဒေါ်ခိုင်ဇာအောင်က ပြောဆိုပါတယ်။ 

 

“အမြဲတမ်း ဝန်တမ်းအဖြစ်ကနေ ဆုံးရှုံးတယ်ဆိုရင်၊ အလုပ်ပြန်ရှာလို့ရရင်တောင့် အလုပ်သမားတွေက နေ့စားတွေ ဖြစ်သွားပြီး လိုတဲ့အချိန်မှာပဲ ခိုင်းမယ်၊ မလိုတဲ့အချိန်မလာတော့နဲ့ ဆိုရင် အလုပ်ပြုတ် သွားတာပဲ ။ ဒါကြောင့် အလုပ်သမားအခွင့်အရေးတွေ ဆိုးဝါးစွာ ချိုးဖောက်ခံနေရတာ ” လို့ IWFM ဥက္ကဌ ​ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။ 

 

စစ်အာဏာမသိမ်းမီးကာလ အထည်ချုပ်လုပ်ငန်းမှာ အလုပ်သမားဝန်ထမ်းပေါင်း ခုနှစ်သိန်း နီးပါးရှိခဲ့ပေမဲ့ ၊ လက်ရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတွေတိုးများလာတယ်လို့ ဆိုပေမဲ့ အလုပ်သမားဝန်ထမ်းပေါင်း ကတော့ လေးသိန်းခွဲသာရှိတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ 

“ ဒီစာရင်းအတိုင်းဆို အလုပ်သမား နှစ်သိန်းခွဲလောက်က အလုပ်ပြုတ်သွားတာပေါ့ ။ ဒါပေမဲ့ တကယ့်မြေပြင် မှာတော့ လေးသိန်းခွဲ ရှိဖို့ မဖြစ်နိုင်ပါဘူး ။ “ လို့ ဒေါ်ခိုင်ဇာအောင်က ပြောဆိုထားပါတယ်။

 

အထည်ချုပ်စက်ရုံတွေဘက်က လုပ်သားအင်အားကို လျှော့ချပြီး အချိန်ပိုအများအပြား ခိုင်းစေတာကြောင့် လုပ်ငန်း ရှင်တွေမှာ အကျိုးအမြတ် အမြောက်အမြားရရှိနေတယ်လို့လည်း ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။ 

 

မြန်မာနိုင်ငံမှာ တရုတ်လုပ်ငန်းရှင်တွေ အထည်ချုပ်စက်ရုံတွေ ပိုဖွင့်လာပေမဲ့ အကုန်အမှတ်တံဆိပ်တွေရဲ့ ရည်ရွယ်ဖြစ်တဲ့ အလုပ်သမားတွေကို အလုပ်အကိုင်ပေးနိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက်ကတော့ ဖြစ်မလာဘူးလို့ လည်း ဆိုပါတယ်။ 

 

“အလုပ်သမားတွေက အလုပ်တွေပြုတ်သွားတယ်၊ လုပ်သားအင်အားနည်းသွားလို့ ကျန်တဲ့ စက်ရုံလုပ်သားတွေက အလုပ်ချိန် နှစ်ဆ လုပ်ရတယ်၊ အဓမ္မခိုင်းစေတာ ခံရတယ်။ အလုပ်သမားတွေကတော့ အလုပ်လုပ်ရင်း ငတ်နေ တယ်” လို့ ယင်းက ပြောပါတယ်။

 

 

#MyanmarLabourNews


Related posts

Cover
အကျဉ်းစံတို့ရဲ့ ဘဝများ
May 15, 2024
Cover
အရွယ်ကောင်းအမျိုးသားတွေရဲ့ ဘဝကို ချုပ်ကိုင်ချယ်လှယ်လာတဲ့ စစ်ကောင်စီ
May 08, 2024
Cover
ချောက်ရေနံမြေက အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အခြေအနေများ
May 07, 2024
Cover
နေ့စားခ ကျပ်တစ်သောင်း လွန်ဆွဲပွဲ
May 06, 2024
Cover
"ဒီလောက်ထိ ဒုက္ခတွေကို  ကြံ့ကြံခံနေနိုင်တဲ့အတွက် အလုပ်သမားတွေကို အံ့လဲ ဩတယ် ဂုဏ်လဲယူပါတယ်"
May 05, 2024
Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024