ARTICLE

တစ်နာရီလုပ်ခ ၆၀၀ ကျပ် နဲ့ အလုပ်သမားထုရဲ့ မျှော်လင့်ချက်

CoverLogo
623 Views

စစ်ကောင်စီဟာ အောက်တိုဘာလကစတင်ပြီး အစိုးရဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေးခေါင်းစဉ်နဲ့ ကျပ်သုံး သောင်း တိုးပေးမှာဖြစ်တယ်လို့ စက်တင်ဘာ(၃၀)ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

အစိုးရ ဌာနဆိုင်ရာမှာ အလုပ်လုပ်ကိုင်နေတဲ့ နေ့စားဝန်ထမ်းတွေကို တစ်ရက်အလုပ်ချိန် (၈) နာရီအတွက် အပိုထောက်ပံ့ကြေးအဖြစ် (၁၀၀၀)ကျပ် တိုးပေးမယ်လို့ ဆိုပါတယ်။ ဒါဟာပြည်တွင်းမှာ မဖြစ်မနေပြောင်းလဲဖို့ လိုအပ်နေတဲ့ အနည်းဆုံးအခကြေးငွေနှုန်းထား တိုးပေးရေး အတွက် လုပ်ဆောင်တာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ 

အနည်းဆုံးအခကြေးငွေ ဥပဒေကို ပြီးခဲ့တဲ့ (၂၀၁၃)ခုနှစ်၊ မတ်လမှာ ပြဋ္ဌာန်းခဲ့ပြီး  အလုပ်သမားတွေ အတွက် မဖြစ်မနေ အနည်းဆုံးပေးရမယ့် လစာနှုန်းထားတစ်ခုကိုတော့ ၂၀၁၅ ခုနှစ်၊ ဇွန်လ၂၉ရက်မှာ သတ်မှတ် ပြဋ္ဌာန်း နိုင်ခဲ့တာဖြစ်ပါတယ်။

ပြဋ္ဌာန်းခဲ့တဲ့ အဆိုပြုနှုန်းထားကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေအတွက် နေရာဒေသနဲ့ လုပ်ငန်း အမျိုးအစားမခွဲခြားဘဲတစ်နာရီကို ကျပ်(၄၅ဝ)နှုန်းနဲ့ အလုပ်ချိန် ၈နာရီအတွက် တစ်ရက်ကို (၃၆ဝဝ)ပေးရမယ်လို့ စတင်သတ်မှတ်ခဲ့တာပါ။ 

အဲဒီလို သတ်မှတ်ရာမှာ အလုပ်သမား (၁၅)ယောက်ထက် နည်းတဲ့ လုပ်ငန်းငယ်တွေ၊ မိသားစု တစ်နိုင်တစ်ပိုင် လုပ်ငန်းတွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့လည်း ဝန်ကြီးဌာနက ပြဋ္ဌာန်းခဲ့ပါတယ်။

ဒါ့အပြင် အနည်းဆုံးလုပ်ခလစာကို ပုံသေမသတ်မှတ်ဘဲ မြင့်တက်လာမယ့်ကုန်ဈေးနှုန်းနဲ့ ကိုက်ညီစေဖို့ (၂) နှစ်ကို တစ်ကြိမ် ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ကိုလည်း ဥပဒေမှာရေးဆွဲပြဋ္ဌာန်းထားပါတယ်။ ဒါ့ကြောင့် (၂၀၁၈) ခုနှစ်မှာ တော့ အနည်းဆုံး လုပ်ခလစာနှုန်းထားကို ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်ခဲ့ပြီး အလုပ်ချိန်(၈) နာရီစာ(တစ်ရက်) လုပ်အားခကို ကျပ် (၃၆၀၀) ကနေ ကျပ် (၄၈၀၀) အထိ တိုးမြှင့်ခဲ့ပါတယ်။ 

လက်ရှိမှာတော့ တတိယအကြိမ် ပြန်လည်သုံးသပ်ရမယ့်အချိန်ကာလကို ကျော်လွန်နေပြီဖြစ်ပေမယ့် အဲဒီလုပ်ငန်းစဉ်ကို စတင်နိုင်ခြင်း မရှိသေးပါ ဘူး။

ဒီလိုအခြေအနေမှာ စစ်ကောင်စီက နိုင်ငံဝန်ထမ်းတွေအတွက် ထောက်ပံ့ငွေ ကျပ်သုံးသောင်း တိုးမြှင့်ပေးလိုက်တယ်လို့ သတင်း ထုတ်ပြန်တာဟာ ပြည်တွင်းရဲ့ အနည်းဆုံး အခကြေးငွေနှုန်းထားကို ပမာဏတစ်ခု ကန့်သတ်လိုက်သလို ဖြစ်နေ ပါတယ်။ 

ဒါဟာ နေ့စဉ်ဆိုသလိုမြင့်တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ ဝန်ထမ်းလစာဟာ ကိုက်ညီမှုရှိရဲ့လား ဆိုတာကို  စစ်ကောင်စီဘက်က ထည့်သွင်းစဉ်းစားဟန် မရှိတာတွေ့ရပါတယ်။

အာဏာမသိမ်းခင် ကာလတွေက ရန်ကုန်မြို့ရဲ့ နေထိုင်စားသောက်စရိတ်က အလုပ်သမားတစ်ဦးရဲ့ လစာဝင်ငွေနဲ့ လည်ပတ်နိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ စားဝတ်နေရေး ကုန်ကျစရိတ်တွေက ပိုမိုမြင့်တက်လာတာကြောင့် ရှေ့ဆက်ရပ်တည်ဖို့ ခက်ခဲလာပါတယ်။

အရင်က ဆန်ကြမ်းတစ်ပြည်ဈေးနှုန်းက ကျပ်(၁၅၀၀)ဝန်းကျင်သာရှိခဲ့ပေမယ့်  လက်ရှိမှာတော့ ကျပ်(၃၅၀၀) ကနေ (၄၀၀၀) ကျော်အထိ မြင့်တက်လာနေပြီဖြစ်ပါတယ်။

အရင်က တစ်ပြည်ကို ကျပ်(၂၄၀၀)ဝန်းကျင်သာရှိခဲ့တဲ့ ဆန်ချောကတော့ လက်ရှိအချိန်မှာ တစ်ပြည်ကိုကျပ်(၄၀၀၀) ကျော်ကနေ (၆၀၀၀) ကျော်အထိ ရှိနေပါတယ်။

တစ်ရက်ကို အခြေခံလုပ်အားခ(၄၈၀၀)သာ သတ်မှတ်ထားတဲ့ဒီနိုင်ငံမှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်က တောင် အခြေခံလုပ်အားခထက် မြင့်တက်နေတာဖြစ်တဲ့အတွက် အလုပ်သမားတွေ ရှေ့ဆက်ပြီးရပ်တည်နိုင်ဖို့က မလွယ်တော့တဲ့အခြေအနေ ဖြစ်လာပါတယ်။ 

“အလုပ်သမားတွေက တစ်ရက်ကို တစ်သောင်းလောက်ဝင်ငွေရှိနေမှ လက်ရှိကုန်ဈေးနှုန်းနဲ့ အဆင်ပြေမယ်။ အခု ကျ နေ့ရော၊ ညပါ အချိန်ပိုတွေ ဆင်းနေတာတောင် ဝဝလင်လင် မစားရဘူး။ အခုချိန်မှာ တစ်ရက်လုပ်အားခကို တစ်ထောင်လောက်ပဲ တိုးပေးမယ်ဆိုရင် တကယ်ကိုမတရားသဖြင့် လုပ်နေတာပဲလို့ ယူဆတယ်”လို့ စက်ရုံသမဂ္ဂ အဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မလောက်ငှတဲ့အနည်းဆုံးအခကြေးငွေနှုန်းထားကြောင့် အလုပ်သမားတွေဟာ အလုပ်ရှင်တွေဘက်က ဖိအားပေးခေါ်ယူနေတဲ့ အချိန်ပိုနာရီတွေကိုလည်း မဖြစ်မနေ လုပ်ကိုင်နေရပြီး အချိန်ပိုတွေ လုပ်ကိုင်နေရင်းနဲ့ကို အငတ်ဘေးဆိုက်တော့မယ့် အခြေအနေတွေ ရှိလာကြတာပါ။

ဒီလိုအချိန်ပို ခေါ်ယူနေတာနဲ့ ပတ်သက်ပြီး “မြန်မာနိုင်ငံအတွင်း အထည်ချုပ်စက်ရုံတချို့က အလုပ်သမားတွေဟာ တရက်ကို ၁၅ နာရီကျော်လုပ်ကိုင်နေရပြီး အိပ်ချိန်အနည်းငယ်သာရှိတယ်”လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင် နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း Myanmar Labour News ကို ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။   

“H&M ချုပ်တဲ့ စက်ရုံတရုံက အလုပ်သမားတွေပြောတာက အလုပ်စချိန် မနက် ၆ နာရီ လို့ ပြောတယ်။ တကယ် အလုပ်စချိန်က ၇နာရီခွဲဖြစ်ရမယ်။ အလုပ်သမားတွေကတော့ စက်ရုံတောင်းတဲ့ အထည်စံချိန်ကို ပြည့်ဖို့၊ ညည့်နက်သန်းခေါင် အချိန်ပိုတွေ ဆင်းပြီး လုပ်နေရတယ်။ စက်ရုံထဲမှာနေထိုင်တဲ့ အလုပ်သမားတွေဆိုရင် ပိုဆိုးတယ်။ တချို့ဆို မနက် ၃ နာရီထ အလုပ်လုပ်တယ်ဆိုတာတွေ တွေ့ရ။ တချို့လည်း မနက် ၃ ခွဲလောက်ထိ လုပ်ရတယ် ဆိုတာမျိုးတွေ တွေ့တယ်။ တနေ့ကို အလုပ်ချိန် နာရီ ၁၅ နာရီထက်ကျော်ပြီး အိပ်ချိန် ၄ နာရီ လောက်ပဲ ရှိတာကိုတွေ့ရတယ်” လို့ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။ 

ဒါဟာ စားဝတ်နေရေးအတွက် ပြည်တွင်းက စက်ရုံ အလုပ်ရုံအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေပါ။ တစ်ရက် (၈) နာရီ အလုပ်ချိန်နဲ့ စားလောက်အောင် ခေတ်နဲ့လျော်ညီတဲ့လုပ်ခလစာ သတ်မှတ်ပေးဖို့ လိုအပ်နေ တာကို အလုပ်ရှင်တွေရော၊ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေပါ တာဝန်ရှိနေတာပါ။  

လတ်တလောမှာ ပြည်တွင်းက စက်ရုံအများစုမှာ အနည်းဆုံးအခကြေးငွေနှုန်းထားကို ဝန်ကြီးဌာနက မထုတ်ပြန် သေးပေမယ့် တစ်ရက်  (၈) နာရီ လုပ်အားခကို ကျပ် (၅၆၀၀) ကနေ ကျပ် (၆၀၀၀) ကျော်ထိကို သတ်မှတ်ပေးချေနေတာလည်းရှိပါတယ်။ 

ဒါပေမဲ့ အစိုးရဘက် က တရားဝင် သတ်မှတ်တာမဟုတ်လို့ အခြားခေါင်းစဉ်နဲ့ သတ်မှတ်ပေးတာရှိပေမဲ့ ၎င်းတို့ပြန်လည်ဖြတ်တောက်တဲ့ ဂရိတ်ကြေးတွေနဲ့ အခြားဖြတ်တောက်ခံရမှုတွေကြောင့်လည်း ယခင်ထက်တောင်ပိုနည်းသွားတဲ့ လုပ်အားခက  အလုပ်သမားအတွက် ပိုမိုပြီး အကျပ်တွေ့တဲ့အခြေအနေဖြစ်လာပါတယ်။

အခုချိန်မှာလည်း အစိုးရဝန်ထမ်းတွေအတွက် တိုးပေးတဲ့  ဒီပမာဏဟာ တစ်ရက်ကို ကျပ်တစ်ထောင်ကျော်ရုံလေးသာ တိုးပေးတာကို ပြသနေပါတယ်။

“အလုပ်ရှင်ဘက်က တိုးပေးတဲ့ တစ်ထောင်ကျော်လေးဆိုတာ လက်ဖက်ရည်တစ်ခွက်စာဖိုးတောင် မရှိပါဘူး။ တကယ်ဆို ခေတ်နဲ့ညီတဲ့ လုပ်ခလစာတိုးပေးဖို့ကို ဖျက်မြင်းလုပ်တာပါပဲ။ စေတနာရှိလို့ တိုးပေးတာ မဟုတ်ပါ ဘူး။ ဒီလောက်ပဲ ပေးမယ်လို့ ညှိပြီးလုပ်ဆောင်ကြတဲ့ သဘောကို ဖြစ်နေတာ”လို့ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

အမေရိကန်တစ်ဒေါ်လာကို ကျပ်တစ်ထောင်ကျော် တန်ဖိုးရှိစဉ်က သတ်မှတ်ခဲ့တဲ့ အနည်းဆုံးအခကြေးငွေ နှုန်းထားဟာ တစ်ဒေါ်လာကို ကျပ်သုံးထောင်ကျော်ထိ တိုးလာခဲ့ပေမယ့် ဝန်ကြီးဌာနကတော့ ခေတ်နဲ့ညီတဲ့ လုပ်ခ လစာ သတ်မှတ်ပေးဖို့ကို လုပ်ဆောင်ပေးတာတော့ မရှိသေးပါဘူး။

ဒေါ်လာဈေးနှုန်းပေါ် မူတည်ပြီး ပြည်တွင်းက အခြေခံစားသောက်ကုန်ကစလို့ အိမ်၊ ခြံမြေ၊ ကားအထိ ဈေးနှုန်း တွေ မြင့်တက်နေတဲ့နိုင်ငံမှာ အနည်းဆုံးအခကြေးငွေနှုန်းထားကို ကျပ်တစ်ထောင်ကျော်သာ တိုးပေးတာကိုပဲ ခွင့်ပြုထားတာဟာ အလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်သမားထုအပေါ် ထားရှိတဲ့ သဘောထားကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။

ခေတ်နဲ့ညီတဲ့ လုပ်ခလစာဖြစ်ဖို့၊ မြင့်တက်လာမယ့်ကုန်ဈေးနှုန်းနဲ့ ကိုက်ညီစေဖို့အတွက် (၂) နှစ်ကို တစ်ကြိမ် ပြန်လည်သုံး သပ်ပြင်ဆင်ဖို့ကိုလည်း ဥပဒေမှာရေးဆွဲပြဋ္ဌာန်းထားတာကိုလည်း မိခင်ဝန်ကြီးဌာနက မျက်ကွယ်မပြုဖို့ လိုအပ်နေ ပါတယ်။ 

ပြည်တွင်းရဲ့အရေးကိစ္စတွေကို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေချိန်မှာ အလုပ်သမားထုအတွက် ပြင်ဆင်သတ်မှတ်ပေးမယ့် အနည်းဆုံးအခကြေးငွေနှုန်းထားဟာ ဘယ်လောက်ထိ တိုးလာမလဲဆိုတာက ဆက်လက်စောင့်ကြည့်ခံနေရမယ့် အခြေအနေဖြစ်ပါတယ်။

အလုပ်သမားထု ရဲ့ တစ်နာရီ ၆၀၀ ကျပ်ထပ်ပိုတဲ့ မျှော်လင့်ချက် အကျိုးစီးပွားအတွက် ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံပိုင်သတင်းစာတွေ၊ ဝန်ကြီး ဌာနရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ သတင်းတွေဖော်ပြနေတာထက် လက်တွေ့ကျတဲ့ အဖြေကို မြင်တွေ့နိုင် မယ့် အနည်းဆုံးအခကြေးငွေနှုန်းထား အပြောင်းအလဲမှာ အလုပ်သမားဝန်ကြီးဌာနရဲ့ ရပ်တည်ချက်ကိုပဲ ဆက်လက်စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတော့တယ်။

#MyanmarLabourNews


Related posts

Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024
Cover
ပြာပုံထဲမှာပြန်လည် ရှာဖွေခဲ့ရတဲ့ တရားမျှတမှုခြေရာများ
Jan 12, 2024
Cover
ရွှေ့ပြောင်းလုပ်သားတွေအတွက် NUG အစိုးရ ရပ်တည်ပေးမှုအပေါ် အလုပ်သမားအရေးလှုပ်ရှားသူများဝေဖန်
Dec 25, 2023
Cover
MCE စက်ရုံ  အငြိုးတရားနှင့် သမဂ္ဂဖြိုခွဲခဲ့သလား။
Nov 25, 2023
Cover
ဝမ်းရေးတဖက် လုံခြုံရေးအခက်နဲ့ စိုးရိမ်သောကပွေရတဲ့ စက်မှုဇုန်လုပ်သားများ
Nov 19, 2023
Cover
အာဏာရှင် ခေတ်ဆိုး၊ စနစ်ဆိုးနဲ့ အခြေခံပြည်သူလူထုကြား စတင်ပေါက်ဖွားလာပြီဖြစ်တဲ့ ‘ဒုဗ္ဘိက္ခန္တရကပ်’
Sep 24, 2023