ARTICLE

"ပွင့်လင်းဓားပြ"

CoverLogo
661 Views

“စစ်ကားလာနေပြီ။ ပြေး ပြေး” ဆိုတဲ့ အသံတွေ လမ်းမကြီးထက်မှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတာနဲ့အတူ အသည်းအသန်မောင်းပြေးလာတဲ့ ဆိုင်ကယ်တွေ၊ ဘေးတွဲဆိုင်ကယ်တွေနဲ့ လမ်းမကြီးဘေးက ဆိုင်ကယ်စီးသူတွေ ဝရုန်းသုန်းကားမောင်းပြေးကုန်ကြရပါတယ်။ 

 

ဒီလိုပြေးလွှားနေရတဲ့ လူတွေထဲမှာ စားဝတ်နေရေးအတွက် ကယ်ရီဆွဲနေသူတွေ၊ ဘေးတွဲဆိုင်ကယ်လေးနဲ့ ဈေးရောင်းနေရတဲ့သူတွေအပါအဝင် ဆိုင်ကယ်ကိုအသုံးပြုပြီး သွားလာနေရတဲ့ ဆင်ခြေဖုံးမြို့နယ်တွေက ပြည်သူတွေ ပါဝင်နေပါတယ်။

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရဲစခန်းတွေ၊ စစ်တပ် အခြေစိုက်ရာ အဆောက်အအုံတွေ၊ အစိုးရရုံးတွေ၊ အထွေ ထွေ အုပ်ချုပ်ရေးမှူးရုံးတွေကို ဆိုင်ကယ်နဲ့ လာရောက်ပစ်ခတ်မှာကြောက်တာကြောင့် အများပြည်သူ စားဝတ်နေရေးနဲ့ သွားလာရေးအတွက် အသုံးပြုနေတဲ့ ဆိုင်ကယ်တွေ၊ ဘေးတွဲဆိုင်ကယ်တွေကို ဖမ်းစီးသိမ်းယူနေတာပဲ ဖြစ်ပါတယ်။

 

“စက်ရုံလစာနဲ့ မလောက်လို့ ဆိုင်ကယ်လေးဝယ်ပြီး ကယ်ရီထွက်ဆွဲတာပါ။ အစပိုင်းတော့ အဆင်ပြေတယ်။ ဝင်ငွေကောင်းတယ်။ နောက်အဖမ်းအဆီးတွေရှိလာတာတော့ ဟိုရှောင်ရ၊ ဒီရှောင်ရတွေ ဖြစ်လာတယ်။ ကိုယ့်ဘာသာ ရိုးရိုးသားသားရှာစားလည်း မရဘူး။ သူတို့စိတ်ကြိုက်စစ်တယ်။ ပြန်ပြောမိရင် လက်ပါတယ်”လို့ ဆိုင်ကယ်ကယ်ရီဆွဲသူတစ်ဦးက ပြောပါတယ်။ 

 

လက်လုပ်လက်စားပြည်သူတွေနေထိုင်တဲ့ ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံအစရှိတဲ့ မြို့နယ်တွေမှာ သွားလာရေးလွယ်ကူအဆင်ပြေစေဖို့ ဆိုင်ကယ်တွေ၊ ဘေးတွဲဆိုင်ကယ်တွေကို အသုံးပြုတာများပါတယ်။ 

 

ဒါဟာ နေ့စဉ်ပုံမှန် ဝင်ငွေရရှိနိုင်ဖို့ အလုပ်အကိုင်အခွင့်အလမ်းတစ်ခု ဖြစ်လာပါတယ်။ 

ဆိုင်ကယ်လေးတွေမှာ သံကိုယ်ထည် ဘေးအတွဲလေးတွေတပ်ပြီး ရပ်ကွက်တွေထဲ ဈေးပတ်ရောင်းတာတွေ ဟာလည်း ကိုဗစ်ကာလမှာ အလုပ်ပြုတ်သွားသူတွေ၊ အလုပ်အကိုင် ခက်ခဲလာသူတွေကြားမှာ တွင်ကျယ်လာတဲ့ အရောင်းအဝယ် လုပ်ငန်းလေးတစ်ခုပါပဲ။ 

 

အဲဒီလို ကိုယ့်ဝမ်းစာ ကိုယ်ရှာစားတဲ့အခြေအနေတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြစ်မှုကျူးလွန်တဲ့အခြေအနေလိုဖြစ်လာပြီး တိမ်းရှောင်ရတာတွေ ရှိလာပါတယ်။

 

“အစပိုင်းက ဆိုင်ကယ်တွေ ရုံးတွေရှေ့ မဖြတ်ရဘူး စလုပ်တယ်။ နောက်တော့ လမ်းဆုံတွေမှာ စစ်တယ်။ မသင်္ကာရင်ဖမ်းတယ်။ အဖမ်းပြတာပါ။ သူတို့ဆိုင်ကယ်တွေ စုသိမ်းတဲ့နေရာတွေမှာ သွားရွေးလို့ရတယ်။ သူတို့က စီးပွားဖြစ် အလုပ်တစ်ခုလို လုပ်နေကြတာ”လို့ ရွှေပြည်သာ မြို့နယ်တွင်း နေထိုင်သူ ကိုထူးထူးက ပြောပါတယ်။

 

စီးပွားဖြစ်ဖမ်းဆီးရေးတွေ လုပ်ဆောင်ပြီးနောက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ထောက်ခံချက်တွေ ထုတ်ပေးပြီး ကယ်ရီဆွဲတဲ့ဆိုင်ကယ်ဖြစ်ကြောင်း ထောက်ခံချက်တွေကို အခကြေးငွေနဲ့ ထုတ်ပေးတာတွေ လုပ်ဆောင်လာပါတယ်။ ဒါကလည်း ခါတော်မှီ စီးပွားရေးကို ဆက်တိုက် လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။

 

“ကျွန်တော်တို့ဘက်တော့ ဂိတ်ကြေးပေးပြီး ဝင်ထားတယ်။ ဓာတ်ပုံပါတဲ့ ကတ်တွေထုတ်ပေးထားတယ်။ သူတို့ လုပ်အားလိုတဲ့အချိန်ဆို ဂိတ်က လူအလှည့်ကျ လွှတ်ပေးရတယ်။ ဧည့်စာရင်းစစ်ရင် လိုက်ပေးရတယ်”လို့ တောင်ဒဂုံမြို့နယ်တွင်းက ဘေးတွဲဆိုင်ကယ် ဆွဲသူတစ်ဦးက ပြောပါတယ်။ 

 

စစ်တပ်က ကယ်ရီပြေးဆွဲခွင့် ကတ်တွေထုတ်ပေးပြီး စီးပွားရှာတာအပြင် ကယ်ရီသမားတွေကို သတင်းစုံစမ်းခိုင်းတာ၊ pdf လူငယ်တွေရဲ့ သတင်းတွေ ပေးပို့ခိုင်းတာတွေကိုလည်း လုပ်ဆောင်ခိုင်းနေတာဖြစ်ပါတယ်။

 

စစ်တပ်က လမ်းဆုံ၊ လမ်းခွတွေမှာ ဖမ်းစီးတာတွေ လုပ်ဆောင်တဲ့ အခြေအနေမှာ ဆိုင်ကယ်စီးနင်းသူအချင်းချင်း သတိပေးပြီး ရှောင်တိမ်းခိုင်းတာ၊ လိုင်းပေါ်မှာ လတ်တလော ဖမ်းစီးတဲ့နေရာတွေတင်ပြီး ရှောင်တိမ်းခိုင်းတာတွေ ကြောင့် စစ်တပ်ဘက်ကလည်း ဖမ်းစီးတဲ့ပုံစံတွေ ပြောင်းလာပါတယ်။ 

 

နေရာတစ်ခုမှာ အထိုင်ချပြီး စောင့်ဖမ်းရာကနေ ကားနဲ့ပတ်ပြီး လမ်းမှာတွေ့သမျှဆိုင်ကယ်၊ ဘေးတွဲတွေကို အကုန်ဖမ်းတာဖြစ်ပါတယ်။ လမ်းဘေးဝပ်ရှော့မှာ ပြင်နေတဲ့ဆိုင်ကယ်တင်မက နေအိမ်ခြံဝင်းထဲမှာရပ်ထားတဲ့ ဆိုင်ကယ်ကိုလည်း ဝင်ဖမ်းတာဖြစ်ပါတယ်။

 

“အခု သူတို့က ကားနဲ့တစ်နေရာမှာရပ် အနီးမှာတွေ့သမျှ ဆိုင်ကယ်တွေ၊ ဘေးတွဲတွေ အကုန်တင်တယ်။ တစ်နေ ကုန် ပတ်ဖမ်းနေတယ်။ အထိုင်ပုံစံ မဖမ်းတော့ဘူး။ အဲဒီတော့ ရှောင်ဖို့က ခက်လာတယ်။ ဘေးတွဲတွေဆို ဖြတ်ခ တစ်သောင်းပါ ပေးရတယ်။ လမ်းမတန်းပေါ်က ခြံတွေထဲထိပါ ဝင်ဖမ်းနေတာ”လို့ ဆိုင်ကယ်အဖမ်းခံရတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

 

လက်ရှိမှာတော့ ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်တွေကို ပြန်လည်ထုတ်ပေးတာမျိုး မရှိတော့ဘဲ နောက်ကွယ်မှာ အစီးရေ ရာချီပြီး အရောင်းအဝယ် ပြန်လုပ်တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဆိုင်ကယ်တွေ ဖမ်းစီးရာမှာ လည်း ဘီးကောင်းဘီးသန့်တွေကို ဦးစားပေး ဖမ်းစီးနေတာတွေလည်း ရှိနေပါတယ်။

 

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အခြေခံ စားသောက်ကုန်ကနေ လူသုံးကုန်ပစ္စည်းတွေအထိ ဈေးတက်နေတဲ့ကာလ မှာ ဆိုင်ကယ်တစ်စီးရဲ့ ကာလတန်ဖိုးကလည်း သိသာသာသာ မြင့်တက်နေတာပဲ ဖြစ်ပါတယ်။ 

 

အရင်က ရှစ် သောင်းပတ်လည်သာ ဈေးရှိခဲ့တဲ့ ဆိုင်ကယ်အရည်ကျိုးဘီးရောင်းဈေးကလည်း လက်ရှိမှာ တစ်သိန်းကျော်အထိ မြင့်တက်နေပါတယ်။ 

 

ဒီအချိန်မှာ ဆိုင်ကယ်တွေ ဖမ်းစီးရောင်းချနေတာက စစ်တပ်ရဲ့ ဝင်ငွေရလမ်းကြောင်းတစ်ခု ဖြစ်နေပါတယ်။

 

“အခုက ရှာစားဖို့ကို မလွယ်တော့တာ။ ရှိတဲ့ဆိုင်ကယ်လေး ပါသွားမှာစိုးပြီး ကယ်ရီထွက်မဆွဲရဲဘူး။ အရင်ကဆို ထုတ်ထားတဲ့ကတ်တွေပြလို့ရတယ်။ အခုကျ မရဘူး။ တစ်ဖြည်းဖြည်းနဲ့ စားဝတ်နေရေးက ပိုခက်ခဲလာတယ်။ ကုန်ဈေးနှုန်းကတက်။ ကောင်းရောင်းကောင်းဝယ်က လုပ်စားမရ ဖြစ်လာတယ်”လို့ ကယ်ရီသမားတစ်ဦးက ပြောပါတယ်။

 

ဒီလိုဆိုင်ကယ် ဖမ်းစီးတာတွေနဲ့ ပတ်သက်ပြီး လှိုင်သာယာ မြို့နယ်တွင်းမှာ ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်၊ သုံးဘီး ဆိုင်ကယ်၊ မီနီအိုးဝေ၊ ထော်လာဂျီ (လိုင်စင်ရှိ ၊ မရှိ) စီးနင်း‌ မောင်းနှင်ခွင့် မရှိသလို တွေ့ရှိပါက ဖမ်းဆီး အရေးယူ မယ်လို့ အသိပေးဆိုင်းဘုတ်တွေနဲ့ ကြေညာတာတွေအထိ ရှိလာပါတယ်။

 

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကုန်ဈေးနှုန်းတွေတက်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာချိန်မှာ စစ်တပ် ကဓားပြတိုက်နေတဲ့အခြေအနေက နေ့စဉ်နဲ့အမျှ ဆိုးဝါးလာပါတယ်။ 

 

နေအိမ်ထဲ ရပ်ထားတဲ့ ဆိုင်ကယ်တွေကို ဝင်ရောက်လုယူတာ၊ စစ်ဆေးမေးမြန်းမှုမရှိဘဲ ပြည်သူပိုင်ပစ္စည်းတွေကို လုယူသိမ်းပိုက်နေတာဟာလည်း ပွင့်ပွင့်လင်းလင်း ဓားပြတိုက်နေတာပဲ ဖြစ်ပါတယ်။

 

အလုပ်အကိုင် အခွင့်အလမ်းတွေ ပျောက်ဆုံးလာသလို စားဝတ်နေရေး ပိုမိုကြပ်တည်းလာတဲ့ အခြေအနေမှာ စစ်တပ်က လုပ်ဆောင်နေတဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ထိန်းသိမ်းနိုင်မယ့်သူ မရှိတော့ပါဘူး။

 

စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေ ဖျက်ဆီးခံရတာ၊ အကြမ်းဖက်မှုတွေကြောင့် စစ်ဘေးရှောင်ရ တဲ့ဖြစ်စဉ်တွေဟာ နေ့စဉ်ဆိုသလို လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြနေကြပါတယ်။ 

 

အလားတူ မြို့ပြကြီးတွေက ပြည်သူတွေရဲ့ စိတ်ပိုင်းစိတ်ရာ ဖိနှိပ်ခံရတာတွေ၊ အကြမ်းဖက်ခံရတာတွေလည်း နေ့စဉ်ဆိုသလို ရှိနေတာပါ။

 

ဥပဒေမဲ့ ငွေကြေးကောက်ခံတာ၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတာ၊ အကြောင်း မဲ့ စစ်ဆေးခံရတာတွေဟာ မြို့ပြနေသူတိုင်း တွေ့ကြုံနေရတဲ့ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ 

 

"ကျွန်တော့ဆိုင်ကယ်လေး ပြန်ရောင်းလိုက်ပါပြီ အိမ်ထဲမှာရပ်ထားရင်တောင်လိုက်သိမ်းနေတာ ဘယ်နေ့ အသိမ်းခံရမလဲမသိတဲ့ အတူတူ အဖက်တင်အောင် လုပ်လိုက်ရတာပေါ့ ဘာတတ်နိုင်မလဲ" လို့ CDM ဝန်ထမ်းတစ်ဦးကဆိုပါတယ်။

 

မြို့ပြမှာရှိတဲ့ အခြေခံလူတန်းစားနဲ့လူလတ်တန်းစားတွေကတော့ တစ်ရပ်ထက်တစ်ရက် စစ်ကောင်စီပေးတဲ့ ဒုက္ခဝေဒနာ ကို နည်းလမ်းအမျိုးမျိုးနဲ့ရင်ဆိုင်နေရတာပါ။

 

စစ်တပ်အာဏာသိမ်းမှု ကြာရှည်လာတာနဲ့အမျှ ပြည်သူတွေ အကြမ်းဖက်ခံရတဲ့ အခြေအနေတွေက ပိုမိုးဆိုးဝါး လာမှာပဲ ဖြစ်ပါတယ်။ 

 

အခုလို အကြမ်းဖက်မှုတွေပြုလုပ်နေတဲ့ ပွင့်လင်းဓါးပြ အုပ်စု စစ်ကောင်စီကို မျက်စိစုံမှိတ် အားပေးထောက်ခံသူတွေကလွဲရင် မြို့ပြ ကျေးလက် မကျန်ပြည်သူလူထုဟာ ဆင်းရဲပေါင်းများစွာကို ကြုံတွေ့ခံစားနေရပါတယ်။

 

ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာ နေအိမ် စည်းစိမ်မှစလို့ အသက်အန္တရာယ်ထိပါ ခြိမ်းခြောက်နေတဲ့ အဖွဲ့အစည်းတစ်ခုကို အများပြည်သူ ညီညွတ်စွာ ပူးပေါင်းတော်လှန်ဖို့လိုအပ်နေတယ်လို့ စစ်ကောင်စီတပ်ရဲ့ လုပ်ဆောင်ချက်တွေကမီးမောင်းထိုပြနေပါတယ်။

 

#MyanmarLabourNews


Related posts

Cover
အလုပ်မဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့
Jul 24, 2024
Cover
ရန်ကုန်မြို့နေ ပြည်သူတွေရဲ့ လူနေမှုဘဝ အကျပ်အတည်းများ
Jul 22, 2024
Cover
“စစ်ကောင်စီရဲ့ ကုန်ဈေးနှုန်းတိုက်ပွဲ ကျဆုံးမှု"
Jul 19, 2024
Cover
ရှင်သန်ရေးအတွက် ဖိနှိပ်ခံ  အထည်ချုပ်လုပ်သားများ
Jun 30, 2024
Cover
ဆင်းရဲမွဲတေမှု စံချိန်တင်လာတဲ့ မြန်မာပြည်က နေ့ရက်များ
Jun 27, 2024
Cover
ဦးဆောင်သူကင်းမဲ့လာတဲ့ အခြေခံလုပ်ခတိုးမြှင့်ရေး တိုက်ပွဲ
Jun 26, 2024
Cover
အလုပ်မဖြစ်တော့တဲ့ အလုပ်သမားအရေး ဖြေရှင်းမှုယန္တရားများ
Jun 06, 2024
Cover
၆ နှစ်ကြာ မပြောင်းလဲတဲ့ အနည်းဆုံးအခကြေးငွေနဲ့ အခြေခံအလုပ်သမားတွေ အာဏာသိမ်းအစိုးရလက်အောက် အလူးအလဲ ရုန်းကန်နေရ
Jun 04, 2024