NEWS

ပက်စီအချိုရည်တွေ သောက်နေတုန်းပဲလား။

CoverLogo
869 Views

ကမ္ဘာကျော်အမှတ်တံဆိပ် ပက်စီ အချိုရည်စက်ရုံက မြန်မာနိုင်ငံမှာလည်းရှိပါတယ်။ မှော်ဘီမြိုနယ်မှာ စက်ရုံဖွင့်လှစ်ပြီး အချိုရည်တွေထုတ်လုပ်နေတာပါ။ 

အဖြစ်အပျက်လေးတခုပြောပြချင်ပါတယ်။

၂၀၂၂ အောက်တိုဘာ ၃၁ ရက်မှာ ပက်စီအချိုရည်စက်ရုံမှာ အလုပ်လုပ်ကိုင်ခဲ့တာ လုပ်သက် နှစ် ၂၀ ကျော်ရှိတဲ့ အလုပ်သမားဦးသောင်းဟန်ကို အသက်ကြီးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်ရုံက အလုပ်ထုတ်ခဲ့ပါတယ်။

လျော်ကြေး ပေးတာလည်းမရှိခဲ့ပါဘူး။ အဲ့ဒီလို တာဝန်ယူမှုတာဝန်ခံမှုကင်းမဲ့တဲ့ လုပ်ရပ်အပေါ် တာဝန်ယူပေးဖို့ အလုပ်သမားက ပြန်လည်တောင်းဆိုခဲ့ပါတယ်။

အလုပ်ကနေ ဥပဒေမဲ့ ထုတ်ခံရခြင်းအပေါ် မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးမှာ ၃ ကြိမ် ညှိနှိုင်းခဲ့ပြီး ခုံသမာဓိ အဖွဲ့၊ ခုံသမာဓိကောင်စီ အထိ  အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးရဲ့ အမြင့်ဆုံးယန္တရားတိုင် အကြိမ်ကြိမ်ဖြေရှင်းပေမဲ့ ပြေလည်မှုမရခဲ့ပါဘူး။ 

သက်ဆိုင်ရာ အလုပ်သမားရေးရာရုံးတွေကို တိုင်တန်းခဲ့ပြီး ဖြေရှင်းပေးနိုင်ခြင်းမရှိခဲ့ဘဲ တရားစွဲဖို့  အလုပ်သမားရုံးက စာထုတ်ပေးခဲ့ပါတယ်။ 

အလုပ်သမားရေးရာ အငြင်းပွားမှုတွေအတွက် အလုပ်သမားဝန်ကြီးဌာနက လက်အောက်မှာ ယန္တရားအဆင့်ဆင့်ရှိပါတယ်။ ဒါပေမဲ့ အလုပ်သမားရုံး တာဝန်ရှိသူတွေက တရားရုံးကနေ စွဲဆိုဖို့ လွှဲပြောင်းပေးလိုက်ပါတယ်။

အကြိမ်ကြိမ် ညှိနှိုင်းဖြေရှင်းပေမဲ့ ပြေလည်မှုမရလို့ ဦးစီးမှူး ဒါမှမဟုတ် ကာယကံရှင်က တရားစွဲဆိုဖို့ စာထုတ်ရမှာဖြစ်ပေမဲ့ အချိန်ဆွဲနေလို့ နစ်နာသူက အကြိမ်ကြိမ်ထပ်မံတောင်းဆိုလို့ ၂၀၂၃ မတ်လ ၂၁ ရက်မှာ တရားစွဲဆိုဖို့ စာထုတ်ပေးခဲ့တာဖြစ်ပါတယ်။

အလုပ်သမား ၁ ယောက်နစ်နာမှုကိုတောင် ဖြေရှင်းပေးနိုင်ခြင်းမရှိတဲ့ မှော်ဘီမြို့နယ် အလုပ်သမားရေးရာ ရုံးတွေရဲ့ တည်ရှိမှုက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

အခုချိန်မှာတော့ အလုပ်သမားက ပက်စီအချိုရည်စက်ရုံ တာဝန်ရှိသူတွေဖြစ်တဲ့ CEO, HR အပြင် Pepsi ကုမ္ပဏီကိုပါ တရားစွဲဖို့ တရားသူကြီးက အမိန့်ချထားပါတယ်။ 

ရုံးချိန်းက လာမယ့် မေလ ၂၃ ရက်နေ့ဖြစ်ပြီး အလုပ်သမား ဦးသောင်းဟန် တက်ရောက်ရင်ဆိုင်ခဲ့ရတဲ့ ရုံးချိန်း ၂၂ ချိန်း ရှိသွားပါပြီ။

အလုပ်သမားဖြစ်သူ ဦးသောင်းဟန်က စွဲဆိုထားတဲ့ (Pepsi)အမှုကို  မှော်ဘီခရိုင်တရားရုံးမှာ နှစ်ဖက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဧပရယ်လ ၃ ရက်နေ့ရုံးချိန်းမှာတော့  တရားသူကြီးက  နောက်တိုးတရားပြိုင်အဖြစ်  ကုမ္ပဏီကိုပါ တရားစွဲဆိုဖို့အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ 

အဲ့ဒီလို့ကုမ္ပဏီအမည်ကိုပါတရားဆွဲဖို့အမိန့်ချမှတ်လိုက်တဲ့အပေါ် ကုမ္ပဏီကနေ  ပြင်ဆင်အဆိုလွှာပြန်လည်တင်သွင်းဖို့ ရုံးချိန်းကိုမေလ၉ရက်နေ့သို့ ချိန်းဆိုထားပေမဲ့ အလုပ်ရှင်က အဆင်သင့်မဖြစ်သေးတာကြောင့် ၂၃ရက်နေ့ကိုပြန်လည်ချိန်းလိုက်တာပါ။


" Pepsi သည် နာမည်ကျော်အမှတ်တံဆိပ် အချိုရည် တခုဖြစ်သော်လည်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုကို တားမြစ်ခြင်းမရှိ ဘဲ ယခုအချိန်ထိ တရားရုံးတွင် အလုပ်သမားဘက်မှ တောင့်မခံနိုင်အောင် အချိန်ဆွဲသည့်နည်းဗျူဟာ ကို ဆက်လက်ကျင့်သုံးနေပါတယ်။ ဦးသောင်းဟန်နှင့်အတူတူ အခွင့်အရေးချိုးဖောက်ခံရသူ အများအပြား ရှိသော်လည်း လုပ်ငန်းရှင် ကိုကြောက်စိတ်ဖြင့် နောက်ဆုတ်သွားကြသူများ အများအပြားရှိပါတယ်။ ကမ္ဘာအနှံ့ မှ Pepsi သောက်သုံးသူများကို ဦးသောင်းဟန် ကဲ့သို့သော နောက်ထပ်ချိုးဖောက်မှူများထပ်မံ မပေါ်ပေါက်စေရန် Pepsi ထုတ်ကုန်များကိုမသုံးစွဲရန် STUM မှတောင်းဆိုပါတယ်" လို့ အလုပ်သမားကို အကူအညီပေးနေတဲ့ STUM အဖွဲ့က တောင်းဆိုထားပါတယ်။ 

Pepsi စက်ရုံဟာ လုပ်သက်ရင့်အလုပ်သမားကိုနစ်နာကြေးမပေးဘဲအလုပ်ထုတ်ထားသလို အရောင်းဝန်ထမ်းတွေကိုလည်း target ပြည့်မီအောင်မရောင်းနိုင်လို့ဆိုပြီး  လျော်ကြေးမပေးဘဲအလုပ်ထုတ်တာတွေလည်းရှိခဲ့လို့ Pepsi ဟာအလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်ထားလို့  ပက်စီအချိုရည်တွေမသောက်ဖို့ နိုင်ငံတကာကမ်ပိန်းတွေလည်း လုပ်ဆောင်နေကြပါတယ်။

ပက်စီအချိုရည်စက်ရုံဟာ  လုပ်သက်ရင့်ဝန်ထမ်းတဦးအား မည်သည့်နစ်နာကြေးမှမပေးဘဲအလုပ်မှထုတ်ပယ်ခြင်းက ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး  အလုပ်သမားရဲ့ အနာဂတ်အတွက် အာမခံချက်ပေးနိုင်ခြင်းမရှိတာကိုလည်း ဒီဖြစ်ရပ်ကနေ တွေ့မြင်ရမှာပါ။

မြန်မာနိုင်ငံသား အလုပ်သမားတစ်ယောက်အနေနဲ့ အလုပ်ထုတ်ခံရရုံနဲ့ ၁ နှစ်ကျော်ကြာရင်ဆိုင်နေရတဲ့ တိုက်ပွဲက အင်အားမမျှဖြစ်နေပါတယ်။အခက်အခဲတွေပြည့်နေတဲ့ မြန်မာပြည်က အသက်အရွယ်ကြီးရင့်နေတဲ့ အလုပ်သမားဟောင်းတစ်ယောက်အတွက် တရားမျှတမှု အနည်းငယ်လိုအပ်နေပါတယ်။

သင်ရော ပက်စီအချိုရည်တွေသောက်နေတုန်းပဲလား။


Related posts

Cover
အမှောင်ကမ္ဘာထဲက ရုန်းထွက်ခွင့် ပျောက်ဆုံးနေသူများ
Dec 25, 2022
Cover
Food panda Rider သပိတ်မှာ စားသုံးသူတွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်နေ
Jul 30, 2022
Cover
Pay your Worker ကမ်ပိန်းကို အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်
Jul 13, 2022
Cover
"foodpanda အလုပ်မဆင်းသပိတ်မှာဘာတွေဖြစ်နေလဲ" စကားဝိုင်း ဆွေးနွေးပွဲ
Jun 19, 2022
Cover
အလုပ်သမားအခွင့်အရေးအတွက်တိုက်ပွဲဝင်နေတဲ့ Foodpanda Riders သပိတ်ကိုအရှိန်ဆက်မြှင့်သွားမယ်လို့ဆို
Jun 11, 2022
Cover
Foodpanda Rider တဦးမှ “Zero Customer ကမ်ပိန်း” အကြောင်း ပြောကြားချက်
Jun 11, 2022
Cover
Riders တို့ရဲ့ တိုက်ပွဲ တတိယမြောက်နေ့
Jun 08, 2022
Cover
"ကျွန်တော်တို့နဲ့ အတူရပ်တည်ပေးပါ။"Foodpanda Rider တစ်ဦးနှင့်မေးမြန်းခြင်း။
Jun 06, 2022