ARTICLE

စစ်ကောင်စီလက်ထက် အလုပ်သမားတောင်းဆိုမှုတွေကိုဖိနှိပ်တဲ့နည်းနဲ့ဖြေရှင်းလာ

CoverLogo
788 Views

ဒီမိုကရေစီ အစိုးရအုပ်ချုပ်တဲ့ကာလတွေမှာ အလုပ်သမားအခွင့်အရေးအတွက် စက်ရုံမျက်နှာစာရှေ့မှာ အဖီထိုးနေပြီး ဆန္ဒပြတောင်းဆိုတာ၊ ရန်ကုန်မြို့လည်ခေါင်မှာ ဆန္ဒပြတာတွေဟာ သာမန်ရိုးကျဖြစ်စဉ်တွေသာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်အာဏာရှင်အုပ်ချုပ်ချိန်မှာတော့ အလုပ်သမားအခွင့်အရေးအတွက် တောင်းဆိုတာဟာ အလုပ်ရှင်နဲ့မဟုတ်ဘဲ စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခြေအနေ ဖြစ်လာပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်ရှင်တွေက အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေ၊ ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်နေတာတွေက စက်ရုံတိုင်းမှာဖြစ်နေပါတယ်။

ဒီအခြေအနေမှာ အလုပ်သမားတွေက ဥပဒေပါရပိုင်ခွင့်တွေ တောင်းဆိုတဲ့အခါ အလုပ်ထုတ်ခံရတာ၊ စစ်တပ်ခေါ်ယူပြီး ခြိမ်းခြောက်ခံရတာတွေလည်း ဖြစ်လာပါတယ်။

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ Hosheng Myanmar (ဟိုစိမ့်မြန်မာ) အထည်ချုပ်စက်ရုံရဲ့ ဖြစ်စဉ်ကလည်း ပြည်တွင်းကအလုပ်သမားတွေ လတ်တလောတွေ့ကြုံနေရတဲ့ အခြေအနေကို ထင်ဟပ်စေပါတယ်။

လက်ရှိမှာတော့ သတင်းမီဒီယာတွေ၊ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဟိုစိမ့်မြန်မာအထည်ချုပ်စက်ရုံနဲ့ပတ်သက်ပြီး အာရုံစိုက်နေပေမယ့် စစ်အာဏာရှင်ရဲ့ လောင်းရိပ်အောက်မှာလည်ပတ်နေတဲ့ အလုပ်သမားဝန်ကြီးဌာနကတော့ ဒီအခြေအနေကို ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာ မရှိသေးပါဘူး။

ဟိုစိမ့်မြန်မာအထည်ချုပ်စက်ရုံဟာ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီးတော့ တရုတ်နိုင်ငံသား ပိုင်ဆိုင်တာပါ။

စက်ရုံဟာ နိုင်ငံတကာအမှတ်တံဆိပ်တွေဖြစ်တဲ့ ZERA၊  Inditex စတဲ့တံဆိပ်တွေကို ချုပ်လုပ်နေတာဖြစ်ပြီး လုပ်သားအင်အား (၆၀၀)ကျော်နဲ့ လုပ်ငန်းလည်ပတ်ခဲ့တာပါ။

လုပ်ငန်းလည်ပတ်နေတဲ့ ကာလတွေမှာ အလုပ်ရှင်၊ အလုပ်သမား ပြန်လည်ညှိနှိုင်းရမယ့် အခြေအနေတွေရှိလာတာကြောင့် အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

ညှိနှိုင်းတာတွေကို ၂၀၂၃ ခုနှစ် မတ်လတွင်းမှာ လုပ်ဆောင်ခဲ့ပြီးတော့ စက်ရုံရဲ့အလုပ်သမားသမဂ္ဂခေါင်းဆောင် (၇)ဦးက ဦးဆောင်လုပ်ဆောင်ခဲ့တာပါ။

ဆွေးနွေးရာမှာ ဥပဒေပါ ခွင့်ရက်တွေကို ခံစားခွင့်ပေးဖို့၊ လုပ်ငန်းခွင်တွင်း က လိုအပ်ချက်တွေ၊ ကျန်းမာရေးအတွက် ဆေးဝါးနဲ့ သူနာပြု လိုအပ်ချက်တွေ၊ ရက်မှန်ကြေး၊ လုပ်သက်နှစ်ကြေး အပါအဝင် အချက်(၂၂)ကို ဆွေးနွေးခဲ့တာပဲ ဖြစ်ပါတယ်။

အလုပ်ရှင်၊ အလုပ်သမား ဆွေးနွေးခဲ့တဲ့ရလဒ်တွေကိုလည်း သမဂ္ဂရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီးမကြာခင်မှာပဲ ဦးဆောင်ခဲ့တဲ့ သမဂ္ဂခေါင်းဆောင် (၇)ဦးကို စက်ရုံတွင်း သွေးထိုး လှုံဆော်တာတွေ၊ စက်ရုံမှူးကို ခြိမ်းခြောက်ပြောဆိုတာတွေနဲ့ ကုန်ထုတ်စွမ်းအား ကျဆင်းစေဖို့ ရည်ရွယ်လုပ် ဆောင်တာတွေ စတဲ့အကြောင်းပြချက်တွေနဲ့ ဇွန်လကစတင်ပြီး အလုပ်ထုတ်တယ်လို့ စာထုတ်ပြန်ခဲ့ပါတယ်။

"ကျွန်တော်ဘာအမှားမှလည်းမလုပ်ထားဘူး။ စက်ရုံထဲမှာ ဘာဝမ်တိမ်မှလည်းမထိုးထားဘူး။ စက်ရုံဖွင့်ထားတာဆို လေးနှစ်ကျော်သွားပြီ။ ကျွန်တော်ဘာအမှားမှမလုပ်ထားဘဲ အကြောင်းမဲ့ အလုပ်ထုတ်ထားတော့ ကျွန်တော်သိချင်တာဘာကြောင့်လဲ ဘာအမှားကြောင့်လဲ အဲ့ဒါကိုဖြေရှင်းချက်တောင်းတာ ခုထိလည်းဖြေရှင်းချက်မရသေးဘူး" လို့ အလုပ်ထုတ်ခံလိုက်ရတဲ့ သမဂ္ဂခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။

အကြောင်းပြချက် မခိုင်လုံဘဲ သမဂ္ဂခေါင်းဆောင် (၇)ဦးကို အလုပ်ကထုတ်ပယ်ခဲ့တာကြောင့် စက်ရုံလုပ်သား (၆၀၀)ကျော်ဟာ ဇွန်လ(၁၂)ရက်ကစတင်ပြီး ဆန္ဒပြတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဆန္ဒပြအလုပ်သမားတွေကို ထိန်းသိမ်းနိုင်ဖို့ အလုပ်ရှင်က စစ်တပ်ကိုခေါ်ယူပြီး  ခြိမ်းခြောက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဇွန်လ(၁၄)ရက်နေ့က သမဂ္ဂခေါင်းဆောင်တွေဟာ ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှာ သွားရောက်ညှိနှိုင်းခဲ့ပြီး အပြန်မှာ သမဂ္ဂအတွင်းရေးမှူး အမျိုးသမီးကို ဖမ်းစီးထိန်းသိမ်းခဲ့ပြီး စစ်ကြောရေးကို ပို့ဆောင်ခဲ့တယ်လို့ သိရှိရပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ စက်ရုံဘက်က စစ်တပ်နဲ့ရဲတွေကိုခေါ်ယူပြီး လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ဖို့ ဖိအားပေးတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး စက်ရုံတွင်းမှာ မေးမြန်းမှုတွေ ဆက်လက်လုပ်ဆောင်ကာ စွပ်စွဲထုတ်ပယ်တာတွေ ရှိနေသလို ဝန်ထမ်းတချို့ကိုလည်း သတိပေးလက်မှတ်ထိုးခိုင်းတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“ကျွန်တော့်ကို အထည်ထည့်တာ ပိုသွားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သုံးကြိမ်မြောက် ဝမ်တိန်ထိုးခိုင်းတယ်။ နောက်ပြီး စက်ရုံထဲဆူပူအောင် လုပ်လို့ဆိုပြီး နောက်တစ်ကြိမ် ထပ်ထိုးခိုင်းတယ်။ ကျွန်တော် ဝန်ထမ်းကတ်ကိုလည်း တစ်ခါတည်း သိမ်းလိုက်တယ်”လို့  ၈ ယောက် မြောက်အလုပ်ထုတ်ခံရတဲ့ 
အလုပ်သမားက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားများ အဖွဲ့ချုပ်က အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကို တင်ပြခဲ့ပြီး စစ်ကောင်စီလက်ထက်မှာ သမဂ္ဂခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူတွေကို ဖမ်းဆီးနှိပ်စက်တာတွေနဲ့ စက်ရုံ၊ အလုပ်ရုံတွေ က အလုပ်သမားတွေရဲ့ အခွင့်အရေးကို မကာကွယ်ပေးနိုင်တဲ့ အခြေအနေတွေကိုလည်း ထည့်သွင်းဖော်ပြခဲ့ပါ တယ်။

သမဂ္ဂခေါင်းဆောင်တစ်ဦးကိုဖမ်းစီးတာတွေလုပ်ဆောင်ပြီး နောက်ရက်တွေမှာလည်းကျန်ရှိတဲ့ သမဂ္ဂခေါင်း ဆောင် (၅)ဦးနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူ (၂)ဦးကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဟိုစိမ့်မြန်မာ အထည်ချုပ်စက်ရုံတောင်းဆိုမှုနဲ့ ပတ်သက်ပြီး ( ၈ )ဦးအထိ ဖမ်းဆီးခံထားရတယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ထပ်မံပြီးတော့ လည်း  JAKO အမှတ်တံဆိပ် ချုပ်လုပ်နေတဲ့ Sun Apparel Myanmar အထည်ချုပ်စက်ရုံမှာလည်း အလုပ်သမားတွေဟာ ဇွန်လ ၆ ရက်က ဒေးကြေး ၁၂၀၀ ကျပ်နဲ့ ရက်မှန်ကြေး ကျပ်နှစ်သောင်း တိုးမြှင့်ပေးဖို့ ၊ လုပ်ငန်းခွင်ထိခိုက်မှုတွေကို အကာအကွယ်ပေးဖို့၊ သောက်ရေမသန့်ရှင်းမှု ကို စီစဉ်ပေးဖို့ ၊ လျှောက်လမ်းတွေကို အမိုးလုံအောင်ပြုပြင်ပေးဖို့ ၊ ထမင်းစားဆောင်သီးသန့်ပေးဖို့ အပါအဝင် အချက် ၂၅ ချက်ကို အလုပ်သမား ၄၀၀ ကျော်ကတောင်းဆိုခဲ့ပြီးနောက် အလုပ်သမား ခေါင်းဆောင် မသီတာဝင်း နှင့် ကိုလှိုင်ဝင်းထက် တို့ဖမ်းဆီးခံခဲ့ရပါတယ်။

ခုလိုဖမ်းဆီးခံထားရတဲ့ အလုပ်သမားခေါင်းဆောင်တွေ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးပါဘူး။

အခုလို ဥပဒေမဲ့ဖမ်းဆီးနေတာတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးကလည်း ဖမ်းဆီးခံထားရ သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့၊ လုပ်ငန်းခွင် အခြေအနေတွေကို ညှိနှိုင်းပေးနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အလုပ်ပြန်လည် ခန့်ထားပေးဖို့၊ လုပ်ငန်းခွင်ဆိုင်ရာ အခြေခံစည်းမျဉ်းတွေ၊ ရပိုင်ခွင့်ဆိုင်ရာတွေကို ILO ကြေညာစာတမ်းနဲ့အညီ ဆောင်ရွက်ပေးဖို့တောင်းဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ပြည်တွင်းမှာ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့ အလုပ်သမားဥပဒေတွေ အမှန်တကယ် အသက်ဝင်လာဖို့ နိုင်ငံတကာကအဖွဲ့အစည်းကပါ တောင်းဆိုမှု လုပ်လာရတာပဲဖြစ်ပါတယ်။

ဒါဟာစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားဥပဒေနဲ့ စစ်တပ်ရဲ့လုပ်ပိုင်ခွင့် အားပြိုင်လွန်ဆွဲမှုဟာ ဟိုစိမ့်မြန်မာ အထည်ချုပ်စက်ရုံရဲ့ တောင်းဆိုမှုမှာ စတင်ထင်ရှားလာတာပဲ ဖြစ်ပါတယ်။

စစ်တပ်ဘက်က တာဝန်ရှိသူတွေက ဆန္ဒပြအလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား ညှိနှိုင်းပေးစဉ်ကလည်း စစ်အုပ်ချုပ်ရေးမှာ သမဂ္ဂမရှိကြောင်း ပြောဆိုတာတွေ၊ ခြိမ်းခြောက်တာတွေလည်း ရှိခဲ့ပါတယ်။

ဒါဟာလည်း ပြဋ္ဌာန်းထားပြီးဖြစ်တဲ့ အလုပ်သမား အဖွဲ့အစည်းဥပဒေကို ပြက်ရယ်ပြုနေသလို ဖြစ်နေပါတယ်။

လက်ရှိချိန်မှာ ပြည်တွင်းက အလုပ်သမားတွေဟာ ဥပဒေပါအခွင့်အရေးအတွက်တောင်းဆိုချိန်တိုင်း သူတို့ညှိနှိုင်း ရတာက အလုပ်သမားဝန်ကြီးဌာန မဟုတ်တော့တဲ့အခြေအနေ ဖြစ်နေပါတယ်။

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးယန္တရားကလည်း စစ်အာဏာရှင်လက်ထက်မှာ ရပ်တန့်တော့မလား မေးခွန်းထုတ်ရတော့ မှာပါ။

ဟိုစိမ့်မြန်မာ အလုပ်သမားတွေဖြစ်စဉ်နဲ့ ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာန လုပ်ငန်းစဉ်နဲ့ပတ်သက်လို့  ဒီကနေ့ထိ ဘာမှမထုတ်ပြန်သေးတာကြောင့် ပြဋ္ဌာန်းထားတဲ့ အလုပ်သမားဥပဒေတွေကလည်း အသက်မဝင်တော့သလို ဖြစ်နေပါပြီ။

လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်၊ ဥပဒေပါရပိုင်ခွင့်တွေ ပျောက်ဆုံးနေတဲ့ စစ်အာဏာရှင်လက်ထက်မှာ အလုပ်သမားဝန်ကြီးဌာနကိုအားကိုးပြီး အလုပ်သမားပြဿနာတွေကို ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်တဲ့အခြေအနေပါ။  

Myanmar Labour News ကရရှိထားတဲ့အချက်အလက်တွေအရ အခုလို အလုပ်သမားအခွင့်အရေးချိုးဖောက်နေတဲ့ စက်ရုံ အလုပ်ရုံအများစုဟာ နိုင်ငံတကာအမှတ်တံဆိပ်တွေ ချုပ်လုပ်နေတဲ့ စက်ရုံတွေဖြစ်ပြီး တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ  ပေါ်ပေါ်ထင်ထင် ချိုးဖောက်မှုတွေဖြစ်ပွားနေတာပါ။

ဒီအခြေအနေကို နိုင်ငံတကာက Buyer တွေဘက်ကလည်း သိရှိပြီးတော့ လုပ်ငန်းရှင်တွေကို ပြန်လည်ဖိအားပေးတာတွေ လုပ်ဆောင်ပေးဖို့ လိုနေပါတယ်။

ပြဋ္ဌာန်းထားတဲ့ အလုပ်သမားဥပဒေတွေကိုမလိုက်နာတဲ့ စက်ရုံတွေကို အထည်အော်ဒါမပေးတာ၊ ပစ္စည်းဝယ်ယူမှု ရပ်တန့်တာတွေ လုပ်ဆောင်မှသာ လုပ်ငန်းရှင်ကို ပြန်လည်ထိန်းချုပ်နိုင်မယ့် အခြေအနေဖြစ်နေပါတယ်။

စစ်အာဏာရှင်လက်ထက်မှာ ပြဋ္ဌာန်းထားတဲ့ဥပဒေထက် စီးပွားရေးအရ ဒဏ်ခတ်မှုလုပ်မှသာ အလုပ်သမားအခွင့်အရေးကို ကာကွယ်နိုင်မှာဖြစ်တဲ့အကြောင်း ဟိုစိမ့်(မြန်မာ) Hosheng Myanmar အထည်ချုပ်စက်ရုံနဲ့ SUN APPAREL  အထည်ချုပ် စက်ရုံ ဖြစ်စဉ်က မီးမောင်းထိုးပြနေပါတယ်။

#MyanmarLabourNews


Related posts

Cover
အကျဉ်းစံတို့ရဲ့ ဘဝများ
May 15, 2024
Cover
အရွယ်ကောင်းအမျိုးသားတွေရဲ့ ဘဝကို ချုပ်ကိုင်ချယ်လှယ်လာတဲ့ စစ်ကောင်စီ
May 08, 2024
Cover
ချောက်ရေနံမြေက အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အခြေအနေများ
May 07, 2024
Cover
နေ့စားခ ကျပ်တစ်သောင်း လွန်ဆွဲပွဲ
May 06, 2024
Cover
"ဒီလောက်ထိ ဒုက္ခတွေကို  ကြံ့ကြံခံနေနိုင်တဲ့အတွက် အလုပ်သမားတွေကို အံ့လဲ ဩတယ် ဂုဏ်လဲယူပါတယ်"
May 05, 2024
Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024