ARTICLE

၁၂,၀၀၀ ကျပ်က ဇိမ်ခံဖို့ မဟုတ်၊ အသက်ဆက်ဖို့

CoverLogo
41 Views
(အတွေးအမြင် ဆောင်းပါး)
 
"ကုန်ဈေးနှုန်းက ကောင်းကင်ဘုံမှာ၊ လုပ်ခလစာက မြေကြီးထဲမှာ" ဆိုတဲ့စကားဟာ မြန်မာပြည်က အခြေခံ အလုပ်သမားထုရဲ့ ပကတိဘဝကို အကျဉ်းချုံးပြလိုက်တာပါပဲ။
 
ဒီနေ့ခေတ်မှာ အလုပ်သမား တွေဟာ သာမန်ဘဝတစ်ခု တည်ဆောက်ဖို့ထက် "ငတ်မသေရုံတိုက်ပွဲ" ကို အသက်နဲ့ ရင်းပြီး ဆင်နွှဲ နေကြရပါတယ်။
 
ဆန်တစ်ပြည်၊ ဆီတစ်ပုလင်းနဲ့ အဆောင် နေစရိတ် ကြားမှာ မွဲပြာကျနေတဲ့ ဘဝတွေမို့ အခြေခံလုပ်အားခ ၁၂,၀၀၀ ကျပ် နဲ့ တရားမျှတတဲ့ အချိန်ပိုကြေး (OT)၊ ရက်မှန်ကြေးတွေတိုးမြှင့်ပေးဖို့ ၂၀၂၃ခုနှစ်လောက် က စပြီး တကျော့ပြန် စုပေါင်းတောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့ကြပါတယ်။
 
ဒီလိုတောင်းဆိုတာက ပိုလျှံချင်လို့ မဟုတ်ဘူး။ မနက်ဖြန်တွေမှာ ဗိုက်မဆာဘဲ အသက်ရှင်ချင်ရုံ သက်သက်ပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ ခါးသီးတဲ့ အရှိတရားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
 
အရင်က တစ်နေ့လုပ်အားခနဲ့ ဆန် ၅ ပြည် ဝယ်လို့ရခဲ့ပေမဲ့၊ အခုတော့ ဆန် ၁ ပြည်တောင် ဝယ်ဖို့မသေ ချာတော့ပါဘူး။ ၁၂,၀၀၀ ကျပ်ဆိုတာ မိသားစုတစ်စုရဲ့ တစ်နပ်စာ ဟင်းဖိုးထက် နည်းနေပါတယ်။
 
အာဟာရချို့တဲ့လို့ လုပ်ငန်းခွင်ထဲမှာ မူးလဲနေရတဲ့ အလုပ်သမားတွေ ၊ ဆေးတစ်လုံးဝယ်ဖို့ ချင့်ချိန်နေရတဲ့ ဘဝတွေပါ။ အကြွေးသံသရာထဲ လည်နေရတဲ့အတွက် အလုပ်ထဲမှာ စိတ်အေးလက်အေး မလုပ်နိုင်ဘဲ အမြဲတမ်း စိုးရိမ်ပူပန်မှုတွေနဲ့ ရှင် သန်နေရပါတယ်။
 
ဒီတောင်းဆိုမှုတွေဟာ ငွေကြေးတင်မကဘဲ လူပီသစွာ ရှင်သန်ခွင့်ရဖို့ "ဂုဏ်သိက္ခာ" အတွက် တောင်းဆို နေကြတာပါ။
တရားမျှတတဲ့ အခွင့်အရေးကို တောင်းဆိုတဲ့အခါ အလုပ်ရှင်တချို့ဟာ ညှိနှိုင်းဖြေရှင်းမယ့်အစား စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးမှူး ဆိုတာတွေကို စက်ရုံထဲ ခေါ်သွင်းလာ ကြပါတယ်။ နောက်ကပါလာတဲ့ "လူမိုက်အုပ်စု" တွေက အလုပ်သမားတွေကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်တယ်၊ သပိတ်ပြိုအောင် လူစုခွဲတယ်။
 
လုပ်ငန်းခွင်ဟာ စက်ရုံနဲ့မတူဘဲ စစ်တလင်းနဲ့ တူနေပါတယ်။ နစ်နာလို့ မတက်သာတဲ့အဆုံးမှာ သက်ဆိုင်တဲ့ အလုပ်သမားဝန်ကြီးဌာနတွေကို တိုင်ပြန်တော့လည်း အလုပ်သမား မျက်နှာကို မကြည့်ဘဲ၊ အလုပ်ရှင်အိတ်ကပ်ထဲက ပိုက်ဆံကိုပဲ ကြည့်နေကြပါတယ်။
 
အလုပ်သမားဝန်ကြီးဌာန ဆိုတာ အလုပ်သမားတွေ အားကိုးရာ ဖြစ်ရမဲ့အစား အလုပ်ရှင် အကာအကွယ် ပေးရေး အဖွဲ့အစည်း ဖြစ်နေပြီး လုပ်ငန်းရှင် အကျိုးစီးပွားအတွက် အလုပ် လုပ်နေကြတာ ဖြစ်ပါတယ်။
 
ဒီကြားထဲမှာ စက်ရုံ တစ်ရုံရုံမှာ လုပ်ခလစာတောင်းဆိုမှု သပိတ်တိုက်ပွဲ ဖြစ်ပြီဆိုရင် ဘယ်ကမှန်းမသိတဲ့ ကိုယ်ကျိုးရှာသူတွေ၊ အကျိုးစီးပွားအတွက် ဈေးကွက်တစ်ခုသဖွယ် အပြေးအလွှားရောက် လာတတ် ကြပါတယ်။
 
"ပြဿနာရှင်းပေးမယ်၊ တောင်းဆိုချက်ရအောင် လုပ်ပေးမယ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ အလုပ်သမား ဘယ်လောက်လဲ အရင်တွက်၊ တစ်ယောက်ကို ၂,၀၀၀ နှုန်းတောင်းပြီး အချောင်နိုက်တဲ့ ပွဲစားတွေက တစ်မျိုးပါ။
 
အလုပ်သမားတွေရဲ့ သွေးစုပ်ခံဘဝတွေကို အခွင့်ကောင်းယူပြီး ထပ်မံအမြတ်ထုတ်နေကြတာဟာ တကယ့်ကို စက်ဆုပ်စရာကောင်းလှပါတယ်။ ဒါဟာ အလုပ်သမားတွေရဲ့ ပြဿနာကို ဖြေရှင်းတာ မဟုတ်တော့ဘဲ လူသားချင်း စာနာမှု ကင်းမဲ့တဲ့ ခေါင်းပုံ ဖြတ်မှု တနည်းပြောရရင် စနစ်ကြီးတစ်ခုလုံးရဲ့ ပြဿနာ ဖြစ်ပါတယ်။
 
ကျွန်မတို့အားလုံး မေ့မထားသင့်တဲ့ အမှန်တရားတစ်ခု ရှိပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုရဲ့ အစော ဆုံး နံနက်ခင်းတွေမှာ အမှောင်ထုကို အရင်ဆုံး ဖြိုခွင်းပြီး လမ်းပေါ် ထွက်ခဲ့ကြတာဟာ ဒီအခြေခံ'အလုပ် သမားထုကြီး' ပဲ ဖြစ်ပါတယ်။
သူတို့ဟာ ကိုယ့်ရဲ့ တစ်နေ့တာ ဝမ်းစာကိုစတေး၊အလုပ်ပြုတ်ရင်ငတ်မယ့် ဘေးကို ဂရုမစိုက်ဘဲ တိုင်းပြည်အတွက် အလံကိုင်ပြီး ရှေ့ဆုံးက မီးရှူးတိုင် ဖြစ်ပေးခဲ့ကြတာပါ။
 
ဒီကနေ့ ကျွန်မတို့ ပြောနေတဲ့ တော်လှန်ရေးဆိုတဲ့ အသံတွေဟာ အဲ့ဒီနေ့က သူတို့ရဲ့ ကြမ်းတမ်းတဲ့ လက်ဖဝါးတွေ၊ ဟစ်ကြွေးသံတွေနဲ့ စတင်ခဲ့တာဆိုတာကို ဘယ်သူမှ ငြင်းလို့မရပါဘူး။
 
ဒါပေမဲ့ ဒီနေ့မှာတော့ နိုင်ငံရေးအပြောင်းအလဲတွေနဲ့ စစ်မီးတွေကြားမှာ အလုပ်သမားတွေရဲ့အသံဟာ တဖြည်းဖြည်း တိတ်ဆိတ်သွားသလို ခံစားရပါတယ်။
 
လူအများက နိုင်ငံရေးကိုပဲ အာရုံစိုက်နေကြချိန်မှာ တစ်ဖက်မှာတော့ အခြေခံလူတန်းစားတွေဟာ အလုပ်ရှင်နဲ့ အာဏာပိုင်တွေရဲ့ ပေါင်းစည်းဖိနှိပ်မှုကို "လူတန်းစားတစ်ရပ်လုံး" အနေနဲ့ အံကြိတ် ရင်ဆိုင်နေရပါတယ်။
 
သူတို့ရဲ့ တော်လှန်ရေးဟာ အခုတော့ အထီးကျန်လှတဲ့ "ဝမ်းစာတိုက်ပွဲ" အဖြစ် ပြောင်းလဲသွားရပါတယ်။ ဒါဟာ အလုပ်သမားတစ်ယောက်ချင်းစီရဲ့ တစ်ကိုယ်ရည် ပြဿနာမဟုတ်တော့ဘဲ စနစ်တကျ ဖိနှိပ်ခံနေရတဲ့ လူတန်းစားတစ်ရပ်လုံးရဲ့ ရှင်မလား၊ သေမလား ဆိုတဲ့ ဘဝရှင်သန်ရေးတိုက်ပွဲ ဖြစ်ပါတယ်။
 
အခြေခံလူတန်းစားဆိုတာ တိုင်းပြည် ရဲ့ ကျောရိုးပါ။ ဒီကျောရိုးသာ အတင်းအဓမ္မ ချိုးနှိမ်ခံလိုက်ရရင် ကျွန်မတို့ မျှော်လင့်နေတဲ့ လူ့ဂုဏ်သိက္ခာ နဲ့ တရားမျှတမှုဆိုတာလည်း တိုင်းပြည်မြေပုံပေါ်ကနေ အပြီးတိုင် ပျောက်ကွယ်သွားပါလိမ့်မယ်။
 
အခြေခံလူတန်းစားကို နင်းခြေပြီး ချမ်းသာနေတဲ့ အလုပ်ရှင်တွေနဲ့ အာဏာပိုင်တွေ သိထားရမဲ့ အမှန် တရား တစ်ခု ရှိပါတယ်။
 
အဲ့ဒါကတော့.. "ဗိုက်ဟောင်းလောင်းနဲ့ လူတစ်ယောက်ဟာ ဘာကိုမှမကြောက် တော့ဘူး" ဆိုတာပါပဲ။ အလုပ်သမားတွေရဲ့ သွေး၊ ချွေးတွေနဲ့ လည်ပတ်နေတဲ့ စက်ရုံတွေထဲမှာ အလုပ်သမားတွေ ငတ်ပြတ်နေ သရွေ့ လူကြီးမင်းတို့ တည်ဆောက်ထားတဲ့ စည်းစိမ်တွေဟာ ဘယ်တော့မှ အေးချမ်းတဲ့ အနားယူရာ ဖြစ်လာမှာ မဟုတ်သလို၊ မတည်ငြိမ်မှုတွေရဲ့ ရိုက်ခတ်မှုကိုလည်း လူကြီးမင်းတို့ ရှောင်လွှဲနိုင်မှာ မဟုတ် ပါဘူး။
 
ဖိနှိပ်မှုတွေနဲ့ အသံတိတ်အောင် လုပ်လို့ရမယ်လို့ ထင်နေရင် ဒါဟာ အမှားတစ်ခု၊ ပြီးတော့ ခဏတာသာ ဖြစ်ပါလိမ့်မယ်။
အမှန်တရားကို ဖုံးကွယ်ထားလေလေ၊ ပေါက်ကွဲထွက်လာမယ့် အရှိန်က ပိုပြီး ပြင်းထန်လေလေဆိုတာကို သတိပြုစေချင်ပါတယ်။
 
တိုင်းပြည်အမှောင်အတိကျချိန်မှာ ကိုယ့်ဝမ်းစာထက် တိုင်းပြည်အရေး က ပိုအရေးကြီးတယ်ဆိုပြီး ရှေ့တန်းကနေ မီးရှူးတိုင်ကိုင် လမ်းပြခဲ့ကြတဲ့ အလုပ်သမားထုကြီးကို အခုအချိန်မှာ အထီးကျန်စွာ ပစ်မထားလိုက် ပါနဲ့။
 
အလုပ်သမားတွေရဲ့ ဝမ်းစာတောင်းဆိုသံဟာ နိုင်ငံရေးနဲ့ သီးခြားမဟုတ်သလို၊ ခွဲခြားလို့လည်း မရပါဘူး။ အခြေခံလူတန်းစားတွေရဲ့ ဝမ်းစာရေးဟာ တိုင်းပြည်ရဲ့ အသက်ရှုလမ်းကြောင်း ဖြစ်ပါတယ်။ ဒီ အသက်ရှု လမ်းကြောင်း ဖြောင့်ဖြူးနေမှသာ ကအားလုံး မျှော်လင့်တဲ့ အနာဂတ်ဟာလည်း ခွန်အားအပြည့်နဲ့ ရှေ့ဆက် နိုင်မှာပါ။
 
စက်ရုံတံတိုင်းတွေနောက်က ဖုံးကွယ်ထားတဲ့ မတရားမှုတွေကို မျက်စိဖွင့် ကြည့် ကြပါ။ သူတို့အတွက် အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ စကားပြောပေးပါ။ လူတန်းစားတစ်ရပ် ဖိနှိပ် ခံရချိန်မှာ ဘေးထွက် နေခြင်းဟာ ဖိနှိပ်သူကို အားပေးနေခြင်းနဲ့ အတူတူပါပဲ။
 
စက်ရုံတံတိုင်းတွေနဲ့ ဖိနှိပ်မှုတွေကြားမှာ အလုပ်သမားတွေရဲ့ အသံကို တိတ်ဆိတ်အောင် လုပ်ခံ ထားရတဲ့ အခါ လူမှုအသိုင်းအဝိုင်းကြားထဲ ရောက်အောင် နည်းမျိုးစုံနဲ့ ပဲ့တင် ထပ်ပေးကြပါ။
 
ဖိနှိပ်သူတွေ အကြောက်ဆုံးအရာဟာ သူတို့ ကျူးလွန်နေတဲ့ မတရားမှုတွေကို လူအများ က သိရှိဖို့ စောင့်ကြည့်နေခြင်း ဖြစ်ပါတယ်။ အလုပ်သမားအသံတွေကို ဖုံးကွယ်ထားလို့ မရအောင် ကျွန်မတို့အားလုံးက အသံချဲ့စက်တွေ ဖြစ်ပေးကြရပါမယ်။
 
ဒီတောင်းဆိုသံတွေဟာ ဘယ်တော့မှ တိတ်ဆိတ်သွားမှာ မဟုတ်ဘူးဆိုတာပါပဲ။ ဖိနှိပ် မှုတွေနဲ့ အသံတိတ် အောင် လုပ်လို့ရတယ်ဆိုတာ ခဏတာသာ ဖြစ်ပါလိမ့်မယ်။
 
စက်ရုံတံတိုင်းတွေက ဘယ်လောက်ပဲ မြင့်ပါစေ၊ သေနတ်ပြောင်းတွေက ဘယ်လောက်ပဲ အားကောင်းပါစေ... ဆာလောင် မွတ် သိပ်နေတဲ့ အလုပ်သမားတွေရဲ့ တရားမျှတမှုအတွက် အော်ဟစ်သံဟာ ခေတ်စနစ်ရဲ့ နံရံတွေကို ထိုးဖောက်ပြီး ပဲ့တင်ထပ်နေဦးမှာပါ။
 
ကျွန်မတို့ဟာ နိုင်ငံရေးအပြောင်းအလဲကိုပဲ အရေးကြီးဆုံးလို့ ထင်မှတ်ပြီး ဒီတော်လှန်ရေးရဲ့ အသက်သွေး ကြောဖြစ်တဲ့ 'လူတန်းစားတိုက်ပွဲ' ကို မေ့လျော့နေကြပြီလား။
 
ဒီနေရာမှာ 'နိုင်ငံရေးထက် အလုပ်သမားရေးက ပိုအရေးကြီးလို့လား' ဆိုတဲ့ မေးခွန်းတွေ ရှိလာနိုင်ပါ တယ်။ တကယ်တော့ ဒါဟာ ဘယ်အရာက ပိုသာသလဲဆိုတဲ့ ယှဉ်ပြိုင်မှုမဟုတ်ဘဲ တစ်ခုနဲ့တစ်ခု ခွဲခြားလို့မရတဲ့ အပြန်အလှန် အထောက်အကူပြုမှုပဲ ဖြစ်ပါတယ်။
 
နိုင်ငံရေးဆိုတာ 'အဆောက်အအုံ' ဆိုရင်၊ အခြေခံလူတန်းစားတွေရဲ့ ဝမ်းစာနဲ့ ဂုဏ်သိက္ခာဟာ အဲ့ဒီ အဆောက်အအုံကို ထူမတ်ပေးထားတဲ့ 'အုတ်မြစ်' ပါပဲ။ အုတ်မြစ်တွေ ခိုင်မာအားကောင်းနေမှသာ ကျွန်မတို့ တည်ဆောက်ချင်တဲ့ နိုင်ငံရေး အဆောက်အအုံဟာလည်း ပိုပြီး တင့်တယ်ခိုင်ခံ့မှာ ဖြစ်ပါတယ်။
 
အလုပ်သမားတွေရဲ့ ဝမ်းစာရေး အခက်အခဲတွေကို အတူတူ ဝိုင်းဝန်း ဖြေရှင်းပေးခြင်းဟာ ကျွန်မတို့အားလုံး မျှော်လင့်တဲ့ ပန်းတိုင်ဆီကို ပိုပြီး ခရီးပေါက်စေမှာပါ။ အုတ်မြစ် ကို အလေးထား ဂရုစိုက်ခြင်းဖြင့်သာ ကျွန်မတို့ ဖြစ်ချင်တဲ့ အပြောင်းအလဲဟာ လူတန်းစား အားလုံး အတွက် တရားမျှတပြီး ပိုမိုပြည့်စုံတဲ့ အောင်ပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်။
တစ်ဖက်ကလည်း အဖိနှိပ်ခံ အလုပ်သမားထုကြီးကို အားပေးစကား ပြောချင်ပါတယ်။
 
အလုပ်သမား ထု ကြီးရဲ့ ကြမ်းတမ်းတဲ့ လက်ဖဝါးတွေဟာ ဒီတိုင်းပြည်ရဲ့ အစစ်အမှန် အုတ်မြစ်တွေပါ။ ဒီ တိုက်ပွဲမှာ တစ်ယောက်တည်းမဟုတ်ဘဲ လူတန်းစားတစ်ရပ်လုံး အတူတူရှိနေတယ် ဆိုတာကို အားလုံးက လက်တွေ့ရပ်တည်မှုတွေနဲ့ သက်သေပြရပါမယ်။
 
သမိုင်းပေးတာဝန်အရရော၊ လူသားချင်းစာနာမှုအရပါ ဒီလူတန်းစားတိုက်ပွဲမှာ အလုပ်သမားတွေ နဲ့အတူ နောက်တန်းကနေ ခိုင်ခိုင်မာမာ ဝိုင်းဝန်းဖေးမပေးကြဖို့၊ သူတို့ရဲ့ အသံတွေ တိတ်ဆိတ်မ သွားအောင် အတူတူ ဟစ်ကြွေးပေးကြဖို့ အားလုံးကို အလေးအနက် တောင်းဆိုလိုက် ပါတယ်ရှင့်၊၊
 
Photo - Titan Tree Myanmar (Tha Shu) စက်ရုံလုပ်သားများ လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှု ပြုလုပ်နေစဉ်

Related posts

Cover
တစ် နဲ့ တစ် ပေါင်းပြီး သုည ဖြစ်နေတဲ့ လူသားတန်ဘိုး ဆုံးရှုံးမှု၊ ဆင်းရဲမှု သံသရာ နဲ့ လူမှု တရားမျှတမှု
Feb 20, 2026
Cover
ပျောက်ဆုံးနေသည့် အနာဂတ်များ
Feb 12, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
"ပွဲစားခမှ လွတ်မြောက်ခွင့်အထိ (သို့) Yunnan Xiao Bu Garment စက်ရုံမှ လစာခေါင်းပုံဖြတ်မှု"
Nov 15, 2025
Cover
လာအို FUANLAI စက်ရုံက ငရဲခန်းလား ကျားဖြန့်လား။
Nov 12, 2025
Cover
သမဂ္ဂခေါင်းဆောင်တစ်ဦးလျှောက်ခဲ့တဲ့ "လမ်း"
Oct 30, 2025
Cover
အခြေခံလစာလား၊ ထောက်ပံ့ကြေးလား။ မြန်မာ့လုပ်သားတွေ ဘယ်လောက်အထိ ရေရှည်နစ်နာနေရသလဲ။
Oct 28, 2025