NEWS

သင့်တော်တဲ့လုပ်အားခကိုပဲတောင်းဆိုချင်တာပါ

CoverLogo
775 Views

ဒီကနေ့မေလ ၁ ရက်နေ့မှာကျရောက်တဲ့ ၁၃၃ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (သို့)မေဒေးနေ့မှာ အခြေခံအလုပ်သမားအဖွဲ့အစည်းတို့ရဲ့စုပေါင်းသဘောထားထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ရာမှာ အဓိကကျတဲ့အချက် ၄ ချက်ကိုလည်း ထည့်သွင်းတောင်းဆိုထားပါတယ်။ 

အဲ့ဒီတောင်းဆိုချက်တွေကတော့ 
၁။ အထည်ချုပ်နှင့်ဖိနပ်လုပ်ငန်းများမှ  အလုပ်သမားများအတွက် နေ့စဉ်စားသောက်ကုန်စျေးနှုန်းများနှင့် ကိုက်ညှီသည့့်လုပ်အားခကို လုပ်ငန်းရှင်သို့ နိုင်ငံတကာကုန်အမှတ်တံဆပ်များမှ တိုးမြှင့်ပေးရန် 

၂။ လုပ်ငန်းခွင်တွင်အတွင်း  အလုပ်ရှင်အလုပ်သမား ညှိနှိုင်းမှုအနေအထားကောင်းမွန်စေရန် သိသာထင်ရှားသည့်  လုပ်ဆောင်မှုများ ပြုလုပ်ပေးပါရန် 

၃။ လုပ်ငန်ပိုင်ရှင်များအကျိုးအမြတ်တစ်ခုတည်းမကြည့်ဘဲ အလုပ်ရှင်အလုပ်သမား နှစ်ဖက်စလုံးအကြိုးရှိစေမည့် လုပ်အားခနှုန်းထားကို တိုးမြှင့်ပေးပါရန်နှင့် အလုပ်သမားအခွင့်အရေးများကို  လေးစားလိုက်နာရန် 

၄။ အလုပ်လက်မဲ့နှုန်းမြင့်တက်လာခြင်းကြောင့်  အလုံးအရင်းဖြင့် ရွှေ့ပြောင်းသွားလာမှုများမှတစ်ဆင့် လူကုန်ကူးမှု၊ လုပ်အား ခေါင်းပုံဖြတ်ခံရမှု၊ လိင်အကြမ်းဖက်မှုခံရမှုမျာမြင့်တက်လာနိုင်ခြင်းကို ထွက်ခွာနဲ့ဆိုက်ရောက် နိုင်ငံတို့မှ အရပ်ဖက်အဖွဲ့အစည်းများနှင့်ဆိုက်ရောက်နိုင်ငံအစိုးရအဖွဲ့များက  ကူညီပေးမှုတွေကို ပိုမိုလုပ်ဆောင်ပေးရန်။ 

စတဲ့တောင်းဆိုချက်၄ချက်ပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အလုပ်သမားနှစ်ဦးရဲ့ ဆက်သွယ်မေးမြန်းမှုကိုဖော်ပြလိုက်ရပါတယ်။ 

မေး။   ။ မေဒေးနေ့အဖြစ်ဘာတွေလုပ်ဖြစ်လဲ လုပ်ဆောင်ချက်လေးသိချင်ပါတယ်။ 

ဖြေ။    ။ မေးဒေးထုတ်ပြန်ချက်မှာ ကျွန်တော်တို့က အွန်လိုင်းLive လွှင့်ပြီးလုပ်နေရတာပဲရှိပြီး မြေပြင်မှာတော့ လုပ်ဆောင်နိုင်တာမရှိပါဘူး။ မေဒေးထုတ်ပြန်ချက်ထဲ ထုတ်ထားတဲ့တောင်းဆိုချက်အချက်လေးချက် ပဲရှိပါသေးတယ်။ 

မေး။    ။ ယနေ့ အလုပ်သမား တွေရဲ့ အဓိကရင်ဆိုင်ရတဲ့ အခက်အခဲတွေကို သိချင်ပါတယ်။  

ဖြေ။   ။ အခက်အခဲတွေကတော့  ခုကျန်းမာရေးနဲ့နိုင်ငံရေးအခြေအနေတွေအရ လုပ်ခလစာတွေက အနည်းဆုံးအခကြေးငွေ ၄၈၀၀ ဆိုတာက ဘယ်လိုမှမလောက်ငှကြဘူး။ အချိန်ပိုတွေကလည်းမရကြဘူး။ ကုန် စျေးနှုန်းတွေကလည်းတက်လာတယ်။  အချိန်ပိုတွေကမရတော့ လစာတွေကနည်းလာတယ်။ အဲ့တော့အလုပ်သမားတွေက အဆင်မပြေကြဘူး။ အတော်လေးအဆင်မပြေဖြစ်လာတယ်။ 

မေး။    ။  အာဏာသိမ်းပြီးနောက်  အလုပ်ရှင်အလုပ်သမားဆက်ဆံရေးအခြေအနေဘယ်လိုရှိလဲ သိချင်ပါတယ်။  

ဖြေ။     ။ အဓိကကတော့ အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေများလာလို့ပါ။ ချိုးဖောက်တာတွေက သိသိသာသာတွေရော မသိမသာတွေရောအဲ့လိုများလာတော့ အလုပ်ရှင်အလုပ်သမား ညှိနှိုင်းပြီး လုပ်ငန်းခွင်မှာအဆင်ပြေအောင်လို့ သိသာထင်ရှားတဲ့တွေ့ဆုံညှိနှိုင်းမှုတွေလုပ်ပေးဖို့တောင်းဆိုတာပါ။ 

မေး။    ။လက်ရှိကာလတွေမှာ အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုတွေ ညှိနှိုင်းမှုပြုလုပ်ရတဲ့အခြေအနေတွေလည်း သိချင်ပါတယ်။ 

ဖြေ။     ။ လုပ်ငန်းခွင်ထဲမှာကျတော့ တောင်းဆိုချက်တွေကတော့လုပ်ဖြစ်တယ်။ အဖွဲ့အစည်းတွေအနေနဲ့လည်းလုပ်ဖြစ်တယ်။ ဒါပေမဲ့ တောင်းဆိုလိုက်တဲ့အချက်တွေကတော့ ထိထိရောက်ရောက်အောင်မြင်သွားတာမျိုးမရှိဘူး။ သူတို့ဘက်ကနေပြီးတော့  လုပ်ပေးပါမယ်ဆိုတဲ့အရာမျိုးတွေ ဥပဒေပါအတိုင်းလုပ်ပေးပါမယ်ဆိုတဲ့အရာမျိုးတွေ သူတို့ဘက်ကပြောထားပြီးမှ လျော်ချသွားတာမျိုးတွေရှိတယ်။ ခုအနေအထားက သူတို့ကို  ဒီလိုမျိုးတွေလုပ်ပေးပါဆိုပြီး တင်းတင်းကြပ်ကြပ်လုပ်လို့ရတဲ့အနေအထားမဟုတ်တော့ လုပ်ငန်းခွင်အခြေအနေတွေမှာ ထိထိရောက်ရောက်မရှိဘူးပေါ့။ အဲ့ဒိလိုထိထိရောက်ရောက်မရှိတာတွေကို ထိထိရောက်ရောက်ဖြစ်စေချင်ပါတယ်။ 

မေး။     ။ လုပ်ငန်းခွင်အတွင်း အလုပ်သမားကိုနေ့စားအဖြစ်ပဲခန့်ပြီး အခွင့်အရေးတွေချိူးဖောက်နေတယ်လို့သိရတယ်။ ဘယ်လောက်အထိချိုးဖောက်ခံနေရလဲဆိုတာလည်းသိချင်ပါတယ်။ 

ဖြေ။     ။ တစ်ချို့စက်ရုံတွေက အလုပ်သမားတွေကိုနေ့စားခေါ်တယ်။ ခေါ်ပြီးတော့ ဥပဒေပါအတိုင်းဆိုရင် သုံးလပြည့်ရင် ပါမန့်နစ် ခန့်ပေးရမယ်ဆိုတာ။ သုံးလနဲ့မဟုတ်ဘဲတစ်နှစ် နှစ်နှစ်အထိနေ့စားလိုပဲခေါ်တယ် မလိုရင်ထုတ်တယ်။ ဒီနေ့စားတွေအနေနဲ့ကလည်း သူတို့ကိုဘယ်ချိန်ထုတ်မလဲဆိုပြီးရင်တမမနဲ့လုပ်ရတယ်။ သူတို့ဘက်ကခိုင်းသလိုလုပ်နေရင်သဘောကျတယ်။ မလုပ်ရင်ထုတ်ပစ်တယ်။
အလုပ်သမားတွေဘက်ကလည်း လခစားကျလည်းအလုပ်အကိုင်ရှားပါးတယ်။ နေ့စားဆိုရင်တောင်လုပ်နေရင်း ဥပဒေချိုးဖောက်ခံရတာလည်းမပြောရဲဘူး။ အလုပ်ထုတ်ခံရမှာစိုးလို့။ အလုပ်အကိုင်ရှားပါးလို့ အခွင့်အရေးချိုးဖောက်ခံရတာတောင်မှ ကြိတ်မှိတ်ပြီးလုပ်နေရတယ်။ အဲ့လိုတွေရှိပါတယ်။ 

မေး။    ။ အနိမ့်ဆုံးလုပ်ခလစာနဲ့ပတ်သက်ပြီးတော့  နိုင်ငံ့၀န်ထမ်းတွေကိုပင်လုပ်ခလစာတိုးဖို့မရှိဘူးလို့ ထုတ်ပြန်လာတဲ့အပေါ် ဘာများပြောချင်လဲရှင့်။ 

ဖြေ။    ။ စက်ရုံတွေက ညီမတို့ဆိုရင်လည်း ဒေးကြေးအနိမ့်ဆုံးလုပ်ခလစာတိုးပေးဖို့တောင်းဆိုတယ်။ တောင်းဆိုတဲ့အခါ သူတို့ဘက်ကအဲ့အတိုင်းပဲ အစိုးရကတရား၀င်တိုးပေးဖို့သတ်မှတ်ရင်တိုးပေးမယ်လို့ စက်ရုံတိုင်းလိုလိုက အဲလိုပြောတယ်။အဲ့လိုအချိန်မှ သူတို့ဘက်ကဒီလိုမျိုးထုတ်ပြန်လိုက်တယ်ဆိုတော့  အရင်ကတောင် ၅၀%တောင်မသေချာတာခုဆို ပိုဆိုးသွားပြီ။ လက်ရှိ မြင့်တက်နေတဲ့ကုန်စျေးနှုန်းနဲ့ လက်ရှိရတဲ့လုပ်ခလစာနဲ့က ဘယ်လိုမှအဆင်မပြေဘူး။ နောက်တစ်ခုအိုတီပေါ့နော်။ ကုန်ကြမ်းပြတ်လပ်နေလို့ဆိုပြီး အိုတီမဆင်းရဘူး။ အရင်တုန်းက တစ်လလုံးမှာအိုတီဆင်းရတယ်ဆိုရင်တောင် ဒေးကြေးနဲ့အိုတီပေါင်းရင် နည်းနည်းအဆင်ပြေတယ်။  ခုလက်ရှိကဒေးကြေးနဲ့အိုတီ ပေါင်းရမယ်ဆိုရင်တောင် လက်ရှိကုန်စျေးနှုန်းနဲ့ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ ညီမတို့အနေနဲ့ရော အလုပ်သမားတွေအနေနဲ့ရော အချိန်တန်လို့လစာထုတ်ရင် အိမ်လခတွေပေးရတယ်။ ကုန်စျေးနှုန်းမှာဆိုရင်   မြန်မာနိုင်ငံကထွက်တဲ့ဆန်တို့ ဆီတို့ဆိုရင်တောင် ဒီလိုစျေးကြီးပေး၀ယ်နေရတာဆိုတော့ ပြည်ပကလာတဲ့ကုန်ပစ္စည်းတွေဆိုရင် စျေးကြီးပေး၀ယ်ရတယ်။ အခြေခံစားသောက်ကုန်တွေက မ၀ယ်မဖြစ်၀ယ်ရတယ်။ လက်ရှိလစာနဲ့လုံး၀အဆင်မပြေနိုင်တော့ဘူး။ ကျွန်မတို့အလုပ်သမားအဖွဲ့အစည်းတွေအနေနဲ့ကလည်း  ဒီလုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုတဲ့ကိစ္စကို စီစဉ်နေတာမျိုးတော့ရှိတယ်ရှင့်။ 

မေး။    ။ လက်ရှိမှာ အနိမ့်ဆုံးလုပ်ခတိုးမြှင့်ပေးဖို့ဖြစ်နိုင်ခြေက ရာခိုင်နှုန်းနည်းနေပြီဆိုတော့ ဘယ်လိုဆောင်ရွက်မလဲရှင့်။ 

ဖြေ။     ။ကျွန်မတို့အနေနဲ့ သက်ဆိုင်ရာဘရန်း BRAND တွေနဲ့ချိတ်ဆက်ဆောင်ရွက်ဖို့တော့ရှိပါတယ်။ ဘရန်း တွေကနေမှတစ်ဆင့် အလုပ်သမားတွေမှာ ဒီလိုအခက်အခဲလေးတွေတော့ရှိတယ်။ ဒီလိုမျိုးလေးတွေတော့ တိုးပေးဖို့စက်ရုံလုပ်ငန်းရှင်တွေကိုပြောပေးဖို့ဆိုတာမျိုးတွေတော့ရှိတယ်။ ကျွန်မတို့က ဘရမ်းတွေနဲ့အလုပ်ရှင်တွေကို ပြောချင်တာက  အကုန်လုံးကခက်ခဲနေချိန်မှာ အလုပ်ရှင်တွေအနေနဲ့အလုပ်ရှင်ဘက်ကိုသာမကြည့်ဘဲ အလုပ်သမားတွေဘက်ကိုလည်းကြည့်ဖို့ သူတို့ဘက်ကလည်းသူတို့ဘက်ကလည်း ဆီဖိုးတွေဘာဖိုးတွေဆိုပြီးဆင်ခြေပေးတာတွေရှိပါတယ်။ သူတို့ဘက်ကအခက်အခဲက အလုပ်သမားတွေအခက်အခဲကိုပြောပါဆိုရင် ပြောလို့မကုန်ပါဘူး။ လက်ရှိလူနေမှု ဘ၀မှာ နေတဲ့အိမ်ကအစ စားသောက်စရိတ်ကအစ ကုန်စျေးနှုန်းကသုံးဆလောက်မြင့်တက်သွားတော့ လူနေမှုဘ၀မှာအတော်ကို ဆင်းဆင်းရဲရဲဖြစ်နေတဲ့အခြေအနေကိုရောက်နေပါပြီ။ ခုချိန်ကတစ်အိမ်လုံးအလုပ်လုပ်ရင်တောင် မလောက်ငတဲ့အနေအထားမှာရှိနေပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာပိတ်သွားတဲ့စက်ရုံတွေက အလုပ်သမားတွေဆိုရင် အလုပ်လက်မဲ့ဖြစ်သွားတော့ ပိုဆိုးပါတယ်။ ကျွန်မတို့အနေနဲ့ဘရန်းတွေကိုပြောချင်တာက အလုပ်သမားတွေကိုကြည့်ပေးပါ။ အလုပ်ရှင်တွေဘက်ကိုပြောချင်တာက ကိုယ့်ဘက်ကိုချည်းမကြည့်ဘဲ အလုပ်သမားဘက်ကိုလည်းတစ်ချက်လောက်ကြည့်ပေးပါ။ 

မေး။    ။နောက်ဆုံးမေးချင်တာက ဒီနေ့ကျရောက်တဲ့မေဒေးမှာ  အဓိကဘာကိုတောင်းဆိုချင်ပါသလဲ။ 

ဖြေ။     ။ခုလက်ရှိက လစာကိုတိုးပြီးတောင်းတာမဟုတ်ပါဘူး။  အရင်က ၄၈၀၀ စတင်သတ်မှတ်လိုက်တဲ့ ဒေါ်လာစျေးနဲ့လက်ရှိဒေါ်လာစျေးနဲ့က ကွာဟသွားပါတယ်။ ကျွန်မတို့ကလုပ်ခလစာကိုတောင်းတာမဟုတ်ဘဲနဲ့ အဲ့ဒီဒေါ်လာစျေးကွာဟသွားတဲ့အပေါ်မှာကြည့်ပြီး ပေးစေချင်တာပါ။ ငွေကြေးဖောင်းပွမှုတွေဖြစ်သွားတယ်။ ကျွန်မတို့ရဲ့လုပ်အားတွေလည်းပိုပြီးလုပ်ကိုင်လာရတဲ့အပေါ်မှာလည်း ကျွန်မတို့အလုပ်သမားတွေဘက်ကို ပြန်ကြည့်စေချင်တာပေါ့။ သူတို့အအနေနဲ့  လုပ်ငန်းရှင်တွေအနေနဲ့က လစာတိုးတောင်းတာကိုပဲမြင်ပါတယ်။ ကျွန်မတို့အနေနဲ့ လစာတိုးတောင်းတာမဟုတ်ဘဲနဲ့ ကွာဟသွားတဲ့ ဒေါ်လာစျေးအပေါ်မှာ ငွေကြေးဖောင်း ပွမှုတွေရှိတယ်။ လက်ရှိ ကုန်စျေးနှုန်းတွေမြင့်တက်တယ်။ ကျွန်မတို့အများကြီးတောင်းဆိုမှုတွေမလုပ်ချင်ပါဘူး။ ကျွန်မတို့ဘက်ကလည်း သင့်တော်တဲ့လုပ်အားခကိုပဲတောင်းဆိုချင်တာပါ။ ကျေးဇူးတင်ပါတယ်။ 

#MyanmarLabourNews 
 


Related posts

Cover
HOPE ONE CO,LTD စက်ရုံလုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်အပါအဝင် အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေဟုဆို
Apr 19, 2024
Cover
လုပ်သားအင်အားရှားပါးမှုကြောင့် ကလေးလုပ်သား အသုံးပြုမှုပိုများလာ
Apr 15, 2024
Cover
ဒေါ်ခိုင်ဇာအောင်အား Arthur Svensson Prize ချီးမြှင့်
Apr 15, 2024
Cover
Myanmar Dongxin စက်ရုံတွင် လိင်ပိုင်းဆိုင် ထိခိုက်စော်ကားမှုတွေ ဖြစ်ပွားနေ
Apr 13, 2024
Cover
လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ ကျူးလွန်နေ
Apr 13, 2024
Cover
ကိုယ်ဝန်ဆောင်အလုပ်သမားတွေ မီးဖွားခွင့် ခံစားခွင့်ဆုံးရှုံးနေရ
Apr 13, 2024
Cover
သင်္ကြန်ပိတ်ရက်အတွက် အလုပ်သမားများ အချိန်ပို ဆင်းပေးရ
Apr 13, 2024
Cover
အလုပ်ပြန်ခန့်သည့် စာချုပ် ချုပ်ခဲ့ပြီး ၃ ရက်အကြာမှာ အလုပ်သမားအား Myanmar L&K စက်ရုံက အလုပ်ထုတ််
Apr 13, 2024