NEWS

မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ အပိုင်း ၂

CoverLogo
37 Views

ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်(ILO) ရဲ့ ၁၁၃ နှစ်ပြည့်အစည်းအဝေးမှာ ပုဒ်မ ၃၃ နဲ့ မြန်မာနိုင်ငံစစ်အုပ်စုကို အရေးယူဖို့ ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။ 
အခုလို ချမှတ်ခဲ့တဲ့အပေါ် နောက်ဆက်တွဲဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။ စစ်အာဏာရှင် ပပျောက်ရေး ဘာတွေ ဆက်လက်ကြိုးစားသွားရမလဲ၊ မြန်မာ အလုပ်သမားထုကို ပို့ပေးတဲ့သတင်းစကားတွေပါဝင်တဲ့   မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် CTUM ဥက္ကဌ ဦးမောင်မောင်နဲ့ အင်တာဗျူးထားချက်ကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။

အပိုင်း ၁ မှအဆက်---

"ILO ချမှတ်ထားတဲ့ စာကြမ်းထဲမှာ Resolution အပိုဒ်(နံပါတ်၂/ဂ) မှာပေါ့၊ သူ့ဆီမှာရေးထားပါတယ်။ ရေးထားတဲ့အထဲမှာတော့ နံပါတ်၁အချက်က ဘာလဲဆိုတော့၊ လောင်စာဆီပါ။ ဂျက်လောင်စာဆီနဲ့ ပတ်သက်ပြီးတော့ သုံးသပ်ဖို့ပေါ့။ သူကပိတ်ဆို့ဖို့တော့ မရေးထားပါဘူး။ သုံးသပ်ဖို့၊ လေ့လာဖို့တွေ ရေးထားတယ်။ ကျွန်တော်တို့က သုံးသပ်ရမယ်၊ လေ့လာရမယ်၊ ပြီးတော့မှကျွန်တော်တို့က ဒီဟာကို စံချိန်ချထားတဲ့နိုင်ငံတွေရှိပါတယ်။ အဲ့ဒီနိုင်ငံတွေကို ကျွန်တော်တို့က တိတိကျကျသတင်းပို့ဖို့ လိုပါတယ်။ အခုက ပိတ်ဖို့ပြောတယ်။ ဒါပေမဲ့ဘယ်ကလာပြီး၊ ဘယ်သူတွေသွင်းနေတာလဲဆိုတာကို ကျွန်တော်တို့သေသေချာချာ၊ တိတိကျကျ မြန်မာနိုင်ငံသားတွေတင်တာသိပ်မရှိပါဘူး။ ကျွန်တော်တို့အခုကတော့ ကြည့်ဖို့လိုပါတယ်။ ကြည့်နေပါတယ်။ ဘယ်နေ့မှာ ဘယ်သဘ်ောတွေဘယ်လမ်းကနေဝင်တယ်၊ ဘယ်ကလာတယ်၊ ဘယ်အချိန်မှာထွက်သွားပါတယ်၊ ဘယ်နိုင်ငံကနေ ရေနံတင်ပြီးတော့လာတယ်၊ ဘယ်နိုင်ငံကိုဆက်ထွက်သွားတယ်၊ ဆိုတာကို ကျွန်တော်တို့စာရင်းပြုစုရပါတယ်။ အဲ့တော့ ဒီမှာငြင်းဖို့ရှိပါတယ်။ ဒါတွေအားလုံးက ဂျက်လေယာဥ်ဆီတွေ မဟုတ်ဘူးလို့ ပြောပါမယ်။ ဟုတ်ပါတယ်။ ဒါပေမဲ့ ဂျက်လေယာဥ်ဆီက သူ့ဘာသာသူ လေယာဥ်ပျံတွေဆီ လမ်းလျောက်ပြီးသွားတာမဟုတ်ဘူး။ ဒီဇယ်တင်တဲ့ ဒီဇယ်နဲ့မောင်းတဲ့ကားနဲ့ တင်ပြီးတော့မှ ပို့ရတာပါ။ ဂျက်လေယာဥ်ပျံဆီတွေက မြန်မာပြည်မှာပဲ ထုတ်ထုတ်၊ နိုင်ငံခြားကပဲ သွင်းသွင်း၊ လမ်းလျှောက်ပြီးတော့ သွားတာမဟုတ်ဘူးလေ။ ဒီဆီတင်တဲ့ကားတွေနဲ့ ပို့ရတာ။ ဆီတင်တဲ့ကားတွေက ဒီဇယ်နဲ့သွားတာပါ။ ဒီဇယ်ကလဲ Duo use အသုံးဖြစ်နေပါတယ်။ အဲ့တော့ ဝင်တဲ့လောင်စာမှာ ကျွန်တော်တို့ ပြည်သူတွေအတွက်ရောင်းတာ။ မှန်ပါတယ်။ ဒါကိုလည်းလက်ခံရမှာပေါ့။ ဒါမဲ့ရောင်းတဲ့ဆိုင်တွေအားလုံးရဲ့ အများစုသည် ခရိုနီတွေဖြစ်နေတယ် ဆိုတာကိုလည်း ပြန်သတိထားဖို့လိုပါတယ်။ ဥပမာ လမ်းထိပ်ဆိုင်လေးတွေ၊ သေးသေးလေးတွေက နလန်မထူနိုင်ပါဘူး။ ဆိုင်ကြီးတွေရှိပါတယ်။ ဆိုင်ကြီးတွေက တကယ်ကြတော့ အများစုက ဥရောပတို့၊ Englandတို့၊ အမေရိကတို့ကနေ Sectionထိတဲ့လူတွေ ပိုင်တာဖြစ်တာကိုလည်း အားလုံးသတိထားဖို့လိုပါလိမ့်မယ်။ ဒါကတစ်ခုပါ။ 

နောက်တစ်ခုက ကျွန်တော်တို့ဆီမှာ လာတဲ့ ဆီ က သီလဝါဆိပ်ကမ်းပဲဖြစ်ဖြစ်၊ ရန်ကုန်ဆိပ်ကမ်းကဖြစ်ဖြစ်၊ လာတဲ့ ဆီ က ပြည်သူသုံးတာတစ်ခုထဲ မဟုတ်ပါဘူး။ ကက(ကြည်း)ကို သွားတဲ့ ဆီ လဲရှိပါတယ်။ နောက်တစ်ခါ တပ်မ‌တေတာ်ရေ ကို သွားတဲ့ ဆီ လဲရှိပါတယ်။ ဒါတွေအားလုံးကလည်း စာရင်းနဲ့ ဇယားနဲ့ပါ။ ဒါတွေအားလုံးကိုလဲ ကျွန်တော်တို့ကတင်ပြရမှာပေါ့။ မင်းတို့ပေးတဲ့ ဆီ တွေက ကက(ကြည်း)ကို ဘယ်လောက်သွားတယ်၊ တပ်မတော်ရေကို ဘယ်လောက်သွားတယ် ဆိုတာ ကျွန်တော်တို့ကတင်ပြရမယ်။ ဘာလို့လဲဆို ဒါတွေအားလုံးက စာရင်းနဲ့ဇယားနဲ့ သွားတာလေ။ စာရင်းနဲ့ဇယားနဲ့ သွားတဲ့ဟာကို ကျွန်တော်တို့က စာရင်းနဲ့ဇယားနဲ့ပဲ ယူပြီးတော့ သေသေချာချာကို တင်ပြရမယ်။ တင်ပြပြီးတဲ့နောက်မှာပဲ ရောင်းတဲ့ပွဲစားတွေပေါ့နော်၊ သူတို့ကတော့ ဘရုတ်ကတ် လို့ခေါ်တာပေါ့။ အဲ့ဒီအပေါ်ကို သူတို့ခေါ်တာနောက်တစ်ခုက ကျွန်တော်မေ့သွားတယ်ဗျ။ အဲ့ဒီဟာက အဲ့ဒီလူတွေကို ကျွန်တော်တို့ချဥ်းကပ်ရမယ်။ “ရဲဘော်တို့ မင်းတို့ရောင်းတဲ့ စက်ဆီက ဒီလိုဒီလိုသွားနေတယ်၊ မင်းတို့  ဒီလိုဒီလိုသွားနေတာက လူသတ်တဲ့သူတွေလက်ထဲသွားနေတယ်။ လူသတ်တဲ့လူတွေကို အားပေးရင် မင်းတို့ ရပ်ဖို့သင့်တယ်၊ ဒီမှာလဲILOစာရှိတယ်”  အဲ့လိုမျိုး ကျွန်တော်တို့က ချဥ်းကပ်ရမှာဖြစ်တယ်။ 

အဲ့ဒီကနေဘဲ သူတို့နဲ့ပတ်သက်တဲ့ သဘ်ောဆိုတဲ့ ဘယ်လိုဘဲဖြစ်ဖြစ် သဘ်ောပဲဖြစ်ဖြစ်၊ လေယာဥ်ပျံဘဲဖြစ်ဖြစ်၊ ကားပဲဖြစ်ဖြစ်၊ အာမခံမရှိရင် မသွားနိုင်တော့ဘူး။ အဲ့တော့ သဘ်ောတွေကို သူတို့ ချာတာ ငှားတယ်။ ချာတာ ငှားပြီးတဲ့နောက်မှာ လိုတာက အာမခံလိုပါတယ်။ သဘ်ောပျက်ရင် ဘယ်သူလျှော်မလဲ ဆိုတဲ့ ကိစ္စတွေရှိတယ်။ ဒါကြောင့်မလို့ ဒီအာမခံလုပ်ငန်း၊ ရေကြောင်းအာမခံ (Marine insurance)တွေကိုလဲ ချဥ်းကပ်ရပါမယ်။ ချဥ်းကပ်မယ် ဆိုတော့ အဲ့ဒီလူတွေက အများစုရှိတာကတော့ လန်ဒန်က လွိုက် မှာရှိတယ်၊ နောက်ထပ်တခါ စင်ကာပူက --တို့ရှိပါတယ်။ ဒီcompanyတွေကိုတော့ ကျွန်တော်တို့ အဲ့လိုပဲပြောရပါမယ်။ သူတို့တခြားမှာ အလုပ်လုပ်ရင် အများကြီးရပါတယ်။ မြန်မာပြည်မှာ အလုပ်လုပ်မှ မဟုတ်ပါဘူး။ တခြားမှာအလုပ်လုပ်ရင်လည်းး အများကြီးရတဲ့အတွက်ကြောင့် “မင်းတို့တခြားမှာလုပ်ပါလား” ဆိုပြီး ပြောပြပါမယ်။ ဘာလို့ပြောမှာလဲဆိုတော့ Secondary Section ဆိုတာရှိပါတယ်။ ဒုတိယအဆင့် လိုက်တဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်တဲ့ အပြစ်ပေးအရေးယူမှုပါ။ အဲ့တော့ ဒီလုပ်ငန်းရှင်တွေက လောင်စာဆီနဲ့ပတ်သက်လို့ ဥပမာပြောတာပါ။ USကပိတ်ထားတယ်၊ UKကပိတ်ထားတယ်။ ဒါကိုသူတို့က မလိုက်နာဘူးဆိုရင် ကျွန်တော်တို့က သတင်းပို့မှာပါ။

သတင်းပို့တဲ့အခါမှာ USနဲ့ UKက သူတို့မှာရှိတဲ့ ကွန်ဖော့ အော်ဖ် မက်ကန်နယ်ဆန် ပေါ့ဗျာ၊ USဆိုလို့ရှိရင် OFAC-အိုဖက် လို့ခေါ်ပါတယ်။ သူကထုတ်ထားတဲ့ စာတွေရှိတယ်။ သူကဘယ်လိုချိုးဖောက်ရင် ဘာလုပ်မယ်ဆိုတာ။ နောက်ထပ်တစ်ခါ UKကထုတ်ထားတဲ့ UKကOFFI လို့ခေါ်တဲ့ ရုံးကနေထုတ်ထားတဲ့ သရက်တစ် တွေရှိပါတယ်။ အဲ့ကနေတဆင့် အပြစ်ပေး၊ အရေးယူတာမျိုးဆိုရင် ဒေါ်လာသိန်းနဲ့ ချီရှိပါတယ်။ ဆိုတော့ အဲ့ ဒါမျိုးတွေကို ကျွန်တော်တို့က သတင်းပို့ပေးမှာပါ။ ဒါကြောင့်မို့ အချိန်တော့ နည်းနည်းယူရမယ်။ လောင်စာအပေါ်မှာပေါ့နော်၊ ဘယ်လိုချည်းကပ်လို့ရတယ်ဆိုတာမျိုး ဒါ ကျွန်တော်အကုန်လုံးရှင်းရှင်းလင်းလင်း ပြောပြလိုက်တာပါ။ ဟို မရဘူး၊ ရတယ် ငြင်းကြတဲ့ ကျွန်တော်မငြင်းပါဘူး။ ကျွန်တော်တို့ အလုပ်လုပ်ပါမယ်။ ကျွန်တော်တို့ တင်ပြပါ့မယ်။ အခုILO Article33 လိုပေါ့ဗျာ၊ အလုပ်တော့ လုပ်ရမယ်၊ သုတေသနလုပ်မယ်၊ စစ်ဆေးရေးလုပ်ရမယ်၊ ကိုယ့်လုပ်ငန်းကို ကိုယ်စီစစ်ရမယ်။ ကျွန်တော်တို့ သက်ဆိုင်ရာကိုတင်ပြတဲ့အခါမှာ တစ်နှစ်မကြာပါဘူး၊ ၆လလောက်ကြာရင် အဖြေပေါ်မှာပါ။ ဒါတစ်ခုပါ။ ဒါလောင်စာပါ။ 

နောက်တစ်ခုကတော့ ဒီလောင်စာတွေကို လာပို့တာ ဘယ်ကလာပို့တာလဲ။ ဒီလောင်စာက အလကားမရပါဘူး။ သဘ်ောငှားတယ်ဆိုရင်လည်း ငွေချက်ချင်းချေရတာပါ။ အဲ့ဒီပိုက်ဆံတွေ ဘယ်ကလာနေတာလဲ။ အဲ့တော့ မင်းအောင်လှိုင်မှာ ပိုက်ဆံရှိနေသေးတယ်။ ဆိုတဲ့အတွက်ကြောင့်မို့ ကျွန်တော်ခဏကပြောတဲ့ ဒီResolutionနဲ့ Resolution အပိုင်း၂/ဂ (2/C) မှာ ပါတဲ့အထဲမှာလည်း Free flow of funding ငွေရေးကြေးရေးလွတ်လပ်စွာ စီးဆင်းမှု ကိုလည်း ပြန်လည်ဆန်းစစ်ဖို့ပါဝင်တဲ့အတွက်ကြောင့် ဒါတွေကိုတော့ ကျွန်တော်တို့ကြိုးစားလုပ်ပါမယ်။ အဲ့တော့ အဓိက၂ခုပေါ့ဗျာ။ ကျွန်တော်တို့ လုပ်ဖို့လိုတာကတော့ ငွေရေးကြေးရေးစီစစ်မှုကို ကြည့်ရပါမယ်။ 

ဒီမှာ စက်မှုကုန်ထုတ်ဝင်ငွေအတွက်သွားတဲ့ ငွေကြေးကို ကျွန်တော်တို့မပြောဘူးနော်။  EBA ကိုလည်းကျွန်တော်တို့ ဘာမှမပြောသေးဘူး။ ဒီဟာကို ခဏက ကျွန်တော်ပြောခဲ့သလိုဘဲ သေသေချာချာ ဆန်းစစ်ပြီးတဲ့နောက်မှာ အရေးယူမှုလုပ်နိုင်တဲ့အင်အားရှိတဲ့လူတွေကိုလည်း ကျွန်တော်တို့ကူနေတာ၊ နိုင်ငံကို ကူနေတာပေါ့ဗျာ။ အရေးယူဖို့ နည်းစနစ်ပိုင်းဆိုင်ရာကိုလည်း ကျွန်တော်တို့ကရှာဖွေပြီးတော့ လုပ်ပါမယ်။ အဲ့တာကို တင်ပြချင်တာပါ။ 

နောက်တစ်ချက်ကတော့ဗျာ။ စစ်အုပ်စုပြောတိုင်း လိုက်မလုပ်ပါနဲ့။ ဘာလို့ပြောတာလဲဆိုရင် အထဲမှာCTUM ဆိုတဲ့ အဖွဲ့ဖွဲ့ပြီးတော့ ကိုသောင်းညွန့်တို့ အရှက်မရှိဘူးပေါ့နော်။ အဲ့ဒီလူတွေက လိုက်ပြီးတာ့ CTUM ဆိုတာမရှိ‌တော့ဘူး၊  ကွန်စတီကျူးရှင်းအရ သူတို့ကဖွဲ့တယ်ဆိုပြီး စစ်အုပ်စုက လိုက်မြှောက်ပေးပြီး လိုက်လုပ်နေတာ။ အဲ့တော့ အခုဘာဖြစ်လဲ၊ ဘာမှလဲမဖြစ်ပါဘူး။ နောက်တစ်ခါ IWFMလဲအဲ့ဒီလိုပဲ။ စက်မှုကုန်ထုတ်ရှိတယ် ဆိုပြီးတော့ ဒီ မျိုးဇော်တို့က အဲ့ဒါကိုလိုက်လုပ်တယ်။ ဒါတွေက ဘာမှမဖြစ်ပါဘူး။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ကြပါ။ အလုပ်သမားရေးရာဆိုရင်လည်း ကိုယ့်အဖွဲ့နဲ့ ကိုယ်ရှိတာပဲ။ ဘာဖြစ်လို့ ကျွန်တော်တို့ CTUM အဖွဲ့ချုပ် သူတို့ကိုသင်ကြားပေးထားတဲ့အဖွဲ့ချုပ်ကို စစ်အုပ်စုအလိုက် အကြိုက်ကိုလိုက်ပြီးတော့ မလုပ်ပါနဲ့။ 

နောက်ပြီး အထဲမှာရှိတဲ့ ရဲဘော်တွေကိုလဲ ကျွန်တော်ပြောချင်ပါတယ်။ အထူးသဖြင့် စက်ရုံထဲမှာ ပြည်တွင်းမှာရှိတာကို "ကျွန်တော်တို့သည် ဘယ်မှထွက်မပြေးပါဘူး။ မြန်မာပြည်တွင်းမှာဘဲရှိပါတယ်။ မခတ္တာတို့ကတော့ နိုင်ငံခြားမှာရောက်နေပါတယ်။ အဲ့တော့ ဒီဟာကို ဒီလုပ်ငန်းကိုလုပ်နေတာကို အားလုံးအတွက်လုပ်နေတာပါ။ အရင်တုန်းကလည်း ကျွန်တော်တို့ အတူတူတွဲလုပ်ကြတယ်ဖြစ်ပါတယ်။ အလုပ်သမားတွေကို၊ အလုပ်သမားတွေအရေးကို ကျွန်တော်တို့က အခုပြောနေတဲ့ ဝန်ကြီးဌာနကကောင်တွေ၊ နောက်တစ်ခါ အခုပြောပြောနေတဲ့ နိုင်ငံခြားကလူတွေထက် ကျွန်တော်က ပိုနားလည်ပါတယ်။ 

ဒါကြောင့်မလို့ ကျွန်တော်တို့သည် လူတွေကိုထမင်းငတ်အောင် မလုပ်ပါဘူး။ သို့သော် အားလုံးရဲ့အခွင့်အရေးအတွက်ကတော့ တချို့ကတော့ ထိခိုက်မှု‌‌တေတာ့ ရှိမှာပဲ။ အဲ့တော့ပြောကြတယ်ဗျာ၊ လူ၃သိန်းအလုပ်ပြုတ်မယ်လို့ ပြောတယ်။ အဲ့တော့ ကျွန်တော် ပြန်မေးမယ် “ဟုတ်တယ်၊ ဒီလူ၃သိန်းအလုပ်ပြုတ်သွားနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်လုပ်နေတာကလဲ တစ်ဖက်က CDM ၃သိန်းကျော်အတွက်လည်း ကျွန်တော် ပြန်ကြည့်ရသေးတယ်လေဗျာ” ဒီ CDM ၃သိန်းကျော်လဲ ထမင်းငတ်နေတယ်၊ ဒုက္ခရောက်နေကြတယ်။ ဘယ်သူမှလဲအလုပ်မခန့်ဘူး။ ဘာလို့လဲဆိုတော့ ပျူစောထီးလိုကောင်တွေက ရှုပ်ရှုက်ခက်နေတဲ့အတွက်ကြောင့် ဒီလူတွေက အလုပ်မရကြဘူး။ အဲ့‌တော့ ကျွန်တော်တို့က ကဏ္ဍ တစ်ခုထဲလဲ ကြည့်လို့မရဘူး။ တစ်စုတစ်ဖွဲ့ထဲလည်းကြည့်လို့မရဘူး။ ပုဂ္ဂလိက လုပ်ငန်းလဲရှိသလို၊ ကျွန်တော်တို့ ဒီအစိုးရ ဝန်ထမ်းတွေ၊ CDMတွေ အများကြီးဒုက္ခရောက်နေတာတွေ ရှိပါတယ်။ တကယ်လဲ ဒုက္ခရောက်နေကြပါတယ်။ အဲ့ဒီလူတွေအတွက်လဲ ကျွန်တော်တို့ ကြည့်ရပါတယ်။ အဲ့တော့ ကျွန်တော် ဒီအချိန်မှာ ILO မလာခင်မှာတင်၊ ILOရဲ့ Article 33မလာခင်မှာတင် စစ်တပ်ရဲ့ ချောဆွဲမှုပေါ့နော်၊ စစ်တပ်ထဲ မဝင်မနေရ ဆိုတဲ့အတွက်ကြောင့် ထွက်သွားတဲ့လူ ဘယ်နှစ်ယောက်ရှိမလဲဆိုတဲ့ ကိစ္စ။ 

ကျွန်တော်တို့ကတော့ ရွေ့ပြောင်းအလုပ်သမားနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဌာန ရှိပါတယ်။ ကျွန်တော်တို့ ထိုင်းမြန်မာနယ်စပ်တစ်နေရာမှာ နေ့စဥ်အဝင်အထွက်ကို စာရင်းကောက်ပါတယ်။ အဲ့ဒီမှာတော့ ဖေဖော်ဝါရီလ ၁၀ရက်နေ့ပေါ့နော်၊ မင်းအောင်လှိုင် အဲ့ဒီအမိန့်ကိုထုတ်လိုက်ပြီး အချိန်ကစပြီးတော့ အခုထိဆို အားလုံး လူ၁သိန်းခွဲလောက်ရှိပါတယ်။ အားလုံးသည် အသက်၅၀မကျော်ဘူး။ လုပ်နိုင်ကိုင်နိုင်တဲ့ အလုပ်လုပ်တဲ့ အရွယ်တွေပါ။ ပြောချင်တာကတော့ လူတွေထွက်ပြေးနေရတာ၊ လုပ်ငန်းတွေပျက်တာ၊ အလုပ်ရှင်တွေ အလုပ်သမားရှာမရတဲ့ကိစ္စတွေက မင်းအောင်လှိုင်ရဲ့ ဥပ‌ဒေတွေကြောင့်ဆိုတာ ကျွန်တော်ကပြောချင်တာ။ ဒါကြောင့်မို့လို့ လိုက်ပြီးတော့ မယောင်ပါနဲ့။ 

EBA တို့ဘာတို့ ပိတ်လိုက်တယ်ဆိုတာ မဟုတ်သေးပါဘူး၊ ဘာမှမလုပ်သေးပါဘူး။ ဒါပေမဲ့ အခုပဲ ကိုယ့်စက်ရုံပတ်ချာလည်မှာ လာတုန်း ပေါ်တာဆွဲခံရတဲ့ကောင်တွေ၊ နောက်ထပ်တခါ အလုပ်သမားရေးရာကိစ္စတွေပြောလို့ စစ်တပ်ကခေါ်ပြီးတော့ ခြိမ်းခြောက်တာတွေ၊ အဲ့တော့ ကျွန်တော်တို့ ညှိနှိုင်းဖို့လုပ်တယ်ဆိုပြီး မရဘဲနဲ့ နားမလည်ပါးရိုက်ပြီးတော့ ဒီတိုင်းပဲ ဟိုတိုင်လို့၊ ဒီတိုင်လို့ ၇ -တိုင်လုပ်တယ်၊ ၈တိုင်လုပ်တယ်၊ ၆တိုင်လုပ်တယ် ဆိုပြီးတော့ သွားနေရတဲ့ အဲ့ဒီဘဝက လွတ်ဖို့အတွက်ကတော့  အားလုံး ပင်ပန်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့လည်း ပင်ပန်းပါတယ်။ ပြောပါတယ်။ ဒေါ်လာစားတဲ့ကိစ္စ။ ကျွန်တော်တို့ ဒီအလုပ်မရှိတဲ့အခါကြတော့ ကျွန်တော်တို့လည်း ဒီလိုပဲနေရတာပေါ့ဗျာ။ အဲ့တော့ ဒေါ်လာစားပြီးလုပ်နေတဲ့လူ ဒီမှာတစ်ယောက်မှ မရှိပါဘူး။ ဒေါ်လာစားပြီးလုပ်နေတယ်၊ အရင်တုန်းကရှိတဲ့အတိုင်းပဲ။ ကျွန်တော်နဲ့လက်ပွန်းတတီးရှိတဲ့လူတွေ အများကြီးရှိပါတယ်။ အခုပြည်တွင်းမှာရှိနေပါတယ်။ အဲ့ဒီလူတွေ သိတဲ့အတိုင်းကျွန်တော်တို့ရှိနေပါတယ်။ ဒါကြောင့်မို့ ပြောချင်တာက ပြည်တွင်းကအလုပ်သမားတွေအားလုံးကို လုပ်အားခ ရဖို့အတွက်တော့ တိုက်ပွဲတော့ဝင်ရလိမ့်မယ်။ ခင်ဗျားတို့က ခင်ဗျားတို့အနေထားမကောင်းလို့ ဆိုပြီးထိုင်နေလို့ မရဘူး။ ဘဝကြီးက ဒီလိုပါပဲကွယ်၊ မဟုတ်ဘူး။ ပြောင်းလဲမှုလိုချင်ရင် ပြောင်းလဲမှုတော့ လုပ်ကိုလုပ်ရမယ်။ အဲ့ထဲမှာ ပါဝင်ဖို့အတွက်၊ ဆန္ဒပြဖို့ပြောတာမဟုတ်ဘူးနော်။ ဆန္ဒပြဖို့ပြောတာမဟုတ်ပါဘူး ခင်ဗျား။ ကိုယ့်ရဲ့အခွင့်အရေးကိုတော့ ထိန်းသိမ်းထားဖို့တော့ လိုတယ်။ ပြီးတော့ ကိုယ်စုနိုင်၊ ဖွဲ့နိုင်ရင် အလုပ်သမားသမဂ္ဂတွေစုပိုင်ခွင့်ရှိတယ်၊ ဖွဲ့ပိုင်ခွင့်ရှိပါတယ်။ အခုILOမှာ ကျွန်တော်တို့အလုပ်သမားတွေပေးတဲ့ သတင်းတွေအရဘဲ ကျွန်တော်တို့လုပ်ထားတာ အောင်မြင်ပါတယ်။ ဆက်ပြီးတော့လည်း အဲ့ဒီဟာကိုလည်း ကျွန်တော်တို့ တင်ပြပါ။ အတူတူလုပ်ပါ။ အလုပ်ပြုတ်မှာမဟုတ်ပါဘူး။ 

နောက်တစ်ခါ တစ်ခုပြောသေးတယ်ဗျ။  ပြည်တွင်းအလုပ်သမားတွေ ၃သိန်းလောက်အလုပ်ပြုတ်သွားမယ် ဆိုတဲ့ ကိစ္စ။ နောက်တစ်ခါ ဒီဥရောပ Companyတွေထွက်သွားရင် တရုတ်တွေဝင်လာမယ်ပြောတယ်။ ဘယ်နားကတရုတ်က ဝင်မှာလဲ ကျွန်တော်မသိဘူး။ ဘာလို့ဆို တရုတ်ကရောက်နေပြီးသား။ ဟော အခု လမ်းမှာရှိတဲ့စက်ရုံတွေ၊ လှိုင်သာယာမှာရှိတဲ့စက်ရုံတွေ၊ ရွှေပြည်သာမှာရှိတဲ့စက်ရုံတွေရော အကုန်လုံး ထုတ်လုပ်ရေးလုပ်နေတာ အကုန်တရုတ်တွေချည်းပဲ။ လာအပ်တာက ဘရန်းတွေက ဥရောပပဲ မှန်တယ်။ ဒါတောင် ဥရောပကနေ တိုက်ရိုက်မလာဘူး၊ ဟောင်ကောင်ကနေတိုက်ရိုက်လာတာ။ ဟောင်ကောင်ကနေလာတယ်၊ လုပ်တဲ့လူကလည်း ဒီမှာချုပ်တာလည်း တရုတ်။ တရုတ်အထည်ချုပ်အသင်းတောင်ရှိသေးတယ်။ ကျွန်တော်နဲ့လည်း မိတ်ဆွေတွေပါ၊ ကျွန်တော်သိပါတယ် ဒီလူတွေနဲ့လဲ။ လျှောက်ပြောနေတဲ့ ဥရောပတွေထွက်သွားလို့ရှိရင် တရုတ်တွေဝင်လာမယ်၊ ဘာတရုတ်မှမဝင်ဘူး။ တရုတ်တွေကရောက်နေပြီးသား။ ၉၅ရာခိုင်နှုန်းက တရုတ်စက်ရုံတွေချည်းပဲ။ ဒါမှမဟုတ်‌ ပြောချင်တာက အရေးမရ၊ အဖက်မရတွေပေါ့။ လူတွေအလုပ်ပြုတ်မယ်ဆိုတဲ့ ကိစ္စ၊ တရုတ်တွေဝင်လာမဲ့ ကိစ္စ။ အဲ့ပြောတဲ့လူ‌တွေက သူတို့ကိုယ်တိုင်အလုပ်ပြုတ်မှာစိုးလို့ ပြောနေတာ။ ကျွန်တော်တို့ ပြောင်းလဲမှုလုပ်ငန်းတွေအောင်မြင်ရင် သူတို့အလုပ်မရှိတော့ဘူး။  

ဒါကြောင့်မို့လို့ ပြောနေတဲ့လူတွေပါ။ အဲ့ဒီနောက်ကို မယုံပါနဲ့။ အလုပ်မပြုတ်ပါဘူး။ ကျောက်စိမ်းစ
က်ရုံကလား ဘာလား တစ်ခါကပြောဖူးပါတယ်၊ မန်နေဂျာဆိုလား သူသေချာလေ့လာဖို့ကောင်းပါတယ်။ သက္ကရာဇ်၂၀၀၀တုန်းက သူအသက်ဘယ်လောက်ရှိပြီးလဲတော့ မသိဘူး။ ကျွန်တော် အဲ့တုန်းကလည်း လိုအပ်လို့လုပ်ရပါတယ်။ ကျွန်တော်တို့ အဆဲခံရပါတယ်။ ခုလည်း ဝိုင်းဆဲကြမှာပါ။ ပြသနာ မရှိပါဘူး။ အားလုံးအတွက်ကောင်းအောင် ပြောင်းလဲမှုကတော့ မလုပ်လို့မရဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ လက်နက်မကိုင်၊ အကြမ်းမဖက်တဲ့ ပြောင်းလဲမှုအနေနဲ့ကတော့ ILOယန္တရား  ILO  မက်ကန်နယ်ဆန် သုံးပြီးလုပ်ရတာ ဖြစ်ပါတယ်။ လို့ ကျွန်တော် ပြောချင်ပါတယ်။ 

ကျွန်တော်တို့ ဒီမှာ အမျိုးသားကောင်စီ NUCCမှာတော့ ကျွန်တော်တို့ MLA မြန်မာအလုပ်သမားတပ်ပေါင်းစုကတော့ နွေဦးတော်လှန်ရေးအုပ်စုထဲမှာ ပါပါတယ်။ ကျွန်တော်တို့ နွေဦးတော်လှန်ရေးကိုလည်း အားဖြစ်စေမှာပါ။ ကျွန်တော်တို့ကတော့ လက်နက်မကိုင်ဘူး။ သို့သော် တစ်ဖက်က ဒီလက်နက်တွေအတင်းဝယ်တာကိုတော့ ရပ်သွားအောင်လုပ်ဖို့တော့ ကျွန်တော်တို့ ကြိုးစားမှာဖြစ်တယ်။ ကြိုးစားနေတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့သည် တိုက်ရိုက်ပေါ့နော်၊ စစ်အုပ်စုအပေါ်သက်ရောက်မှုအနေနဲ့ ငွေရေးကြေးရေးကို ကျွန်တော်တို့လိုက်ပြီးတော့ ကြည့်မယ်။ တိတိကျကျကြည့်ပါမယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်တို့သည် လိုအပ်တဲ့လုပ်ငန်းတွေလုပ်ပါမယ် ဆိုတဲ့အကြောင်း တစ်ခု ကျွန်တော်ပြောနိုင်ပါတယ်။ 

နောက်တစ်ခုကတော့ စစ်အုပ်စုကိုဖြုတ်ချဖို့ ဆိုတဲ့ကိစ္စပေါ့။ အကုန်ဝိုင်းလုပ်မှရမယ်ပေါ့နော်။ ကျွန်တော်တို့သည် ပြီးခဲ့တဲ့နှစ်က မရှိတဲ့အင်အားတစ်ခုကိုယူပြီး ပွဲထဲကိုထပ်ပြီးတော့ ဝင်လာပါမယ်။ အရင်တုန်းကတော့ ကျွန်တော်ပွဲထဲမှာ ရှိတယ်။ ပွဲထဲကနေမှ ကျွန်တော်တို့တစ်ခါ ထပ်ပြီးတော့ လက်နက်တွေဖြည့်သွင်းလာတယ်။ ILOရဲ့ဆုံးဖြတ်ချက်ဆိုတာကို ယူလာတယ်။ အထူးသဖြင့်တော့ ကျွန်တော်တို့အဖွဲ့လုပ်ငန်းကတော့ အာဆီယံ အရှေ့တောင်အာရှထဲမှာရှိတဲ့ အစိုးရတွေ၊ အလုပ်ရှင်တွေ၊ ဘဏ်တွေကို ကျွန်တော်တို့ချဥ်းကပ်ပြီးတော့ ကျွန်တော်တို့လုပ်ပါမယ်။ 

ဒါကြောင့်မလို့ စစ်အုပ်စုရဲ့နောက်ဆုံး အဓိကကျတဲ့နေရာက အာဆီယံဖြစ်ပါတယ်။ အာဆီယံကို ကျွန်တော်တို့က Article 33 ကို ရှင်းပြပြီးတဲ့နောက်မှာ သူတို့ဘာလုပ်ပေးနိုင်သလဲ၊ ဘာလုပ်သင့်လဲ ဆိုတာ ကျွန်တော်တို့က ILOရဲ့ စာတမ်းကိုကိုင်ပြီး ချေပ မှာဖြစ်တဲ့အတွက်ကြောင့် စစ်အုပ်စုပြုတ်ကျရေးကိုတော့ ကျွန်တော်တို့က ၂နည်းပေါ့နော်၊ တစ်ခုကတော့ ဒေသအတွင်းမှာရှိတဲ့ အစိုးရတွေ၊ အလုပ်ရှင်တွေကို ချဥ်းကပ်ပါမယ်။ နောက်တစ်ခုကတော့ စစ်အုပ်စုရဲ့ အိတ်ကပ်ကို တိုက်ရိုက်ပိတ်ဖို့တော့ လုပ်မယ်။ ပြီးတော့ရှိရင် အိတ်ကပ်ကို ပိတ်ခြင်းအားဖြင့် လောင်စာဝယ်တဲ့ကိစ္စ၊ ဝယ်လို့မရအောင် ၊ နောက်တစ်ခါ သူတို့ကိုကူညီနေတဲ့ companyတွေကို ကွန်ဖော့ အော်ဖ် မက်ကန်နယ်ဆန် ပေါ့။ 

ပိတ်ဆို့မှုရဲ့နောက်မှာရှိတဲ့ အားဖြည့်တဲ့ ယန္တရားကိုသုံးပြီးတော့ သက်ဆိုင်ရာနိုင်ငံတွေကို ကျွန်တော်တို့က‌လိုက်ပြီးဆွေးနွေးပေးပါ့မယ်လို့၊ အဲ့ဒီလုပ်ငန်းတစ်ခုကို ကျွန်တော်တို့လုပ်မယ်။ ဒါကြောင့်မလို့ နွေဦးတော်လှန်ရေးကို အားပေးတာလည်းဖြစ်သလို စစ်အုပ်စုပြုတ်ကျရေးကိုလည်း တိုက်ရိုက်လုပ်တဲ့လုပ်ငန်း လုပ်ပါမယ်။ အလုပ်သမားတွေ အခုလုပ်နေတဲ့လုပ်ငန်းက မှန်ပါတယ်။ မှန်တယ်၊ သူတို့ရုံးတက်တယ်၊ သူတို့အလုပ်လုပ်တယ်၊ ထမင်းစားဖို့ စားဝတ်နေရေးအရလုပ်တယ်၊ သူတို့ မထွက်လာနိုင်တဲ့လူ မထွက်လာဖို့ဘဲ ကျွန်တော်တို့ပြောပါတယ်။ ကျွန်တော်တို့ အတင်းမထွက်ခိုင်းပါဘူး။ ဘာလို့လဲဆိုတော့ စစ်အုပ်စုယန္တရားလည်ပတ်နေတာက တစ်ကဏ္ဍ၊ သို့သော် စားဝတ်နေရေးရှိတယ်၊ မိသားစုရှိတယ်၊ မိဘ အကြီးတွေရှိတယ်၊  ကိုယ့်လုပ်အားနဲ့ကိုယ် ထမင်းစားနေရတဲ့ လူတွေကို ကျွန်တော်တို့ ဘာမှမပြောလိုပါဘူး။ သို့သော် စစ်အုပ်စုအလိုကျ လိုက်တော့မလုပ်ပါနဲ့။ ကြီးနိုင်ငယ်ညှင်း အဲ့ဒါကို မလုပ်ပါနဲ့။ ကိုယ့်အောက်ကလူကို ညှာပါ။ အကာကွယ်ပေးပါ။ အသက်အရွယ်အရသော်လည်းကောင်း၊ လုပ်ငန်းအဆင့်အားဖြင့်သော်လည်းကောင်း ကိုယ်ကအရှေ့မှာရှိတဲ့အတွက် ကိုယ်ကကာကွယ်ပေးပါ။ အဲ့ဒါတွေကို လုပ်ဖို့လိုပါတယ်။ တာဝန်ရှိပါတယ်။ 

ဒါက ပုဂ္ဂလိက အထွေထွေအထည်ချုပ်စက်ရုံတွေမှာ စူပါတို့၊ လီဒါတို့က တော်တော်ဆိုးတယ်လို့ ပြောပါတယ်။ အဲဒါတွေကို လျှော့ကြပါ။ တခြားနိုင်ငံတွေမှာ ဒါတွေမရှိတော့ပါဘူး။ အဲ့ဒီခေတ် မဟုတ်တော့ပါဘူး။ “ငါကစူပါမို့လို့၊ ငါကလီဒါမို့လို့” ဆိုပြီး ရုပ်ရင်းကြမ်းတမ်းတဲ့အသုံးနှုန်းတွေ မလုပ်ပါနဲ့။ ကိုယ့်လူမျိုးတွေပါ။ ကိုယ့်လူမျိုးတွေဖြစ်တယ်။ အားလုံးလည်းး စားဝတ်နေရေးခက်ခဲလို့ မလုပ်လုပ်နေရတာဖြစ်တယ်။ အပြင်မှာလည်း ပတ်ဝန်းကျင်မှာ နေရထိုင်ရခက်ခဲတယ်။ ဒါကြောင့်မို့လို့ အားလုံးဖေးဖေးမမနဲ့ နေကြပါလို့ ကျွန်တော်က အဲ့ဒါလေးဘဲပြောချင်ပါတယ်။ 

ဟုတ်ကဲ့ပါ။ ကျွန်တော်ကတော့ သက္ကရာဇ်၂၀၀၀တုန်းက၊ ၉၆ကနေ၂၀၀၀ထိပေါ့၊ စစ်အုပ်စုပေါ်မှာ ILOရဲ့ ကွန်ဖော့ အော်ဖ် မက်ကန်နယ်ဆန် ပေါ့‌နော်၊ ILOရဲ့ယန္တရားကို အသုံးပြုပြီးတော့ ဖိအားပေးခဲ့ဖူးပါတယ်။ 

အဲ့ဒီမှာကျွန်တော် တစ်ချက်မှားသွားတာကတော့ ကျွန်တော်က ဖိအားပေးတဲ့ယန္တရား Article 33 ကို ပြန်ပြီး ရုတ်သိမ်းအောင်ဆိုပြီး အကူညီတောင်းတဲ့အတွက်ကြောင့် ကျွန်တော်ကအကူညီပေးခဲ့တယ်။ အဲ့တော့ ၂၀၁၂ခုနှစ်မှာ ပြန်ပြီးတော့ရုတ်သိမ်းသွားပါတယ်။ အဲ့ဒါက ကျွန်တော်တို့က ယုံယုံကြည်ကြည်နဲ့လုပ်တာပါပဲ။ ကျွန်တော်နဲ့ သိကြတဲ့လူတွေက်ုလည်းလေးစားပါတယ်။ အဲ့ဒီလူတွေနဲ့ ကျွန်တော်တို့ လုပ်ကြရတာပါ။ သို့သော်အခု မင်းအောင်လှိုင်ဖောက်လိုက်တဲ့အခါကြတော့ အကုန်လုံး တော်တော် ခဲခဲယဥ်းယဥ်းဖြစ်သွားပါတယ်။ သူကိုယ်တိုင်လည်း ဘယ်သွားရမှန်းမသိဘူးလို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီတစ်ခေါက်ကတော့ ဒီ Article 33ကိုတော့ တော်ရုံတန်ရုံတော့ ကျွန်တော်တို့ လွတ်ပေးမှာမဟုတ်တော့ဘူး။ 

ဘာလို့လဲဆိုတော့ ကျွန်တော်တို့တစ်ခါထိသွားပြီးပြီ။ စစ်အုပ်စုသည် လိမ်တက်တယ်ဆိုတာ ကျွန်တော်တို့မြင်လိုက်တယ်။ လိမ်တယ်ဆိုတာကျွန်တော်တစ်ယောက်ထဲပြောတာ မဟုတ်ဘူး၊ ILOမှာ အထောက်အထားတွေလည်းရှိပါတယ်။ ဘယ်ဟာလုပ်မယ်ဆိုရင် မလုပ်ပေးဘူး၊ လုပ်မယ်လုပ်မယ် ပွဲပြီးအောင်ပြောလိုက်တယ်၊ ပြီးလို့ရှိရင် ဟိုဟာဖြစ်လို့ ဒီဟာဖြစ်လို့ ဆိုပြီးတော့ပြောတယ်။ ဒါအခုလက်ရှိရုံးမှာထိုင်နေတဲ့လူတွေပါ။ ဒုဝန်ကြီးလဲ ပါပါတယ်။ မြန်မာပြည်မှာဆိုရင် ဝူးဝါးဝူးဝါးလုပ်တယ်။ အပြင်ထွက်လာရင် မျက်နှာငယ်လေးနဲ့။  ဟိုဟာတော့လုပ်ပေးပါဦး၊ ဒီဟာတော့လုပ်ပေးပါဦး ဆိုပြီး၊ အဲ့ဒါမျိုးတော့ ကျွန်တော်တို့ထပ်အဖြစ်အခံတော့ဘူး။ ဒါကြောင့်မလို့ ကျွန်တော်တို့က ဒီတစ်ခေါက်တော့ ကျွန်တော်တို့က Article 33 ကျပြီး၊ ကျွန်တော်တို့က လုပ်ငန်းကိုပြင်းပြင်းထန်ထန်နဲ့ ရေရှည် လုပ်ရမယ်ဆိုတာကို နားလည်တယ်။ ကျွန်တော်တို့ MLA အနေနဲ့က မြန်မာ့အလုပ်သမားတပ်ပေါင်းစုကတော့ အလုပ်ကိုပြင်းပြင်းထန်ထန်လုပ်ဖို့ ကျွန်တော်တို့အဆင်သင့်ဖြစ်ပါပြီ။ 

#MyanmarLabourNews

 


Related posts

Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။ အပိုင်း ၁
Jun 07, 2025
Cover
Myanmar Jiale Fashion  စက်ရုံ လစာမပေးနိုင်၍ လုပ်ငန်းခွင် ရပ်တန့်နေ
May 06, 2025
Cover
လုပ်ခတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားသမဂ္ဂ  ဖျက်သိမ်းဖို့ဖိအားပေးခံရ
May 06, 2025
Cover
ကယ်ရီမောင်းနှင်များထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျပ် ငါးသောင်းမှ ကျပ် ရှစ်သောင်းအထိ ထောင်းယူ
Apr 23, 2025
Cover
ငလျင်ကြောင့် အကျဉ်းသူ/သား သေဆုံးသူ ၃၀ ဦးထက်မနည်းရှိပြီး ပျက်စီးဆုံးရှုံးများသော်လည်းစစ်ကောင်စီမှသတင်းအမှောင်ချထား
Apr 20, 2025
Cover
မကွေးအကျဉ်းထောင် ပစ်ခတ်မှုကြောင့် အကျဉ်းသား ၂ဦးသေဆုံး
Apr 19, 2025
Cover
၅ နိုင်ငံမှလွဲပြီး ကျန်နိုင်ငံများအတွက်  အလုပ်ခေါ်စာ တစ်လကို ၁၀ဦးသာ ခွင့်ပြု
Mar 27, 2025