ARTICLE

လုပ်ငန်းခွင်အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုနှင့် ဖိအားပေး အလုပ်ထွက်စေခြင်း

CoverLogo
398 Views

“ အလုပ်ခေါ်တာနဲ့ ညီမ ဆီ ပြောလိုက်မယ်၊

စိတ်ချ နော် ညီမ”

တဖက်က ဖုန်းကနေ “စိတ်ချ” လို့ ပြောနေပေမဲ့ မစန္ဒာကျော်( အမည်လွှဲ)ရဲ့  ရင်ထဲက အပူကိုတော့ သူမ ကိုယ်တိုင်ပဲ သိပါတယ်။ ဒီအပူက ဧပြီ နွေထက် ပူလောင်ပါတယ်။ ဒီနှစ်ဧပြီနွေက ကြောက်ခမန်းလိလိ ပူလောင်ပါတယ်။ ဒီလိုနွေရာသီမှာ လျှပ်စစ်မီး မမှန်သလို တပူပေါ် နောက်တပူ ထပ်ဆင့် ပူလောင် ပြင်းထန်ပါတယ်။

မြန်မာနှစ်သစ်ကူးကာလ ဧပြီလထဲမှာ အလုပ်ရှင် အလုပ်သမား အားလုံး အလုပ်ကို အာရုံစိုက်တာ နည်းပါးတဲ့ ကာလ ဖြစ်ပါတယ်။ ပိတ်ရက် ရက်ရှည်သလို ၊အလည်အပတ် အိမ်အပြန်အတွက် အာရုံစိုက်တဲ့ ကာလ တခု ဖြစ်ပါတယ်။အများသူငှာ ပျော်ရွှင်တဲ့ ကာလအပိုင်းအခြားတခု ဆိုလည်း မမှားပါဘူး ။

ဒါပေမဲ့ ဒီကာလမှာ မစန္ဒာကျော် အတွက် ပျော်ရွှင်စရာ မဟုတ်တော့ဘဲ အလုပ်အကိုင်ဆိုတဲ့ အပူအတွက် ရုန်းကန်နေရတာပါ။  

သူမကို အလုပ်ကနေ ထွက်ဖို့ ဖိအားပေးခံရပြီး အလုပ်ထွက်ခဲ့ရလို့  အလုပ်လက်မဲ့ဖြစ်နေပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကုန်ဈေးနှုုန်းနဲ့ နေထိုင်စာရိတ် ကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုတွေက မန္ဒာကျော်တို့လို လူလတ်ပိုင်း အရွယ်တွေအတွက် စိန်ခေါ်မှု အပြည့်နဲ့ ပါ။

နေ့စဉ် ပုံမှန် လုပ်နေကျ အရာတခု ပျောက်ဆုံးလို့ နေထိုင်ရခက်တာက တမျိုး၊ ဝမ်းရေးအတွက် အလုပ်ကိုင် ရှာဖို့ဆိုတဲ့ စိုးရိမ်းစိတ်နဲ့  အနာဂတ်မဲ့သလိုလည်း မစန္ဒာကျော် ခံစားနေရပါတယ်။

တကယ်ဆို အလုပ်မှာ  ၇ နှစ်ကျော် ကြာအောင် လုပ်ခဲ့တာပါ။ မစန္ဒာကျော် အတွက် ဒီအလုပ် ဒီကုမ္ပဏီကြောင့်ပဲ ဂုဏ်ယူခဲ့ရပါတယ်။ အာရှကျားမဟုတ်တဲ့ အာရှ နဂါးလို့ ပြောရမဲ့ စီးပွားရေးနိုင်ငံနဲ့ ဖက်စပ် ထူထောင်ထားတဲ့ ကုမ္ပဏီမှာ သူမ အလုပ်လုပ်ခဲ့တာ ။ ဒီလို ကုမ္ပဏီတခုမှာ မန်နေဂျာတယောက်အနေနဲ့ တာဝန်ထမ်းဆောင်ရမယ်ဆိုတာ ပတ်ဝန်းကျင်တခုလုံး ဂုဏ်မဆုံး ဖြစ်ခဲ့ရတာပါ။ ကုမ္ပဏီက အသစ်မို့ မစန္ဒာကျော် တက်တက်ကြွကြွ။ အကြီးအကဲတွေကလည်း သူတို့အတွေ့အကြုံတွေ သင်ကြားပေးဆိုတော့ ကုမ္ပဏီမှာ လုပ်ကိုင်ခဲ့ရတာတွေက ပျော်ရွှင်ပြီး ဂုဏ်ယူရတဲ့ ကာလတွေ ဖြစ်ခဲ့တာပါ။

ကုမ္ပဏီကတော့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစတီးစက်မှုဇုန်၊ I & H Engineering Co.,Ltd ဖြစ်ပါတယ် ။ I&H ဆိုတာ Japan နိုင်ငံက IHI corporation နဲ့ မြန်မာအစိုးရရဲ့ ဆောက်လုပ်ရေး ဝန်ကြီး ဌာနတို့ ဖက်စပ်ကုမ္ပဏီ ထူထောင်ထားတဲ့ ဂျပန်-မြန်မာ ဖက်စပ် ကုမ္ပဏီ ။ မစန္ဒာကျော် ဒီကုမ္ပဏီမှာပဲ ဌာန လေးခုလောက်ကို အုပ်ချုပ်ရေးဝန်ထမ်း တဦး အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ရလို့ ကုမ္ပဏီအကြီးအကဲကနေ  အောက်ခြေဝန်ထမ်းအထိ ထိတွေ့ ဆက်ဆံခဲ့ ရသူပါ။ 

လုပ်ငန်းခွင်ထဲမှာ ကျွမ်းကျင်ဝန်ထမ်း၊ အင်ဂျင်နီယာနဲ့ လခစား အလုပ်သမား ၆၀ လောက်နဲ့ တခြားအလုပ်သမား တွေနဲ့ဆို စုစုပေါင်း ၁၀၀ လောက် လုပ်ကိုင်နေကြပါတယ်။ ဒီထဲမှာ အမျိုးသမီး ၁၅ ဦးဝန်းကျင်ပါဝင်ပြီး အများစုက အမျိုးသားတွေ ပါ ။ လုပ်ငန်းက ကွန်ကရစ်နဲ့ ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းဖြစ်လို့လည်း ဝန်ထမ်းတွေ အများစုက အမျိုးသားတွေ ဖြစ်နေတာပါ။ 

  • လုပ်ငန်းခွင်အကြမ်းဖက်မှုများ

မစန္ဒာကျော် အနေနဲ့  I & H Engineering Co.,Ltd တည်ထောင်ပြီး လပိုင်းလောက် အကြာမှာ အလုပ်ဝင်ခဲ့တဲ့  ဝန်ထမ်းတဦးပါ ။ ဒါကြောင့်လည်း ကုမ္ပဏီ အကျိုးစီးပွားနဲ့ ပုံရိပ်ကောင်းအတွက် ရှေ့ရှုပြီး မဖြစ်သင့်တာ မဖြစ်အောင် ကာကွယ် ဆောင်ရွက်ပေးခဲ့ ပါတယ် ။

၂၀၂၀ ကိုဗစ်ကာလမှာ I & H Engineering Company အတွက် အလုပ်အကိုင်တွေ နည်းလာသလို နောက်  နှစ် နှစ်အကြာ  ၂၀၂၂ ခုနှစ် အောက်တိုဘာနဲ့ ဒီဇင်ဘာမှာ လုပ်သားအင်အား လျှော့ချတာတွေ၊ လုပ်ငန်းခွင် ပြောင်းရွှေ့တာတွေ ပြုလုပ်ရပါတယ်။ ဒီအပြောင်းလဲတွေကို ဥပဒေအညီ ဖြစ်စေဖို့ မစန္ဒာကျော် က မြို့နယ် အလုပ်သမားရုံးက တာဝန်ရှိသူတွေနဲ့ တိုင်ပင်တာ၊ အလုပ်ရှင် အသင်း တွေနဲ့ ဆွေးနွေးတာတွေ ဆောင်ရွက်ခဲ့ပြီး မန်နေဂျင်းဒါရိုက်တာကို ဥပဒေအတိုင်း  ဆောင်ရွက်နိုင်မဲ့ အစီအစဉ်တွေကို တင်ပြခဲ့ပါတယ်။ ဒီနောက်မှာ ကုမ္ပဏီနဲ့  အလုပ်သမားတွေရဲ့ အကျိုးစီးပွားအတွက် နှစ်ဖက် ဆွေးနွေးဆောင်ရွက်ဖို့လည်း စီစဉ်ခဲ့ပါတယ်။

အဲဒီလို ဆောင်ရွက်ခဲ့ပေမဲ့ အလုပ်သမားတချို့က ကုမ္ပဏီကို မစန္ဒာကျော်ကို  အလုပ်ကထုတ်ဖို့ တောင်းဆိုတာ ခံခဲ့ရပါတယ်။ ဒါတင်မက မစန္ဒာကျော်ကို  ကုမ္ပဏီက  အလုပ်မထုတ်ရင် အလုပ်ချိန်မှာ အလုပ်မလုပ်ဘဲ နေမယ်ဆိုပြီး အဲဒီ အလုပ်သမားတချို့က ခြိမ်းခြောက်ပါတယ်။

အဲဒီခြိမ်းခြောက်ခံရတဲ့ကာလမှာ မစန္ဒာကျော် HR ဌာနမှာ တာဝန်ယူနေတာပါ။ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံအရ အလုပ်သမားတွေကို HR ဌာနက စီမံခွင့် မရှိပါဘူး။ အလုပ်သမားတွေကို ထုတ်လုပ်ရေး Productoin ဌာန လက်အောက်မှာပဲ ထားရှိ စီမံ ခွင့်ရှိပါတယ်။ 

ဒါကြောင့်လည်း အလုပ်သမားတွေက ဘာကြောင့် အလုပ်ထုတ်ဖို့  ကုမ္ပဏီကို တောင်းဆိုတယ်ဆိုတာကို မစန္ဒာကျော် နားမလည်နိုင်အောင် ဖြစ်ခဲ့ရတာပါ။ အမျိုးသားအများစုရှိနေတဲ့ လုပ်ငန်းခွင်အတွင်း  အဆင်ပြေအောင်နေ၊ မနေရင် အလုပ်က ထွက်ရမယ်ဆိုတဲ့ သတင်းစကား ပေးတယ်လို့ မြင်မိတဲ့ အပြင် အကြမ်းဖက်ခံရတယ်လို့ သူမ ခံစားခဲ့ရ ပါတယ် ။

သူမအနေနဲ့ ကုမ္ပဏီ အလုပ်သမားတွေ မနစ်နာအောင် ဥပဒေအတိုင်းဖြစ်ဖို့ သူမ ကြိုးစားခဲ့တာပါ။

လုပ်ငန်းခွင်ထဲက အမျိုးသမီးတဦး ဖြစ်တဲ့ မစန္ဒာကျော်ကို အလုပ်ထုတ်ဖို့ တောင်းဆိုကြဖို့ကို ထုတ်လုပ်ရေး အထွေထွေ မန်နေဂျာနဲ့ လက်အောက်က မန်နေဂျာတွေက စည်းရုံးခဲ့တာကိုလည်း အလုပ်သမားအချို့ဆီက သူမ ပြန်သိခဲ့တော့ သူမ ဝမ်းနည်းမဆုံး ဖြစ်ခဲ့ရ ပါတယ်။

ဒါပေမဲ့ မစန္ဒာကျော်  အကောင်းဆုံးဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အကျိုးစီးပွားနဲ့ အလုပ်သမားတွေအတွက် ဥပဒေအရ မနစ်နာစေဖို့ သူမ ကြိုးစားခဲ့တာပါ။ ဒီလိုကြိုးစားခဲ့ပေမဲ့ လုပ်ငန်းခွင်အတွင်း မစန္ဒာကျော် ခြိမ်းခြောက်ခံရမှုတွေ ရှိနေခဲ့တာပါ။ ဒါကို သိရှိခဲ့တဲ့ အဖွဲ့အစည်းတခုလည်း ရှိခဲ့ပါတယ်။

အလုပ်သမားတွေကို ခွင့်ရက် နဲ့ ပတ်သက်တဲ့ ဥပဒေ၊ အလုပ်သမားဥပဒေ အသေးစိတ်တွေကို သေချာ သိရှိဖို့ ရန်ကုန်မြို့က ဥပဒေအကြံပေးအဖွဲ့ကို ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာက ဖိတ်ခေါ်ပြီး ဟောပြောပွဲကျင်းပ ပေးခဲ့ရာကနေ မစန္ဒာကျော်အပေါ် ကုမ္ပဏီဝန်ထမ်းတချို့ရဲ့ ရည်ရွယ်ချက် ရှိရှိ ခြိမ်းခြောက် အနိုင်ကျင့်မှုတွေကို ဥပဒေအကြံပေးအဖွဲ့က သိရှိသွားခဲ့ပါတယ်။

ဒါကြောင့်ပဲ မစန္ဒာကျော်ကို ထုတ်လုပ်ဌာနနဲ့ ဆက်စပ်တဲ့ ဌာနတွေမှာ တာဝန်မပေးဖို့ ကုမ္ပဏီကို ဥပဒေအကြံပေးဖွဲ့က အကြံပြုခဲ့ပါတယ်။

  • ခွဲခြားဆက်ဆံမှု

ကုမ္ပဏီအတွင်းက ဌာနတွေရဲ့ မန်နေဂျာ အမျိုးသားတချို့က လုပ်ငန်းခွင်နဲ့ စက်ရုံထဲက လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတွေနဲ့  အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံတာလည်း ပြုလုပ်ခဲ့ကြပါတယ် ။

အဲဒီ အမျိုးသားတွေက အမျိုးသမီးဝန်ထမ်းတွေကို ဆဲဆိုတာ၊ ဒေါသနဲ့ အများရှေ့မှာ ပြောဆိုတာတွေပါ လုပ်ခဲ့တာပါ။ ဒီလို ဆိုးရွားတဲ့ လုပ်ဆောင်မှုတွေကို မစန္ဒာကျော် နဲ့  တခြားဌာနက ဝန်ထမ်းအမျိုးသမီးတွေအပေါ် လုပ်ငန်းခွင်ထဲက  နိုင်ငံခြားသားအပါအဝင် ရားထူးရှိ အမျိုးသားတချို့က ပြုလုပ်ခဲ့ကြတာပါ။

ဒါတင်မက I & H ကုမ္ပဏီက ရာထူးရှိ အမျိုးသမီးရဲ့ လက်အောက် ဝန်ထမ်းတွေဆီကို ရာထူးရှိ မြန်မာ အမျိုးသားတချို့က ညဘက်တွေမှာ သောက်စားပြီး ဖုန်းဆက်ကာ အဲဒီအမျိုးသမီးကို စော်ကား ပြောဆိုခဲ့ပါတယ်။

မန်နေဂျာတချို့က အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံပြီး အလုပ်ထုတ်တာတွေကို  ပြုလုပ်တာကြောင့် အလုပ်ထုတ်ခံတဲ့ အလုပ်သမားတွေမှာ  ဘဝ တက်လမ်း လက်လွှတ်ခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီပိုင်မော်တော်ယာဉ်ကို ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုခွင့်ပေးတာ၊ ကုမ္ပဏီရဲ့ ခွင့် စည်းကမ်းထက် ပိုပြီး အထူးခွင့်များ ပေးတာ စတဲ့ ဘက်လိုက်ပြီး အခွင့်အရေးယူတာတွေ လည်း ရာထူးရှိ အမျိုးသားတချို့က ပြုလုပ်ခဲ့တာပါ။

ဒါ့အပြင်  ခွင့်လက်ကျန်တွေကို ပွင့်လင်းမြင်သာစွာ ကြေညာပေးတာ မရှိတဲ့ အတွက် ကုမ္ပဏီ အတွက် နစ်နာရသလို ဝန်ထမ်းတွေ အလုပ်သမားတွေ အတွက် စိတ်လုံခြုံစေမဲ့ လုပ်ငန်းခွင် မဖြစ်ခဲ့ဘဲ ဘက်လိုက်ပြီး တရားမျှတမှုမရှိတဲ့ ပြဿနာတွေ မစန္ဒာကျော်နဲ့ အလုပ်သမားတွေ ကြုံတွေ့ခံစားခဲ့ ရပါတယ်။

I & H လုပ်ငန်းခွင်ထဲက အမျိုးသမီးတချို့ ကြုံတွေ့ရတဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့ ထိခိုက်စော်ကားတာတွေကို တိုင်ကြားဖူးပေမဲ့ အကြောင်း မထူးခဲ့ပါဘူး။

  • ရည်ရွယ် ဖိအားပေး အလုပ်ထွက်စေခြင်း

မစန္ဒာကျော်တို့ ကုမ္ပဏီမှာ နေ့စားဝန်ထမ်းတွေမှအပ ကျန်ဝန်ထမ်းအားလုံးကို အလုပ်ရှင် အလုပ်သမားသဘောတူစာချုပ်နဲ့ အလုပ်ခန့်ထားတာပါ။ ဒီစာချုပ်အရ ၂၀၂၄ မတ်လကုန်မှာ မစန္ဒာကျော် စာချုပ်သက်တမ်းပြည့်မှာ ဖြစ်ပါတယ်။

စာချုပ်သက်တမ်းပြည့်ဖို့ ရက် ၂၀ သာလိုတော့တဲ့ အချိန်မှာ ကုမ္ပဏီရဲ့ သက်တမ်းတလျှောက် တတိယမြောက် မန်နေဂျင်းဒါရိုက်တာ ဂျပန်နိုင်ငံသားက သူမကို စာချုပ်သက်တမ်း မတိုးပေးနိုင်ကြောင်း ရုတ်တရက် ပြောဆိုလာ ပါတယ်။ အကြောင်းပြချက်က လုပ်ငန်းခွင်အတွင်း မန်နေဂျာ  အမြောက်အများ ဆက် ခန့်မထားနိုင်လို့ ဆိုပါတယ်။ မျှော်လင့်မထားတဲ့ စကားပါ ။ သူမ ဒီကုမ္ပဏီပေါ်မှာ ပေးဆပ်လာတာပဲ ၁၀ စုနှစ် တခုနီးပါး ၊ ရုတ်တရက် အလုပ်ထွက်ဖို့ ပြောလာတဲ့အချိန်မှာတော့ သူမ ဘာမှ ပြင်ဆင်ထားတာမရှိ ။

မန်နေဂျင်းဒါရိုက်တာ ပြောသလို လုပ်ငန်းခွင်အတွင် မန်နေဂျာများတယ်လို့ ဆိုပေမဲ့ မစန္ဒာကျော် ကိုင်တွယ်ရတဲ့ ဌာနက လေးခုတောင် ရှိနေပါတယ်။  

ကုမ္ပဏီသက်တမ်းတလျှောက် လျှော်ကြေးပေး အလုပ်ထွက်ခိုင်းခဲ့တာ နှစ်ကြိမ်ရှိခဲ့ပါတယ်။ ကုမ္ပဏီဘက်က အလုပ်ထုတ်တဲ့ ဒီနှစ်ကြိမ်လုံး အလုပ်သမား အရေအတွက် များပါတယ်။ မစန္ဒာကျော်ကိုတော့ တဦးတည်း ရည်ရွယ်ချက် ရှိရှိ ကုမ္ပဏီက အလုပ်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။ ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာက ဖိအားပေး အလုပ်ထုတ်တတ်လို့ ဝန်းထမ်းတဦး ချက်ချင်းအလုပ်ထွက်ခဲ့ရတဲ့  ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

အလုပ်ထုတ်ခံရလို့ မစန္ဒာကျော် လွဲပေးရမဲ့ ဌာန လေးခုရဲ့ အချက်အလက်တွေက မနည်းမနှော၊ လုပ်သက် ၇ နှစ်ကြာ လုပ်ကိုင်ခဲ့တဲ့အတွက် အချက်အလက်လွှဲပြောင်းဖို့ဆိုတာ ရက် ၂၀ ဝန်းကျင်အတွင်း မဖြစ်နိုင်။ ဒီအတွက် မန်နေဂျင်းဒါရိုက်တာကို မစန္ဒာကျော် ရှင်းပြတော့ လက်မခံ ၊ မတ်လကုန် နောက်ဆုံးထား အလုပ်ထွက်ဖို့ အတင်းအကျပ် ပြောဆိုတာ ခံခဲ့ရတာပါ။

အလုပ်ထုတ်တာကို မစန္ဒာကျော် ငြင်းဆန်ခွင့် မရှိခဲ့ပါ။  လက်ခံခဲ့ရပါတယ်။ ကတ္တီပါ လမ်းခွဲ မဟုတ်တဲ့ အလုပ်ထွက်ဖို့ ဖိအားပေးခံခဲ့ရပါတယ်။ သူမအတွက် အဖြစ်အပျက်တွေက မြန်ဆန်လှပါတယ်။ ချက်ချင်း လမ်းဘေးရောက် အခြေအနေမဲ့သလို ခံစားခဲ့ရတာပါ။

  • အမျိုးသမီးတဦး ဂုဏ်သိက္ခာနှင့် အရှက်တရား

I & H ကုမ္ပဏီမှာ လုပ်သက် ၇ နှစ်အတွင်း ဌာနများစွာမှာ မစန္ဒာကျော် လုပ်ကိုင်ခဲ့သူပါ။ ကုမ္ပဏီလူကြီးတွေ ညွှန်ကြားလို့ ရောက်တဲ့ ဌာနတိုင်း အလုပ်တာဝန် ကျေပွန်အောင် ကြိုးခဲ့ပါတယ်။  အလုပ်သစ်တွေရဲ့ စိန်ခေါ်မှုကို ကြိုက်နှစ်သက်လို့ ဌာနမရွေး လုပ်ကိုင်ခဲ့သူပါ၊ ဘယ်ဌာနကို လုပ်ကိုင်လိုတယ်လို့  ရွေးချယ်တောင်းဆိုတာလည်း မရှိ ခဲ့ပါ။

၂၀၁၆ ခုနှစ်ကတည်းက အလုပ်ထုတ်ခံရတဲ့အထိ ကုမ္ပဏီဌာန အတော်များများမှာ မစန္ဒာကျော် လုပ်ကိုင်ခဲ့ပြီး လုပ်ငန်းခွင်အတွင်း သတိပေး အရေးယူ ခံခဲရတဲ့ ဝန်ထမ်းလည်း မဟုတ်ခဲ့ပါ။ ဒါပေမဲ့ အလုပ်ငန်းခွင် အရေးယူခံရဖူးတဲ့ ဝန်ထမ်းတွေကို ကျော်ပြီး မစန္ဒာကျော်ကို အလုပ်ထုတ်ပယ်တာက အမျိုးသမီးတဦးကို ဖိနှိပ်မှု ဖြစ်ပါတယ်။ အရှက်လည်း ရပါတယ်။ တဦးတည်း အလုပ်ထုတ်ခံရမှုက ခွဲခြား ဆက်ဆံခံရပြီး အခြားဝန်ထမ်းတွေရဲ့ အမြင်မှာ အပြစ်လုပ်သူသဖွယ်မြင်ကြလို့ စိတ်ပိုင်းဆိုင်ရာ ညှိုးနွမ်းမှုဖြစ်ခဲ့ရတာပါ။ 

ကုမ္ပဏီရဲ့ ကြွယ်ဝမှုကြောင့် ဥပဒေအတိုင်း လျော်ကြေးပေး အလုပ်ထုတ်မယ်၊ အလုပ်ထုတ်ခံရသူ ဖြစ်ချင်ရာဖြစ်ဆိုတာက ဥပဒေကို လက်တလုံးကြားလုပ်တာလို့လည်း သူမ မြင်မိနေပါတယ်။

အမျိုးသမီးတဦး ဝန်ထမ်းတဦးအပေါ် မန်နေဂျင်းဒါရိုက်တာရဲ့ ဆုံးဖြတ်မှုက ကျိုးကြောင်းဆီလျော်မှု မရှိတာ ၊ HR Manager  က ဘာစိစစ်မှု မလုပ်ဘဲ တဦးတယောက်တည်း ရွေးချယ် အလုပ်ထုတ်တာကလည်း မစန္ဒာကျော်လို့ အမျိုးသမီးတဦးအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရတာပါ။ လုပ်ဖော်ကိုင်ဖက်လို သဘောမထားတာတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်လိုစိက်နဲ့ ဆောင်ရွက်မှုက လုပ်သက် ၈နှစ် နီးပါးရှိ အမျိုးသမီးတဦးအတွက် ဂုဏ်သိက္ခာ များစွာ ကျဆင်းခဲ့ရတာပါ။

ဒီခေတ် ဒီကာလ အလုပ်ကိုင်ကောင်းဆိုတာတာထက် အလုပ်လက်မဲ့ မဖြစ်ရေးက အလုပ်သမား ဝန်ထမ်းတဦးအတွက် အရေးကြီးဆုံး အခြေအနေပါ။ အလုပ်သစ်တခု ရပါတယ် ဆိုပါဦး၊ စိန်ခေါ်မှု အသစ်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တွေက အမျိုးသမီးတဦး အပေါ် သက်ရောက်မှု ကြီးမားလှပါတယ်။

လုပ်ငန်းခွင်အတွင်း ဘက်လိုက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ ခြိမ်းခြောက်မှုတွေ ရှိနေပြီး ဆိုရင်တော့ လုပ်ငန်းခွင်က အမျိုးသား ၊ အမျိုးသမီး အလုပ်သမားဝန်ထမ်းတွေအတွက် အေးချမ်းပျော်ရွှင်မှုမရနိုင်သလို လုံခြုံတဲ့ လုပ်ငန်းခွင်  ဖြစ်ပေါ်ဖို့လည်း မလွယ်ကူတော့တာက မစန္ဒာကျော် အလုပ်ထုတ်ခံရမှုက သက်သေ ဖြစ်ပါတယ်။

မစန္ဒာကျော်လို အမျိုးသမီးက ဂုဏ်သိက္ခာအတွက် အလုပ်တွေ ဆက်လုပ်နေဦးမဲ့ အမျိုးသမီးတဦးပါ။ ဒါပေမဲ့ ဂုဏ်သိက္ခာနဲ့ အရှက်တရားဆိုတဲ့  စိတ်ဒဏ်ရာတွေနဲ့ လုပ်ငန်းခွင်မှာ ရုန်းကန်နေရဦးမှာပါ။ 

မင်းနီကျော်


Related posts

Cover
အလုပ်မဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့
Jul 24, 2024
Cover
ရန်ကုန်မြို့နေ ပြည်သူတွေရဲ့ လူနေမှုဘဝ အကျပ်အတည်းများ
Jul 22, 2024
Cover
“စစ်ကောင်စီရဲ့ ကုန်ဈေးနှုန်းတိုက်ပွဲ ကျဆုံးမှု"
Jul 19, 2024
Cover
ရှင်သန်ရေးအတွက် ဖိနှိပ်ခံ  အထည်ချုပ်လုပ်သားများ
Jun 30, 2024
Cover
ဆင်းရဲမွဲတေမှု စံချိန်တင်လာတဲ့ မြန်မာပြည်က နေ့ရက်များ
Jun 27, 2024
Cover
ဦးဆောင်သူကင်းမဲ့လာတဲ့ အခြေခံလုပ်ခတိုးမြှင့်ရေး တိုက်ပွဲ
Jun 26, 2024
Cover
အလုပ်မဖြစ်တော့တဲ့ အလုပ်သမားအရေး ဖြေရှင်းမှုယန္တရားများ
Jun 06, 2024
Cover
၆ နှစ်ကြာ မပြောင်းလဲတဲ့ အနည်းဆုံးအခကြေးငွေနဲ့ အခြေခံအလုပ်သမားတွေ အာဏာသိမ်းအစိုးရလက်အောက် အလူးအလဲ ရုန်းကန်နေရ
Jun 04, 2024