ARTICLE

စစ်ကောင်စီလက်ထက် အလုပ်သမားအခွင့်ရေး ဆုံးရှုံးလာတဲ့ အထည်ချုပ်လုပ်သားများ

CoverLogo
597 Views

အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ တရားဥပဒေစိုးမိုးမှုမရှိသလို ဌာနဆိုင်ရာယန္တရားပျောက်ဆုံးလာတာကြောင့် စက်ရုံ၊ အလုပ်ရုံတွေမှာရှိတဲ့ အလုပ်သမားတွေဟာ သူတို့ရဲ့ မူလရပိုင်ခွင့် အခွင့်အရေးတွေ ပိုမိုဆုံး ရှုံးလာပါတယ်။

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ကနောင်မင်းသားကြီးလမ်းက ရွှေမြန်မာစံအထည်ချုပ်စက်ရုံက မန်နေဂျာဟာ မေလ ၂၅ ရက်နေ့မှာ  အလုပ်သမားများကို အစည်းအဝေးခေါ်ကာ " အထည်စံချိန်မပြည့်တဲ့ အလုပ်သမားတွေအိုတီဆင်းပေးရမယ် အခုခေတ်က သူဌေးခေတ် အလုပ်သမားတွေခေတ် မဟုတ်ဘူး" လို့ပြောဆိုခဲ့ပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ "စံချိန်မပြည့်ရင်အိုတီဆင်းပေးရမယ် အိုတီမဆင်းနိုင်တဲ့အလုပ်သမား တွေ  အလုပ်ထွက်စာ တင်ပြီးအလုပ်ထွက်" ဆိုတာကြောင့် အလုပ်သမား​တွေဟာ အတင်းအဓ္ဓမခိုင်းစေမှုများ နေ့စဉ်နဲ့ အမျှပြုလုပ်ခံ​နေရတာဖြစ်တယ်လို့ ယင်းဖြစ်ရပ်က သက်သေပြနေပါတယ်။ 

လုပ်ငန်း ခွင်ထဲက မန်နေဂျာက “ဒီခေတ်က သူဌေးခေတ်ဖြစ်နေပြီ အလုပ်သမားခေတ်မဟုတ်တော့ဘူး” လို့ ပြောဆိုပြီး အလုပ်သမားတွေကို ခြိမ်းခြောက်တာတွေကိုလည်း ပေါ်ပေါ်တင်တင်လုပ်ဆောင်လာတာဟာ စက်ရုံအများစုမှာရှိနေပြီး ကိုယ်ထိလက်ရောက်ပြုကျင့်ခံရတာတွေအထိပါ ရှိနေတာကိုလည်း သိရပါတယ်။

ဒါဟာ ပြည်တွင်းအလုပ်သမားတွေဟာ 
စစ်အာဏာသိမ်းပြီးနောက်ပိုင်းလုပ်ငန်းခွင်တွေထဲမှာအလုပ်သမားအခွင့်အရေးလူအခွင့်အရေးတွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ခံနေရတာပဲဖြစ်ပါတယ်။

ချိုးဖောက်ခံရမှုတွေအထဲမှာအမျိုးသမီးအလုပ်သမားတွေအနေနဲ့မလုံခြုံတော့တဲ့နေ့စဥ်လုပ်ငန်းခွင်တွေထဲမှာစိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှု၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှု၊လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုနောက်ဆက်တွဲလုပ်အားခေါင်းပုံဖြတ်မှု၊ အဓမ္မအလုပ်ခိုင်းစေမှု၊ ခြိမ်းခြောက်ခံနေရမှုတွေကအမျိုးသမီးအလုပ်သမားတွေနေ့စဥ်ခံစားနေရတဲ့အဆိုးရွားဆုံးအခြေအနေတွေဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ကင်းဝန်မင်းကြီးလမ်း မှာတည်ရှိပြီးလူဦးရေ တစ်ထောင်ကျော်နဲ့ လည်ပတ်နေတဲ့ FZ Garment  စက်ရုံ မှာလည်း မန်နေဂျာ၊ အောစူပါ၊ စူပါ၊ လီတာတွေကနေ့စဥ်အော်ဟစ်ဆဲရေးတိုင်းထွားပြီးအမျိုးသမီးအလုပ်သမားတွေအပေါ်မှာစိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်မှုတွေကို  အလုပ်သမားတွေ နေ့စဥ်ခံစားနေရပါတယ်။

လုပ်ငန်းရှင်တွေဘက်ကခန့်အပ်ထားတဲ့ လုပ်ငန်းရှင်ရဲ့မျက်နှာတခုထဲ ငွေမျက်နှာတခုထဲကိုကြည့်ပြီးရပ်တည်နေကြတဲ့မြန်မာအမျိုးသမီးအောစူပါ၊စူပါ၊လီတာတွေကတောင်းထားတဲ့အထည်စံချိန်မပြည့်မီတဲ့အခါ နားမခံနိုင်ကြမ်းတမ်းတဲ့စကားလုံးခပ်ရိုင်းရိုင်းတွေကိုသုံးနှုန်းပြီးဆဲဆိုကြတာပဲဖြစ်ပါတယ်။ 

" OTကလည်းညတိုင်း ၁၁ နာရီ ၁၂ နာရီထိခေါ်တယ်အဲဒီအချိန်ကအိမ်ကိုလည်းပြန်မရစက်ရုံထဲမှာပဲဖြစ်သလိုအိပ်ကြရတယ်မနက်စောစောကျတော့အိမ်ကိုပြန်ရေမိုးချိုးပြီးအလုပ်ချိန်အမှီပြန်ဝင်ရတယ်OTကအပတ်တိုင်းဆင်းရတယ် OTကြေးမရဘဲ ဆင်းပေးရတဲ့ရက်တွေကတပတ်ကို ၃ ရက်လောက်ရှိတယ် OT ကညတိုင်းခေါ်တာနေ့တိုင်းကြတော့ပင်ပန်းတော့မဆင်းနိုင်လို့ခွင့်တိုင်တဲ့အခါနောက်နေ့ကြ အလုပ်လာဆင်းစရာမလိုတော့ဘူးဆိုပြီးပြောတယ်ခိုင်းတာတွေကပက်စက်တယ်(ရေသောက်သွားတာအိမ်သာသွားတာ)တောင်မကြိုက်ချင်ကြဘူး နှစ်ယောက်စာလုပ်ရတဲ့အလုပ်တွေကိုတစ်ယောက်ထဲခိုင်းတယ်စက်ရုံတွေကစစ်အာဏာသိမ်းလိုက်တာသူတို့လုပ်ငန်းရှင်တွေအကြိုက်ဖြစ်နေတယ်သူတို့ခေတ်ရောက်နေတယ်ဆိုတော့လုပ်ချင်တိုင်းလုပ်ဆဲချင်တိုင်းဆဲဆိုပြီးအလုပ်ကိုခိုင်းနေတယ်"လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။

အခုလို အဖိနှိပ်ခံအချင်းချင်းကြားထဲက အထက်အောက်ဖိနှိပ်မှုစနစ်ကြီးရှိနေတာတွေက အခြားလုပ်ငန်းခွင်တွေနဲ့နှိုင်းယှဥ်ကြည့်ရင်အထည်ချုပ်လုပ်ငန်းခွင်တွေကအဆိုးဆုံးအခြေအနေဖြစ်နေတယ်လို့လည်း သိရပါတယ်။ 

" လုပ်ငန်းခွင်တွေထဲအရင်ထဲကဖိနှိပ်မှု့ယန္တရားကရှိနေတယ် အဆင့်ဆင့်ဖိနှိပ်မှု့တွေကသဘောတရားအရလက်ဆင့်ကမ်းလာတယ် အလုပ်သမားတွေဆီကလုပ်အားခေါင်းပုံဖြတ်ရမယ်လုပ်အားညှစ်ထုတ်ရမယ်ရာထူး၊ ပါဝါ၊ အာဏာရှိရင်ဖိနှိပ်လို့ရတယ်ဆိုတဲ့လက်ဆင့်ကမ်းအရင်းရှင်စနစ်က စက်ရုံအလုပ်ရုံလုပ်ငန်းခွင်တွေထဲပုံသေကားချပ်တခုသဖွယ်ကျင့်သုံးနေကြတယ်"လို့ အလုပ်သမားရေးကူညီဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။ 

ဒါ့အပြင်အမျိုးသမီးအလုပ်သမားတွေအပေါ်မှာလည်း လိင်ကွဲပြားမှုကိုအခြေခံပြီးခွဲခြားဆက်ဆံခံရမှုတွေရဲ့နောက်ဆက်တွဲအကြမ်းဖက်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေကလူအသိုင်းအဝိုင်းထဲလူအဖွဲ့အစည်းကြီးထဲမှတဆင့်နေ့စဥ်လုပ်ငန်းခွင်တွေအထိစိမ့်ဝင်ပျံ့နှံ့နေပါတယ်။

ဒီနွေဦးတော်လှန်ရေးမှာအာဏာရှင်မှန်သမျှကိုတိုက်ထုတ်ရင်းအတူ လိင်အခြေပြုဖိနှိပ်မှုတွေကိုလည်းတပါးထဲ အမြစ်ပြတ်တိုက်ထုတ်သင့်တယ်လို့လည်း အလုပ်သမား အရေး လှုပ်ရှားသူတွေက တိုက်တွန်းပြောဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေအနက် အတင်းအဓ္ဓမ အချိန်ပိုဆင်းပေးရခြင်းနဲ့ အလုပ်ထုတ်ခံရခြင်း၊  လုပ်အားခေါင်းပုံဖြတ်ခံရခြင်းတွေ ပိုမိုများပြားလာတယ်လို့သိရပါတယ်။ 

စက်ရုံအများစုက အလုပ်သမားတွေဟာ လူမှုဖူလူံရေးခံစားခွင့်တွေလည်းမရသလို ခွင့်ရက်နဲ့ကျန်းမာရေးခံစားခွင့်တွေလည်းမရရှိတော့ဘူးလို့သိရပါတယ်။ 

ဆေးခွင့်နဲ့လုပ်သက်ခွင့် ရယူရာမှာလည်း ​အခက်အခဲနဲ့ဆဲဆိုခံရတာတွေအပြင် လုပ်သက်ခွင့်အပေါ်ငွေကြေးပိုင်းဖြတ်ပေးတာတွေကို ပြုလုပ်လာကြတယ်လို့ သိရပါတယ်။

ဒါ့အပြင်အလုပ်ရှင်တွေက အလုပ်သမားတွေအပေါ် အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်မှုတွေအစား နေ့စားလရှင်းဝန်ထမ်းအဖြစ်နဲ့သာခန့်အပ်ပြီး ပိတ်ရက်မပေးတာ  ဒေးကြေး ၄၈၀၀ ကျပ်အစား ၃၆၀၀ ကျပ်နဲ့သာ ခိုင်းစေမှုတွေပြုလုပ်လာကြတာပါ။ 

နေ့စားအဖြစ်ခန့်ပြီး လခပေးရှင်းနေတာဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေခြင်းဖြစ်ပြီး အလုပ်သမားခံစားခွင့်တွေဖြစ်တဲ့ပိတ်ရက်မရခြင်း၊ အစိုးရရုံးပိတ်ရက်တွေမှာ လခမရရှိခြင်း၊ အချိန်ပိုကြေးလည်းမရသလို ကျွမ်းကျင်ကြေး၊ ရက်မှန်ကြေး၊  လုပ်သက်ကြေးနဲ့ ဆုကြေးတွေလည်း ခံစားခွင့်တွေဆုံးရှုံးလာကြတာပဲဖြစ်ပါတယ်။ 

အဲလိုအလုပ်သမားအခွင့်အရေးတွေ အဖက်ဖက်ကဆုံးရှုံးမှုတွေခံလာရတာကြောင့် တောင်းဆိုမှုတွေပြုလုပ်လာခဲ့ရာ  အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုကြောင့် စက်ရုံတွင်းတောင်းဆိုမှုပြုလုပ်ရာမှ  အလုပ်သမားအရေး လှုပ်ရှားသူတွေအပါ အဝင် ၁၀ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့ဇွန်လ ၁၄ ရက်တုန်းက ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်က SUN Apparel Myanmar Co. Ltd က အလုပ်သမားတွေဟာ လုပ်ခလစာတိုးပေးဖို့တောင်းဆိုခဲ့ရာက ဦးဆောင်တဲ့အလုပ်သမားနှစ်ဦးကို စစ်တပ်ကဖမ်းဆီးခဲ့သလို JAKO နဲ့ ZARA အတွက် အဝတ်အထည်တွေ ချုပ်လုပ်ပေးနေတဲ့ စက်ရုံတွေက ဝန်ထမ်းတွေ အပါအဝင် အလုပ်သမား  တွေကို စစ်တပ်က ဖမ်းဆီးခဲ့တဲ့နောက် SUN Apparel Myanmar စက်ရုံက JAKO နဲ့ချိတ်ဆက်ပြီး အဝတ်အထည်တွေ ချုပ်လုပ်နေတာဖြစ်ရာ  ကုမ္ပဏီရဲ့ ဝန်ထမ်းနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာကို ဆန့်ကျင် တုံ့ပြန်တဲ့ အနေနဲ့ JAKO က မြန်မာနိုင်ငံ အခြေစိုက် လုပ်ငန်းတွေကိုရပ်ဆိုင်းဖို့ပြင်ဆင်တာဖြစ်သလို လတ်တလောမှာတော့   အဆိုပါစက်ရုံကိုအော်ဒါငါးဆယ်ရာခိုင်နှုန်း လျှော့ချပေးမယ်လို့လည်း  သိရပါတယ်။  

လှိုင်သာယာ စက်မှုဇုန်ထဲက နောက်ထပ် အလုပ်သမား ၁၂ ဦးကတော့ စစ်ခုံရုံးကနေတဆင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံထားရတယ်လို့  သိရပါတယ်။  အလုပ်သမားတွေကို တိတ်တဆိတ် ဖမ်းဆီးပြီး အကျဥ်းကျခံ နေရတဲ့ ဒီဖြစ်စဥ်ကိုတော့ Myanmar Labour News က ထပ်မံစုံစမ်းနေဆဲဖြစ်ပါတယ်။ 

ရန်ကုန်မှာ အထည်ချုပ်စက်ရုံ ဝန်ထမ်းတွေက လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဇွန်လကုန်မှာ အာဏာသိမ်း စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့နောက် JAKO နည်းတူ စပိန်ရဲ့ အထင်ကရ ဖက်ရှင် ကုမ္ပဏီကြီးဖြစ်တဲ့ ZARA လည်း သူတို့ရဲ့ ထုတ်လုပ်ရေး လက်တွဲဖော် ကုမ္ပဏီဖြစ်တဲ့ Inditexနဲ့အတူ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းမှုတွေ ရပ်နားတော့မယ်လို့ ကြေညာခဲ့တယ်လို့လည်း ပြည်တွင်းသတင်းတွေဖော်ပြချက်အရ သိရပါတယ်။

အလုပ်သမားဦးဆောင်သူတွေနဲ့ အလုပ်သမားတွေကိုကူညီပေးသူတွေအပေါ် ဖမ်းဆီးလာတာတွေကို စစ်ကောင်စီကပြုလုပ်ခဲ့လို့ အလုပ်သမားတစ်ဦးက"ဒါကတော့ရှင်းရှင်းလေးပဲ  ထပ်ပြီးဖိနှိပ်ခံရတော့မယ်။ အလုပ်သမားတွေကိုကူညီပေးနေသူတွေကိုဖမ်းတယ်ဆိုတော့ အလုပ်သမားတွေရဲ့မီခိုအားကိုးရာကဒါပဲရှိတာ။ ဒါပဲရှိတဲ့ဟာကိုဒီလိုလုပ်လိုက်ပြီဆိုမှတော့  ဖိနှိပ်ချုပ်ချယ်မှုတွေအောက်မှာပဲ ရှင်သန်နေရအုံးမှာပဲ ရုန်းကန်နေရအုံးမှာပဲ"လို့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။ 

အဲဒီလိုအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရလို့ စက်ရုံတွင်းတောင်းဆိုမှုပြုလုပ် ဖမ်းဆီးခံခဲ့ရတာတွေကြောင့် အလုပ်သမားအများစုက တောင်းဆိုမှုတွေမလုပ်ရဲတော့သလို အကူညီတောင်းခံခြင်းနဲ့ ထုတ်ဖော်ပြောဆိုမှုတွေကိုပါ ရပ်တန့်သွားခဲ့တာဖြစ်တယ်လို့ အလုပ်သမားထုရဲ့အခွင့်အရေးတွေလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကို တားဆီးပိတ်ပင်လိုက်တာလို့လည်း ဆိုပါတယ်။ 

အာဏာသိမ်းပြီးနောက်မှာတော့  ပြည်တွင်းမှာ ရင်းနှီးမြုပ်နှံထားတဲ့ အထည်ချုပ် လုပ်ငန်းတွေအပါအဝင် အခြားလုပ်ငန်းလုပ်ကိုင်သူတွေ​ဖြစ်တဲ့ ဘရမ်းတွေကပါ မြန်မာနိုင်ငံက အလုပ်သမားတွေအပေါ်လူ့အခွင့်ရေး ချိုးဖောက်မှုနဲ့ တရားဥပဒေစိုးမိုးမှု ပျက်ယွင်းလာတာကြောင့် မြန်မာနိုင်ငံကနေတစ်ဖြည်းဖြည်း ထွက်ခွာလာတာလည်း​ တွေ့ရပါတယ်။

စစ်ကောင်စီက စက်ရုံအလုပ်သမားတွေကို ပြီးခဲ့တဲ့လထဲကဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာကြောင့် အလုပ်အပ်နှံထားတဲ့ ဘရမ်းတွေဖြစ်တဲ့ JAKOနဲ့ ZARA က မြန်မာနိုင်ငံကနေထွက်ခွာဖို့ပြင်ဆင်နေတယ်လို့  သိရှိရပါတယ်။ 

“စက်ရုံကအလုပ်သမားတွေဖမ်းခံရလို့ ထွက်ခွာတယ်ဆိုတာက ထွက်မယ်လို့ပြောတာပါ။ ထွက်မထွက်ကစောင့်ကြည့်ရအုန်းမှာပါ။ အလုပ်သမားတွေဖမ်းဆီးခံရတာနဲ့သက်ဆိုတယ်ဆိုတာ ဟုတ်ပါတယ်။ လက်ရှိကတော့ အော်ဒါကို ၅၀ ရာခိုင်နှုန်းရှော့ချသွားမယ်ပြောတယ်။ ဒါကလည်းစောင့်ကြည့်ရအုန်းမှာပါ”လို့  အလုပ်သမားရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဆိုပါတယ်။ 

အာဏာသိမ်း စစ်တပ်ကပြီးခဲ့တဲ့လကလုပ်ခလစာတိုးမြှင့်ပေးဖို့စက်ရုံအတွင်းတောင်းဆိုခဲ့တဲ့ အလုပ်သမား ၂ ဦးကို စတင်ဖမ်းဆီးခဲ့ပြီး  ကျန် အလုပ်သမားတွေကို ဖိနှိပ် ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် အဲ့ဒီစက်ရုံတွေမှာအော်ဒါချပေးတဲ့ ဘရမ်းများဖြစ်တဲ့ ဂျာမန် အားကစား ဝတ်စုံ လုပ်ငန်းစုကြီး JAKO နဲ့ စပိန် ဖက်ရှင် ကုမ္ပဏီ ZARA တို့က  မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး စီးပွားရေး လုပ်ငန်း ဆောင်ရွက်နေမှုတွေကို ရပ်နားဖို့ ပြင်ဆင်နေတာလို့ သိရပါတယ်။  

#MyanmarLabourNews


Related posts

Cover
အကျဉ်းစံတို့ရဲ့ ဘဝများ
May 15, 2024
Cover
အရွယ်ကောင်းအမျိုးသားတွေရဲ့ ဘဝကို ချုပ်ကိုင်ချယ်လှယ်လာတဲ့ စစ်ကောင်စီ
May 08, 2024
Cover
ချောက်ရေနံမြေက အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အခြေအနေများ
May 07, 2024
Cover
နေ့စားခ ကျပ်တစ်သောင်း လွန်ဆွဲပွဲ
May 06, 2024
Cover
"ဒီလောက်ထိ ဒုက္ခတွေကို  ကြံ့ကြံခံနေနိုင်တဲ့အတွက် အလုပ်သမားတွေကို အံ့လဲ ဩတယ် ဂုဏ်လဲယူပါတယ်"
May 05, 2024
Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024