ARTICLE

ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း

CoverLogo
582 Views

မတ်လ ၈ ရက်
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ 

၁၀ မိနစ် မရှိတရှိခရီး ဆိုင်ကယ်စီးရတာကပဲ  သူ့အတွက် တောင်တလုံး တက်ရသလို ခက်ခဲနေပါတယ်။ ခန္ဓာကိုယ် မတ်မတ် မထားနိုင်လောက် မူးဝေနေပြီး ဆေးခန်းကို မြန်မြန်ရောက် ချင်နေပါပြီ ။ ခုံတလုံးပေါ် အမြန်ထိုင် လှဲချ လိုက်ဖို့ပဲ သူ စိတ်စောနေပါတယ်။ ခန္ဓာကိုယ်တခုလုံး မသယ်ချင်လောက် ခံစားနေရပြီး ခပ်ကွေးကွေးလေးသာ မှေးနေချင် မိတာပါ။  သူအတွက် မတ်မတ်ရပ်ဖို့ ခက်ခဲတဲ့ အခြေအနေမို့ပါ ။ ခန္ဓာကိုယ် အောက်ပိုင်းက စိုစွတ်သထက် ပိုပြီပြီး  ရွှဲစိုနေလို့ ဆိုင်ကယ်မောင်းပို့သူကို သူအားနာ မိနေပါတယ်။ 

“ ဆိုင်ကယ်ပေါ်က ဆင်းတော့ သွေးအများကြီး ပေနေပြီ။” လို့ မနန္ဒာလှိုင် ပြောပြပါတယ်။ 
မနန္ဒာလှိုင် ကိုယ်ဝန်ပျက်ကျပြီး ဆေးခန်းကို ကိုယ်တိုင်သွားရောက်ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောပြနေတာပါ ။

အဖြစ်အပျက်တွေ ရဲ့ အစ

ကိုယ်ဝန်ပျက်ကျတဲ့နေ့က အောက်တိုဘာ  ၁၇ ရက် ။ ဒီလို့ ဖြစ်မယ်မထင်ထားမိလို့ လုပ်ငန်းခွင်ဆီ သူ သွားခဲ့ တာပါ။ မနက်ပိုင်း အလုပ်သွားတဲ့ အချိန်မှာ သွေးနည်းနည်းဆင်းနေတာက လွဲလို့ သူ ဘာမှမဖြစ်ခဲ့။  အဲဒီနေ့ အတွက် ဖုန်းဆက် ခွင့်တိုင်ခဲ့ပေမဲ့  ရက်ပျက်တယ်ဆိုပြီး အလုပ်ပြုတ်မှာလည်း စိုးရိမ်မိတာနဲ့ နေထိုင်ရာ ငှက်ပျောတောရွာကနေ  ကယ်ရီနဲ့ဆို ၁၀ မိနစ်ဝန်းကျင်သွားရတဲ့ စက်ရုံရှိရာ အုန်းနှဲကုန်းဆီ သူလာခဲ့ပါတယ်။

မနန္ဒာလှိုင် အလုပ်လုပ်နေတဲ့ New Talent Garment  အထည်ချုပ်စက်ရုံက လှည်းကူးမြို့အနီး အုန်းနှဲကုန်းရွာမှာ  လုပ်သား ၁၀၀၀ ဝန်းကျင်နဲ့  We Fashion ၊ O’NEILL  စတဲ့ တံဆိပ်တွေ ချုပ်နေတဲ့ စက်ရုံဖြစ် ပါတယ်။ စက်ရုံမှူး က တရုတ် အမျိုးသား တဦးဖြစ်ပေမဲ့ မန်နေဂျာ ၊ HR မန်နေဂျာ၊ အောစူပါနဲ့ လိုင်းစူပါတွေက အမျိုးသမီး တွေ ဖြစ်ပါတယ်။ 

“ နင် မနေ့ကလည်း ရေကြီးလို့ဆိုပြီး အလုပ်မလာခဲ့ဘူး။ မဖြစ်မနေလာရမယ်ဆို ပြီး အောစူပါက ပြောခဲ့တာပါ” လို့ မနန္ဒာလှိုင်က ပြောပါတယ်။ 

၂၀၂၃ အောက်တိုဘာလမှာ ပဲခူးမြစ် ရေကြီးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့တာကြောင့် ပဲခူးမြစ် မြစ်ဝှမ်းက နေရာအတော်များများ ရေလွှမ်းခံခဲ့ရပါတယ်။ ပဲခူးမြစ် အနီးနားက ကျေးရွာတွေမှာ ရေကြီး နစ်မြှုပ်တာတွေ ကြုံတွေ့ရပြီး ရန်ကုန်မြို့က ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ကူညီရတဲ့အထိ ဖြစ်ပွားခဲ့ ပါတယ်။ ဒီလို ရေကြီးနစ်မြှုပ်ခံရတဲ့ ဒေသတွေထဲမှာ မနန္ဒာလှိုင်နေထိုင်တဲ့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ငှက်ပျောတော ကျေးရွာလည်း ပါခဲ့ပါတယ်။  

သမီးဖြစ်သူ တက်ရောက်နေတဲ့ ကျောင်းနဲ့ နေအိမ်ထဲ အထိရေဝင်နေလို့ အသက် ၄ နှစ်အရွယ် သမီးနဲ့အတူ ဘုန်းကြီးကျောင်းမှာ နေထိုင်နေရတဲ့ အချိန်မှာ ကလေးတယောက်တည်း မထားခဲ့လိုတာကြောင့် အောက်တိုဘာ ၁၆ ရက်မှာ လုပ်ငန်းခွင် မသွားဘဲ ခွင့်တိုင်ခဲ့ပါတယ်။ 

“ရေတွေနဲ့ ကလေးနဲ့ဆိုတော့ စိတ်မချဖြစ်နေတာ။ အဲ့မှာ ချော်လှဲသလို ဖြစ်ခဲ့ပြီး သွေးက နည်းနည်းဆင်း နေတာ တာ” လို့ ပြောပါတယ်။

ကမ္ဘာပျက်တဲ့ နေ့ 

အောက်တိုဘာ  ၁၇ ရက်ကတော့ သူ့အတွက် ကမ္ဘာတခု ပျက်စီးတဲ့နေ့ပါ ။ 
မနန္ဒာလှိုင် သွေးဆင်းနေတဲ့ အခြေအနေကြောင့် လူမှုဖူလုံရေး ဆေးခန်းရှိတဲ့ လှည်းကူးမြို့မှာ ကိုယ်ဝန် ဓါတ်မှန်ရိုက်ဖို့ ရည်မှန်းထားခဲ့တာပါ။ ဆေးခန်းကလည်း ကိုယ်ဝန်ဓါတ်မှန်အတွက် အင်္ဂါနေ့ တရက်တည်း ဆောင်ရွက်ပေးတာမို့ သွားဖို့ သူစီစဉ်ခဲ့ပါတယ်။

“ လူမှုဖူလုံရေးဆေးခန်းမှာ အာထွာဆောင်း  (ကိုယ်ဝန်အတွက် ဓါတ်မှန်) ရိုက်ဖို့ ကို ခွင့်ယူတာ မရဘူး ။ခွင့် ခဏခဏ ယူတယ်၊ အလုပ် မလုပ်ချင်လို့ အမျိုးမျိုးပြောတယ်ဆိုပြီး ပြောနေမှာ စိုးတာနဲ့ အလုပ်ကို သွားခဲ့တာပါ ။” လို့ မနန္ဒာလှိုင်က ပြောပြပါတယ်။ 

ခွင့်မရတာနဲ့ သူ့ရဲ့ အလုပ် အထည်ချုပ်စက်ရုံဆီ ကြိုဖို့ယာဉ်နဲ့တောင်မဟုတ် ဆိုင်ကယ်ကယ်ရီနဲ့ အလုပ်အချိန် အမီ သွားခဲ့ ပါတယ်။ အလုပ်ဆီရောက်တော့ သူ့ရဲ့ လုပ်ဖောက်ကိုင်ဖက်တွေက အံဩတကြီးမေးတာ ခံရပါတယ်။ 

“ လူပုံက ဘယ်လို ဖြစ်နေတယ်ဆိုတာ ကိုယ်တိုင်မသိဘူး ၊ စက်လိုင်းထဲက အမကြီးတွေက ဘာလို့ အလုပ်လာ တာလဲ မေးတယ်၊ လူက ဘယ်လိုမှ မခံစားရဘူး၊ ဘေးလူကတွေကတော့ ပုံပျက်တာကို သိနေပြီ ထင်ပါတယ်” လို့ ပြောပါတယ်။ 

မနန္ဒာလှိုင်က ထူးထူးခြားခြား မခံစားရဘူး ပြောပေမဲ့ နောက်တစ်နာရီအကြာလောက် အလုပ်လုပ်အပြီးမှာတော့  ခန္ဓာကိုယ် က ပြောင်းပြန် ဖြစ်သွားပါတော့တယ် ။ ဆီးစပ်က စူးစူးပြီး နာကျင်ခံစားလာရသလို စက်ချုပ်နေတဲ့ ခုံပေါ်မှာ မထိုင်နိုင် လောက်အောင် ဖြစ်ပါတယ်။

“ဘေးက အမတွေက စက်ရုံကနေ ပြန်ပြီး ဆေးခန်းပြဖို့ ပြောတယ်။ “ လို့ ပြောပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေပြောသလို  မနန္ဒာလှိုင်ရဲ့ ဆေးခန်းသွားဖို့ လိုင်းစူပါ အမျိုးသမီးကတဆင့် အောစူပါကို ဂိတ်ပတ်စ် (Gate Pass ) ပေးဖို့ကို ပြောဆိုခဲ့ပေမဲ့ မရခဲ့ပါဘူး ။ လိုင်းစူပါက ပြောမပေးသလို သူလည်း အလုပ်ဆက် မလုပ်နိုင်အောင် ဖြစ်လာပါတယ်။

“အဲဒီနေ့က လိုင်းစူပါက ကျွန်မတို့လိုင်းကို ကိုင်တဲ့သူမဟုတ်ဘူး။ ခဏလာ အုပ်ချုပ်တာ။ စက်ရုံမှာ ဂိတ်ပတ်စ် အတွက် အောစူပါကို ပြောရတာက ကျားမြှီး ဆွဲရသလိုပဲ။ မဟုတ်မဟတ်တွေ ပြောဆိုခံရတာဆိုတော့ သူလည်း မပြောချင်ဘူး ထင်ပါတယ်။”  လို့ ပြောပါတယ်။

မြန်မာနိုင်ငံက အထည်ချုပ် စက်ရုံတွေမှာ ဂိတ်ပတ်စ်ကို အချိန်အကန့်အသတ်နဲ့ ခွင့်ပြုတဲ့ စက်ရုံတွေ ရှိသလို ဂိတ်ပတ်စ်ယူလို့ လစာငွေကြေး ဖြတ်တာ၊ ကျွမ်းကျင်ကြေး ဖြတ်တောက်တာ၊ လုံးဝ ခွင့်မပြုတာတွေ ရှိတယ်လို့ အထည်ချုပ်လုပ်သားတွေက ပြောပါတယ်။

“စက်ရုံမှာတော့ ဂိတ်ပတ်စ်ယူပြီးပြန်ရင် အဲ့ဒီနေ့အတွက် ဖြတ်ပါတယ်။ ဂိတ်ပတ်စ်ပေးတာကတော့ အောစူပါက အဓိကပါပဲ။ သူစိတ်ကြည်နေတဲ့ အချိန် ပေးတယ်” လို့ မနန္ဒာလှိုင်က ပြောပါတယ်။ 

ဂိတ်ပတ်စ် တောင်းတာ နာရီအတော်ကြာအထိ ခွင့်မပြုတာကြောင့် အောစူပါ ဆီ အကြောင်းကြား ခဲ့ပါတယ်။ အောစူပါကလည်း ခွင့်မပြုတာကြောင့် HR မန်နေဂျာဆီ တိုက်ရိုက် သူပြောခဲ့ပါတယ်။ သူ HR မန်နေဂျာဆီ ရောက်ချိန် မှာ နေ့လယ် ၁၁ နာရီကျော်နေပါပြီ။ 

“ဂိတ်ပတ်စ် တောင်းတာနဲ့  ၂ နာရီလောက်ကြာတယ်။ လူတကိုယ်လုံးလည်း နားလွန်းလို့ ပြန်ပြောမတတ်အောင် ဖြစ်နေတယ်။ လိုင်းထဲက အမတွေက ဆေးခန်းမြန်မြန် သွားဖို့ ပြောကြတယ်” လို့ ပြောပါတယ်။

ဂိတ်ပတ်စ် ထက် အလုပ်ထွက်တဲ့ လုပ်ငန်းစဉ်က အချိန် ပိုကြာ

သိပ်မကြာမီ သူမျှော်လင့်ထားတဲ့ ကမ္ဘာတခု ပျက်စီးတော့မယ်ဆိုတာ သိနှင့်နေပါပြီ။ 

“ကျွန်မ သိနေပြီ ကလေးလည်း မွေးဖူးတယ်၊ တခါလည်း ပျက်ကျဖူးတော့ ၊ ဒီအတွေ့အကြုံကြောင့် ကိုယ်ဝန် ပျက်ကျတော့မယ်ဆိုတာ သိနေပြီ။” လို့ မနန္ဒာလှိုင်က ငိုသံနဲ့ ပြောပြပါတယ်။ 

အောစူပါ အမျိုးသမီးကလည်း ဆေးခန်းသွားဖို့ ဂိတ်ပတ်စ် မပေးတာကြောင့် မနန္ဒာလှိုင်က HR မန်နေဂျာ အမျိုးသမီးဆီ တိုက်ရိုက် တက်ပြောဖို့ ဖြစ်လာပါတယ်။ သူ့ခန္ဓာကိုယ်လည်းဆက် မသယ်နိုင်လောက်အောင် ခံစားနေရပါပြီ ။

“ဘေးက အမတွေက ခွင့်မရရင် အလုပ်ထွက်ပြီး ပြန်ဖို့ ပြောကြတယ်။ ကျွန်မခံစားရတဲ့ ဝေဒနာက ဆီးအိမ်ကို ညစ်ဆွဲနေသလို ခံစားရတာ။ မတ်မတ်လည်း မရပ်နိုင်တော့ဘူး။  ခွင့်လည်း မပေးဘူးဆိုလို့ အလုပ်ထွက်ဖို့ HR ကို သွားပြောလိုက်တာ” လို့ ပြောပါတယ်။

ခန္ဓာကိုယ်မှာ နာကျင်ခံစားရတာက ၉ နာရီကတည်းကပါ ။ ဂိတ်ပတ်စ်အတွက် ၂ နာရီ ဝန်းကျင်စောင့်ခဲ့ရပေမဲ့ မရခဲ့ပါဘူး။ ဒါနဲ့ HR မန်နေဂျာကို ကြိုးစားပြောကြည့်တော့ မရပြန်ပါဘူး။ ဒီနောက်မှာတော့ ခံစားနေရတဲ့ ဝေဒနာ ကြောင့် ဘာမှမစဉ်းစား နိုင်ဘဲ အလုပ်ထွက်ဖို့ သူဆုံးဖြတ်ချက် ချ ခဲ့တာပါ ။

“အလုပ်ထွက်ဖို့ အတွက် လက်မှတ်စောင့်ရတာကို နောက်ထပ် ၂ နာရီထပ်ကြာတယ်။ ကိုယ်ဝန်ပျက်ကျတယ်လို့ သိရတာက ၁၂ နာရီ ၄၀ ။ ဓါတ်ပုံကို HR မန်နေဂျာ အမကို  ပြလိုက်တယ်။ အမတို့ကြောင့် ကျွန်မ ကလေးဆုံးရှုံးရပြီလို့ ပြောပြီး ငိုချတော့တယ်” လို့ မနန္ဒာလှိုင်က ပြောပြပါတယ်။

ကိုယ်ဝန်ပျက်ကျပြီဆိုတာ စက်ရုံက အိမ်သာထဲမှာပဲ မနန္ဒာလှိုင် သိလိုက်ရပါတယ်။ အလုပ်လာ ကတည်းက ပတ်(Pad) သုံးလာလို့ ကိုယ်ဝန်ပျက်ကျတာကို ဓါတ်ပုံရိုက် ပြနိုင်ခဲ့တာပါ ။ ၄ နာရီလောက်  ခံစားနေရတဲ့ ဝေဒနာက မပြီးဆုံးပေမဲ့ သူ့အတွက် သားလေးလား သမီးလေးလား မသိတဲ့ သန္ဓေသားကတော့ ပျက်စီးသွားခဲ့ တာကိုတော့ သိလိုက်ရပါပြီ ။ 

မနန္ဒာလှိုင်က နာကျင်မှုကို ကျော်လွှား သည်းခံနိုင်ပေမဲ့ သန္ဓေသား ဆုံးရှုံးမှုကိုတော့ ဟန် မဆောင်နိုင်အောင် ငိုကြွေးမိခဲ့ပါ တယ်။ ပါဝင် သက်ဆိုင်သူအားလုံးကို သူပေါက်ခွဲ ဖြစ်လိုက်ချင်တဲ့ စိတ်နဲ့ ငိုချလိုက်ပါတယ်။

“  ရှုံးပွဲချ ငိုလိုက်တာ။ ငိုတာက ပျက်ကျသွာတဲ့ သန္ဓေသားအတွက်ရော ၊ ကျွန်မကို သေချာ နှိမ်ချပြီး ပစ်ထား တာကို ဝမ်းနည်းတာ” လို့  ပြောပါတယ်။

နောက်ထပ် နာရီဝက်လောက်မှာ အလုပ်ကနေ မနန္ဒာလှိုင် အလုပ်က နုတ်ထွက်ခွင့်ရပြီး  လူမှုကယ်ဆယ်ရေး အသင်းဝင်တဦးက ဆေးခန်းကို ကူညီ ပို့ဆောင်ပေးခဲ့ပါတယ်။ 

တကယ်တော့ မနန္ဒာလှိုင် မတော်တဆ ကိုယ်ဝန်ပျက်တာ မဟုတ်ခဲ့ပါဘူး ။ သူမ ကိုယ်ဝန်ဆောင်ထားတဲ့ အကြောင်း လိုင်းစူပါ၊ အောစူပါကစလို့ HR မန်နေဂျာအထိ သိရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန် ကို လူမှုဖူလုံရေးမှာ ပြသဖို့ စီစဉ်ခဲ့တာပဲ ဖြစ်ပါတယ်။ 

“ လူမှုဖူလုံရေးဆေးခန်းမှာ ဗိုက်အပ်ဖို့ စီစဉ်နေတဲ့ အချိန်မှာ ဖြစ်တာပါ ။ ခွင့်လေး တရက်ပေးလိုက်ရင် ၊ ဂိတ်ပက်စ် ပေးလိုက်မယ်ဆိုရင် ကျွန်မ ခန္ဓာကိုယ်လည်း ဒီလောက်ဖြစ်မှာ မဟုတ်ဘူး ။ ပျက်ကျခဲ့ရင်တောင် ဖြေသာသေးတယ်။ အမျိုးသားက ကလေးအတွက် ငိုလိုက်တာ၊ နှစ်ယောက်လုံး ဝမ်းနည်း ခဲ့ရတာပါ” လို့  မနန္ဒာလှိုင်က ပြောပါတယ်။
 
ကိုယ်ဝန်ဆောင် အလုပ်သမားတွေဟာ ၁၉၅၁ ခုနှစ် ခွင့်ရက်နဲ့  အလုပ်ပိတ်ရက်ဥပဒေပါ ခွင့်ရက်တွေအပြင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ ခွင့်အမျိုးအစား(၂)မျိုး ကိုပါ ပြဌာန်းထားပါတယ်။ အဲဒီ  ခွင့်အမျိုးအစား (၂)မျိုး ကတော့  "ကိုယ်ဝန်ဆောင်ဆေးခန်းပြခွင့်" နဲ့  "ဖခင်ဘ၀အကျိုးခံစားခွင့်" တွေ ဖြစ်ပါတယ်။ 

ကိုယ်ဝန်ဆောင် ဆေးခန်းပြခွင့်ကို  ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ အခန်း (၅) ပုဒ်မ(၂၅)မှာ အခုလို  ပြဋ္ဌာန်းထား ပါတယ်။

"၂၅။ အစိုးရဝန်ထမ်းများနှင့် သက်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်များနှင့် ညွှန်ကြား ချက် များတွင် မည်သို့ပင်ပါရှိစေကာမူ အာမခံထားသူ အမျိုးသမီးအလုပ်သမားသည် သတ်မှတ်ချက်များနှင့် အညီ အောက်ပါအကျိုးခံစားခွင့်များကို ခံစားခွင့်ရှိသည် -

(က) ကိုယ်ဝန်ဆောင်နေစဉ်နှင့် မီးဖွားသည့်အခါ ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ အခမဲ့ ဆေးကုသမှုခံယူခွင့်၊
(ခ) မီးဖွားပြီး တစ်နှစ်အထိ မိမိ၏ကလေးကို ဆေးကုသမှု ခံယူခွင့်၊” ဆိုပြီး ပြဌာန်းပါတယ်။ 

“ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကိုယ်လက် မအီမသာဖြစ်တာတို့၊ နေထိုင်မကောင်းတာတွေဖြစ်ရင် လူမှုဖူလုံရေးမှာ ပြသခွင့်ရှိ၊ ဆေးခွင့်တွေလည်း ယူလို့ရတယ်။ ဒါပေမဲ့ အခုချိန်က စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး ဆိုးဆိုးရွားရွား ချိုးဖောက်တာတွေ ဖြစ်နေတော့ ကိုယ်ဝန်သည်တွေလည်း အဲလို အခွင့်အရေးတွေ ယူလို့မရတာတွေလည်း ရှိတယ်။ ဥပဒေအရဆိုရင်တော့ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ ကုသခွင့် ၊ ပြသခွင့်ရှိပါတယ်” လို့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် အဖွဲ့ဝင် အမျိုးသမီးတဦးက ပြောပါတယ်။ 

လုပ်ငန်းခွင်အတွင်း ကိုယ်ဝန်ဆောင်တွေကို ကာကွယ်စောင့်ရှောက်ရမဲ့ အစား လက်လွန်ခြေလွန် ထိခိုက်မှုတွေ ရှိလာရင် လုပ်ငန်းရှင်တွေနဲ့ စက်ရုံ တာဝန်ရှိတွေက ငွေကြေးနဲ့ ဖုံးဖိပြီး ဖြေရှင်းတာတွေ လုပ်လေ့ ရှိတယ်လို့လည်း ဆက်ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်သား ၄၅၀၀၀၀ ကျော်ရှိပြီး စက်ရုံပေါင်း ၅၃၀ ကျော်မှာ လုပ်ကိုင်နေကြတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားပါတယ်။ လုပ်သားအာလုံးရဲ့ ၉၀ ရာခိုင်နှုန်း က အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

လက်ရှိ နိုင်ငံအတွင်း အလုပ်သမားသမဂ္ဂတွေ ၊ အဖွဲ့ချုပ်တွေရဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးနေတာကြောင့် သမဂ္ဂတွေနဲ့ အဖွဲ့ချုပ်တွေက အလုပ်သမားတွေရဲ့ နစ်နာမှုတွေကို လိုက်ပါ ဆောင်ရွက်ဖို့ အခက်အခဲတွေရှိနေချိန်လည်း ဖြစ်ပါတယ်။

ဒါ့အပြင့် အာဏာသိမ်းပြီး ၃ နှစ်ကာလအတွင်း အလုပ်သမားတွေအပေါ် စက်ရုံလုပ်ငန်းရှင်တွေနဲ့ တာဝန်ရှိ သူတွေ က အလုပ်သမားအခွင့်အရေးချိုးဖောက်နေတဲ့အပြင် ဥပဒေပါအခွင့်အရေးတွေကို လျစ်လျူရှုတာတွေကလည်း တနှစ်ထက် တနှစ် များပြားနေတာကို Myanmar Labour News ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

အိမ်ထောင်သက် ၅ နှစ်အတွင်း ပထမသမီးလေးအတွက် အဖော်နဲ့ အမျိုးသားအတွက် သားယောက်ျား လေး မွေးပေးဖို့ မနန္ဒာလှိုင် ကိုယ်ဝန်ယူခဲ့တာပါ ။ ကိုယ်ဝန်ကိုလည်း ဆရာဝန်တွေနဲ့ ကြိုတင်ပြသမှု တချို့ကို လုပ်ထားခဲ့ပါတယ်။  
လုပ်ငန်းခွင်ထဲ ကိုယ်ဝန်ပျက်ကျတဲ့ ဖြစ်စဉ်မှာ ပါဝင်သူတွေနဲ့ စက်ရုံတာဝန်ရှိသူတွေ အားလုံး သိရှိပေမဲ့ တာဝန်ယူ မှုနဲ့ ဆက်သွယ်မေးမြန်းတာတွေ မလုပ်ခဲ့ကြပါဘူး။ 

“စက်လိုင်းထဲက လုပ်ဖော်ကိုင်ဖက်တွေကတော့ ဖုန်းဆက်မေး ကြပါတယ်။ စက်ရုံဘက်ကတော့ မေးမြန်းတာ မရှိခဲ့ဘူး၊ တာဝန်ရှိတယ်လို့ ခံယူရဲ့လား မသိဘူး ၊ ကိုယ်ကတော့ ဖုန်းလေးပဲ ဆက်ဆက် မျှော်တာပေါ့ ” လို့ ပြောပါတယ်။
 
ကိုယ်ဝန်ပျက်ကျတဲ့နေ့မှာ စက်ရုံ အပြင်ထွက်ခွင့် (ခွင့်) မပေးဘဲ အလုပ်ထွက်ခဲ့ရလို့ အဲဒီလစာ အပြည့်မရဘဲ အိမ်လခအတွက် အကျပ်အတည်းဖြစ်ရပြီး ကုသမှု စာရိတ်တွေ များစွာ ကုန်ကျခဲ့ပါတယ်။  

“ဂိတ် ပတ်စ်ကို အဲ့တရက်တည်း ပေးမယ်ဆိုရင် ကျွန်မလည်း လူလည်း ဝေဒနာ မခံစားရဘူး။ ငွေကြေး အကျပ်အတည်း လည်း မဖြစ်ဘူး၊ စိတ်လည်း ဒဏ်ရာလို မဖြစ်ဘူး ။ အခုတော့ ငွေလည်းကုန်၊ ဝင်ငွေလည်း မရှိ၊ လူလည်း လိမ့်နေအောင် ခံလိုက်ရတာ  “ လို့ မနန္ဒာလှိုင်က ပြောပါတယ်။

မနန္ဒာလှိုင် ကိုယ်ဝန်ပျက်ကျတဲ့အတွက်၂ လ ကျော်ကြာ ကုသခဲ့ပြီး ကုသမှု စာရိတ် ကျပ်ငါးသိန်းကျော် ကုန်ကျခဲ့တဲ့အပြင် သွေးသားတဦး ဆုံးရှုံးရသလို သူ ခံစားရတာပါ ။ 

“ဆုံးရှုံးမှုက သားလေး ဆုံးရှုံးရတယ် ယုံကြည်တယ်။ သမီးရှိတော့ သားတယောက်ယူဖို့  ရည်ရွယ် ထားတယ် ။ သားတယောက် သေဆုံးတယ်လို ယူဆလို့ ပိုပြီးလည်း ခံစားရတယ်။ “ လို့ သူက ပြောပါတယ်။

ကုသမှုကာလအတွင်း ကိုယ်တိုင် အလုပ်မလုပ်နိုင်လို့ ပုံမှန်ဝင်ငွေ  ၃ သိန်းဝန်းကျင် မရှိတော့သလို ၊ ကုသမှု စရိတ်နဲ့ သမီးဖြစ်သူ ကျောင်းစာရိတ်တွေကြောင့် အမျိုးသားဖြစ်သူမှာ နားရက်မရှိ အလုပ် လုပ်ကိုင်ခဲ့ရပါတယ်။ 

မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေက ကိုယ်ဝန်ဆောင် အလုပ်သမားတွေကို တခြားအလုပ်သမားတွေ နည်းတူ အချိန်ပို ကို ဖိအားပေးဆင်းခိုင်းတာ၊ စံချိန်းတောင်းတာ၊ ခွင့်မပေးတာ၊ ခွင့်အပြည့်မပေးတာ ၊ ဆေးခန်းပြခွင့် မပေးတာ ဒါတွေအပြင် အလုပ်ထွက်ခိုင်းတာ၊  အလုပ်ထုတ်တာတွေ တွေ့ကြုံနေရတယ်လို့ Myanmar Labour News ရဲ့ မှတ်တမ်းတွေမှာ တွေ့ရှိရပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဒီလိုတွေ့ကြုံရတဲ့ အဖြစ်အပျက်ပေါင်း အကြိမ် ၂၀ မှတ်တမ်း တင်ထားပြီး အဲဒီထဲမှာ ကိုယ်ဝန် ပျက်ကျမှု တကြိမ်နဲ့ လုပ်ငန်းခွင်မှ ပြန်ခွင့်မပေးတာကြောင့် သန္ဓေသား  သေဆုံးမှု တကြိမ်စီ ဖြစ်ပွားခဲ့တာကို ဖော်ပြ ထားပါတယ်။ 

ဒီအဖြစ်အပျက်နှစ်ခုလုံးမှာ စက်ရုံဘက်က ကိုယ်ဝန်ဆောင်တွေကို အလွယ်တကူ ထွက်ခွာခွင့် မပြုခဲ့သလို တာဝန်ယူမှု တာဝန်ခံမှု မရှိခဲ့ဘူးလို့  အလုပ်သမားတွေရဲ့ ပြောဆိုချက်ကို Myanmar Labour News က မှတ်တမ်း ပြုစုထားပါတယ်။ 

အမျိုးသမီး အလုပ်သမားဖြစ်စေ အမျိုးသားအလုပ်သမားပဲ ဖြစ်စေ လုပ်ငန်းခွင်ထဲမှာ အန္တရာယ်တခုခု ဖြစ်လာ ခဲ့မယ်ဆို အလုပ်ရှင်မှာ အပြည့်အဝ တာဝန်ရှိတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူ တဦးက ပြောပါတယ်။ 

“ အလုပ်ရှင်ဘက်က တာဝန်ယူမှု တာဝန်ခံပေးမှု တစုံတရာ မရှိခဲ့ရင်တော့ သက်ဆိုင်ရာ ဌာနတွေမှာ သွားရောက် တိုင်ကြားသင့်တယ်လို့ ထင်တယ်။” လို့ ပြောပါတယ်။ 

 မနန္ဒာလှိုင် ကိုယ်ဝန်ပျက်တဲ့ ကာလအပိုင်းအခြားတခုမှာ မလုပ်ကိုင်နိုင်ခဲ့လို့ တိုင်ကြားဖို့ အစီအစဉ်တွေ မလုပ် နိုင်ခဲ့ပါဘူး ။ လက်ရှိ စိတ်နဲ့ ခန္ဓာကိုယ် ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ကြိုးစားနေပြီး အမေ ဖြစ်သူကိုသာ သူ တမ်းတ နေမိပါတယ်။ 
 
သားသမီးမယူဖို့  မိခင်ဖြစ်သူနဲ့ ဆွေးမျိုးသားချင်းတွေက တားမြစ်ကြပေမဲ့ ကလေးယူဖို့ ကြိုးစားပြီး ပျက်ကျ ခဲ့ရတာပါ ။ မနန္ဒာလှိုင် ကိုယ်ဝန်ပျက်ကျတာကို  မိခင်နဲ့ သွေးချင်းတွေဆီ အသိမပေးရဲလို့ အဆက်အသွယ် မလုပ်ခဲ့တာ ၃ လ ကျော်လာခဲ့ပါပြီ ။ 

“ကိုယ်ဝန်ပျက်တာက ကလေး မွေးသလိုပဲ ။ ကလေးမွေးတဲ့ သူတိုင်းသိမှာပါ ။ ကျွန်မ အမေကို တ မိတယ်။ ဒါပေမဲ့ အမေ စိုးရိမ်ရမှာ စိုးလို့  အကြောင်းမကြားခဲ့ဘူး ။ အမေရှိရင်တော့ အများကြီးအားရှိမှာ။ နောက် အကူအညီ တွေ ပေးနေမှာပါ ။ အခုတော့ အသိမပေးတော့ဘူး” လို့ ပြောပါတယ်။ 

ကုသမှုကာလအတွင်း ကိုယ်ဝန်ထပ်ယူပါက တိုင်ပင်ပြီး ကြိုတင်ပြင်ဆင်တဲ့ ကုသမှုတွေ ပြုလုပ်ဖို့ သက်ဆိုင်ရာ လူမှုဖူလုံရေး ဆရာဝန်တွေက မနန္ဒာလှိုင်ကို အကြံပေးထား ပါတယ်။ ဆရာဝန်တွေ အကြုံပြုထားသလို မနန္ဒာလှိုင် နောက်ထပ် ကလေးထပ်ယူ ဖြစ်မှာပါ ။ 

“ကျွန်မလည်း ဆေခန်းကောင်းကောင်း ပြချင်တာ ပါ၊ ပြတော့ မပြနိုင်ဘူးပေါ့၊ အားလည်း မငယ်ပါဘူး ၊ ကလေး နောက်ထပ် ရမယ်လို့ ယုံကြည်ထားပါတယ် ” လို့ ပြောကြားပါတယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အတွက် လုပ်ငန်းခွင်ထဲက စက်ရုံအလုပ်သမား အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အခြေအနေကို တင်ပြပေးလိုက်ပါတယ်။


Related posts

Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ပြာပုံထဲမှာပြန်လည် ရှာဖွေခဲ့ရတဲ့ တရားမျှတမှုခြေရာများ
Jan 12, 2024
Cover
ရွှေ့ပြောင်းလုပ်သားတွေအတွက် NUG အစိုးရ ရပ်တည်ပေးမှုအပေါ် အလုပ်သမားအရေးလှုပ်ရှားသူများဝေဖန်
Dec 25, 2023
Cover
MCE စက်ရုံ  အငြိုးတရားနှင့် သမဂ္ဂဖြိုခွဲခဲ့သလား။
Nov 25, 2023
Cover
ဝမ်းရေးတဖက် လုံခြုံရေးအခက်နဲ့ စိုးရိမ်သောကပွေရတဲ့ စက်မှုဇုန်လုပ်သားများ
Nov 19, 2023
Cover
တစ်နာရီလုပ်ခ ၆၀၀ ကျပ် နဲ့ အလုပ်သမားထုရဲ့ မျှော်လင့်ချက်
Oct 01, 2023
Cover
အာဏာရှင် ခေတ်ဆိုး၊ စနစ်ဆိုးနဲ့ အခြေခံပြည်သူလူထုကြား စတင်ပေါက်ဖွားလာပြီဖြစ်တဲ့ ‘ဒုဗ္ဘိက္ခန္တရကပ်’
Sep 24, 2023