ARTICLE

"ယိုးဒယားပြည်သွားတောလား"

CoverLogo
32 Views

(ယခုဆောင်းပါးသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ စွန့်ခွာခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သူ ဆု ၏ ခက်ခဲကြမ်းတမ်းသော ခရီးစဉ်၊ အတွေ့အကြုံများနှင့် မြန်မာနိုင်ငံအတွက် သူမ၏ နက်ရှိုင်းသော မျှော်လင့်ချက်များကို တင်ပြထားပါသည်။)

မြန်မာ_ထိုင်း နယ်စပ်ဂိတ်တခုကိုကျော်ပြီး ထိုင်းနိုင်ငံထဲကို  ချောချောမွေ့မွေ ရောက်လာဖို့ "ဆု"အတွက် အနည်းဆုံး မိတ်ဆွေ ၁၀ ဦးထက်မနည်းရဲ့ အကူအညီကို ရယူခဲ့ရပါတယ်။ 

ဆုက သတင်းသမားတစ်ဦးဖြစ်တာကြောင့် မြန်မာနိုင်ငံကနေ ထိုင်းကို ထွက်လာဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ 

ဒါတောင်မှ ထိုင်းနိုင်ငံကိုရောက်ရင် ဘယ်လိုနေထိုင်မယ် ဘယ်လိုနေရာမှာ အလုပ်လုပ်မယ်ဆိုတာကိုတော့ ကြိုတင်ပြင်ဆင်ခဲ့နိုင်ခြင်းမရှိပါဘူး။

၂၀၂၅ ခုနှစ် ဇန်နဝါရီလရဲ့ အေးမြနေတဲ့ ရာသီဥတုက ဆု ကို အေးချမ်းသွားအောင်မလုပ်နိုင်ခဲ့ပါဘူး။ နယ်စပ်မြို့ကို ရောက်ဖို့ လမ်းတလျှောက် နိုင်ငံသားမှတ်ပုံတင်ကို ကားပေါ်ကနေ အကြိမ်ကြိမ်ဆင်းပြရတာ ၊ လက်နက်ကိုင်တပ်သားတွေကို တရိုတသေနဲ့ မေးသမျှဖြေရတာတွေအပြင် လမ်းခရီးမှာ လည်း ကားပေါ်မှာ ညအိပ်ရတာတွေတောင်ရှိခဲ့ပါတယ်။ 

ဆုရွေးချယ်ခဲ့တဲ့ လမ်းက ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းတွေကို ဖြတ်ကျော်ရတာမို့ စိမ်းညို့ညို့တောင်တန်းကြီးတွေ ဒေသခံတွေရဲ့ ဈေးတွေ စိုက်ခင်းတွေကို တဝကြီးကြည့်ရှူ့ခဲ့ရပြီး စိတ်ထဲက အကြိမ်ကြိမ်နှုတ်ဆက်နေမိခဲ့ပါတယ်။ 

ဖုန်တထောင်းထောင်းထနေတဲ့ လမ်းမကြီးတွေဘေးက သစ်ပင်တွေမှာဆိုရင်လည်း ဖုန်အလိမ်းလိမ်းနဲ့ အညိုရောင်တွေဖြစ်နေပါတယ်။ 

လူသူအသွားအလာကင်းမဲ့လုနီးပါးဖြစ်နေသလို တယောက်နဲ့တယောက် ပြုံးပြနှုတ်ဆက်တာမရှိတော့ တဲ့ မြန်မာနိုင်ငံနယ်နိမိတ် စည်းဝိုင်းထဲက နေ ဆုတယောက် ဘေးကင်းကင်းနဲ့ ဖြတ်ကျော်နိုင်မလားဆိုတာ စိိုးရိမ်နေပါတယ်။ 

မွန်းကြပ်မှု၊ ကြောက်ရွံ့ထိတ်လန့်မှုတွေရှိနေပေမယ့် ပထမဆုံးအတားအဆီးဖြစ်တဲ့ နယ်စပ်ဖြတ်ကျော်တံတားကို မိတ်ဆွေတွေရဲ့ အကူအညီနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံထဲကိုရောက်ရောက်ချင်း အပူလုံးကျသွားပေမယ့် သတ်မှတ်ထားတဲ့နေရာကို မရောက်မချင်း သက်ပြင်းမချရဲသေးပါဘူး။

ဆု သွားမယ့် မြို့ကို ခေါ်သွားပေးမယ့် သူတွေနဲ့ ချိတ်ဆက်ပြီးတဲ့နောက်မှာတော့ အိမ်စီးကားတစ်စီးက လာရောက်ခေါ်ဆောင်ပါတယ်။ တကယ်တမ်းကတော့ ဆုလို အထောက်အထားမရှိဘဲ ထိုင်းနိုင်ငံရဲ့ မြို့တွေထဲသွားမယ့် သူတွေကို တစ်နေရာမှာ လူစုနေတုန်းပါ။ 

(လမ်းမှာ ကားပြောင်းစီးရတာနဲ့ လမ်းကြောင်းတွေကို တော့ လုံခြုံရေးအခြေအနေကြောင့် မဖော်ပြတော့ပါ။)

ဆုတို့ စီးရမယ့်ကား ( ပွဲစား) ရောက်လာတော့ ကားဒရိုင်ဘာရဲ့နောက်ခန်းထဲကို အမျိုးသားတွေကို အရင်ထိုင်ခိုင်းပါတယ်။ နောက်အမျိုးသား တစ်ဦးချင်းစီရဲ့ ပေါင်ပေါ်မှာ အမျိုးသမီးတွေထိုင်လိုက်ရမှာဖြစ်ပါတယ်။ 

တကယ်တမ်း လူနှစ်ယောက်၊ အလွန်ဆုံး သုံးယောက်သာ စီးရမယ့်နေရမှာ လူ ၁၃ ယောက်ကို အထုတ်လေးတွေစီသလို ကျပ်ညပ်နေအောင်ထည့်ထားတာပါ။ 

ဒီနေရာမှာတော့ ဆု ရဲ့ ဘာသာစကားက တိုးမပေါက်တော့ပါဘူး။ ဒီတိုင်းငြိမ်ငြိမ်လေးဘဲ သူစိမ်းအမျိုးသားတစ်ဦးရဲ့ ပေါင်ပေါ်မှာ ကွေးကွေးလေးထိုင်လိုက်ခဲ့ရုံပဲတတ်နိုင်ပါတော့တယ်။ 

ဆု တို့ အရင်တုန်းက ရေးသားဖော်ပြခဲ့တဲ့ သတင်းတွေထဲမှာ ထိုင်းနိုင်ငံကို ဝင်ရောက်ရင်း အစုလိုက်အပြုံလိုက်အဖမ်းခံရတဲ့ သတင်းတွေထဲက အတိုင်းပါပဲ။ ကိုယ်တိုင်သတင်းထဲက ဇာတ်ကောင်ဖြစ်သွားမလားဆိုတာ တန်ခိုးရှင်တွေသာ ကြိုသိနိုင်တော့မှာပါ။ 

သွားချင်တဲ့မြို့ကို ရောက်ဖို့ ၆ နာရီကျော်ကြာမြင့်အောင် ကားထဲပုံစံမပျက် လိုက်ပါခဲ့ရသလို ရေဘူးနဲ့ ဖိနပ်တွေတောင် ဘယ်နားရှိမှန်းမသိရလို့ အောင့်အည်းသည်းခံပြီး နေခဲ့ရပါတယ်။ 

ဆုရဲ့ဘေးမှာ အခြားအမျိုးသား ၅ ဦး ရဲ့ ပေါင်ပေါ် ခွေခွေလေးလိုက်လာတဲ့ အမျိုးသမီးလေးတွေလည်း ပါပါတယ်။ အောက်ကအမျိုးသားက အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို လိုက်လံကိုင်တွယ်လို့ အော်ငိုတာတွေ၊ ကားမူးလို့ အမျိုးသမီးတွေ အန်ကြတဲ့အခါမျိုးမှာ ဆိုရင် သူတို့ရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ပြီး မျက်ရည်ကျရုံပဲတတ်နိုင်ခဲ့ရပါတယ်။ ဆုကိုယ်တိုင်လည်း တကိုယ်လုံးထုံကျင်နေလို့ နာကျင်မှုတောင်မခံစားရတော့ပါဘူး။

လက်ထဲမှာ တင်းတင်းဆုပ်ကိုင်ထားတဲ့ ဖုန်းက သွားနေတဲ့ လမ်းကြောင်းရယ် နာရီကြည့်တာရယ်ပဲ အသုံးဝင်ခဲ့ပြီး အဖော်တွေကို ရောက်တော့မှာဖြစ်ကြောင်း အားတင်းထားကြဖို့ တတွတ်တွတ်ပြောနေမိတယ်။ 

စိတ်ထဲမှာလဲ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့၊ ထိုင်းနိုင်ငံထဲမှာ ဘေးကင်းကင်းနဲ့ နေနိုင်ပြီး အလုပ်လုပ်ဖို့  ဘာသာစကားသင်ဖို့ ပြီးတော့ ထိုင်းဘုရင်ကြီးကိုလည်း အသက်ရှည်ပါစေကြောင်း ထပ်ခါထပ်ခါ ဆုတောင်းနေမိတယ်။ 

"အဖမ်းခံရလို့ မြန်မာပြည်ထဲပြန်ရောက်သွားလဲ ကံပဲပေါ့"လို့ စိတ်ဖြေပေမယ့် ခြင်းတောင်းထဲက ငှက်ကလေးတွေလို ငြိမ်ပြီးလိုက်ပါဖို့ တစ်လမ်းပဲရှိတော့တာပါ။ 

အခြေစိုက်မယ့် မြို့ကိုရောက်တဲ့ မိတ်ဆွေတွေရဲ့ အကူအညီရယူပြီး ဘေးကင်းလုံခြုံတဲ့နေရာရောက်တော့မှပဲ  ခရီးစဉ်ကို စောင့်ကြည့်နေသူတွေ  သက်ပြင်းချနိုင်ပါတော့တယ်။ အခုခရီးစဉ်အတွက် စုစုပေါင်းကုန်ကျစရိတ် ကျပ် ၁၀ သိန်းဝန်းကျင် ပေးရပါတယ်။ 

ခရီးဆုံးရောက်တော့မှ အဝငိုတော့မယ်လို့ တွေးပြီးအားတင်းထားပေမယ့် တကယ်တမ်းတော့ ဆို့နင့်ပြီး ငိုလို့မရခဲ့ပါဘူး။ ဒီအကြောင်းတွေကို စိတ်ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့ ဖွင့်ဟပြောပြချိန်ကျမှသာ မျက်ရည်ဖြောင့်ဖြောင့်ကျနိုင်ခဲ့ပါတယ်။ 

"ဘာကြောင့်ထိုင်းနိုင်ငံကို ထွက်လာရတာလဲ"

“ဘာကြောင့် ထိုင်းနိုင်ငံကို ထွက်လာရတာလဲ” လို့ မေးမယ်ဆိုရင်တော့ အလုပ်အကိုင်အခွင့်အလမ်းတွေရှာဖို့၊ မြန်မာပြည်မှာ ကျန်ခဲ့တဲ့  မိသားစုဝင်တွေကို ထောက်ပံ့ဖို့၊ မလွတ်လပ်မလုံခြုံတဲ့နေရာကနေ လွတ်လွတ်လပ်လပ် အလုပ်လုပ်လို့ရမယ့်နေရာကို သွားကြတာလို့ အများစု ဖြေကြမှာပါ။ 

တကယ်တမ်းတော့ ဆု အတွက် ထိုင်းနိုင်ငံကို ထွက်ခွာလာတဲ့လမ်းတလျှောက်မှာ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်ရေရေရာရာမရှိခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်သတ်မှတ်ချက်ထဲမှာ နေထိုင်သရွေ့တော့ ရှုသွင်းလိုက်တဲ့လေက အစ လေးလံမှုတွေအပြည့်နဲ့ပါ။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့လို မြို့ကြီးတွေမှာသာမက တောနယ်တွေပါ မကျန် သတင်းသမားတွေအတွက် နေရာ မရှိ သလောက် ရှားပါးသွားပါတယ်။ အထူးသဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့သတင်းသမားတွေအတွက်ဆိုရင် ပိုမှန်ပါတယ်။ 

အာဏာရှင် ဗျူရိုကရေစီ ယန္တရားရဲ့ အောက်ဆုံး အဆင့်ဖြစ်တဲ့ ဆယ်အိမ်မှူး ကနေ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဆင့်အထိက မိမိတို့ ရပ်ကွက်ထဲ ဘယ်သူတွေ ဝင်ထွက်သွားလာနေတယ်။ ဘယ်သူက ဘာအလုပ်လုပ်တယ်ဆိုတာအထိကို စောင့်ကြည့်နေကြတာပါ။ 

သူတို့နဲ့ ဘက်တော်သားမဟုတ်ရင် ဒါမှမဟုတ် တော်လှန်ဆန့်ကျင်သူလို့ ယူဆရင်တော့  လက်နက်ကိုင်တပ်သားတွေကိုယ်တိုင် လူမြင်ကွင်းမှာ လာရောက် ပစ်ခတ်သတ်ဖြတ်တဲ့အထိ လုပ်ဆောင်ပါတယ်။ 

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ဧည့်စာရင်း ဥပဒေပြဌာန်းပြီး မိမိနေအိမ်မဟုတ်တဲ့ နေရာမှာ နေထိုင်သူ ( ဥပမာ _အိမ်ငှားနေသူ) အားလုံး အဲ့ဒီပုဂ္ဂိုလ်တွေထံ မဖြစ်မနေ ဧည့်စာရင်းတိုင်ကြားရသလို အခကြေးငွေလည်းပေးရပါတယ်။ အနည်းဆုံး မြန်မာငွေ ၅၀၀ ကျပ်ကနေ အစားစားပါ။ 

၂၀၂၄ ၊ ဖေဖော်ဝါရီလ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်းမှာတော့ တောရော မြို့ပါမကျန် အိမ်တိုင်း စစ်မှုထမ်းကြေးနဲ့ ကင်းကြေး ကို အဓမ္မကောက်ခံတာပါ။ အနည်းဆုံး ၃၀၀၀၀ ကျပ်ကနေ သိန်းဂဏန်းအထိ မိမိတို့ရဲ့ လစဉ်အိမ်အသုံးစရိတ်ကနေ တာဝန််တရပ်လို  ဖဲ့ပြီးပေးဆပ်ရတာပါ။ 

မိသားစု စားဝတ်နေရေး ရှာဖွေလုပ်ကိုင်ရတာအပြင် စစ်မှုထမ်းဖိအားကြောင့် လူငယ် အများအပြား ပြည်ပထွက်ခွာဖို့ မဖြစ်မနေစဉ်းစားကြရပါတယ်။ ပြည်ပထွက်ခွာရာမှာလည်း ချောချောမွေ့မွေ့မဟုတ်ဘဲ ပထမဆုံးအကြိမ်ထွက်ခွာသူကို ခွင့်မပြုတာ ၊ PSMS စနစ်နဲ့ ဖမ်းဆီးတာ ၊ ပြည်ပအလုပ်လုပ်ခွင့်ကိုလည်း ကန့်သတ်မှုတွေအများအပြား လုပ်ဆောင်ထားပါတယ်။ 

"အာဏာရှင်သာ မရှိရင် ဘယ်သူမှ မိ ဝေး ဖဝေးနဲ့ ပြည်ပမသွားဘူး" လို့ ရွှေ့ပြောင်းအလုပ်သမား တစ်ဦးက ပြောပါတယ်။ 

"ထိုင်းနိုင်ငံရှိ အလုပ်သမားဘဝနှင့် ငွေကြေးဝန်ထုပ်ဝန်ပိုးများ"

သတင်းသမား ဆုဟာ ထိုင်းနိုင်ငံကို ရောက်ရှိတဲ့အချိန်ကစပြီး ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝနဲ့ အခြေအနေကို မျက်မြင်ကိုယ်တွေ့ရင်ဆိုင်ခဲ့ရပါတယ်။ 

ရောက်ရောက်ချင်းမှာ အထောက်အထားမရှိတာကြောင့် အထောက်အထား ဘတ်ရိုက်( မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီယားနှင့် ဗီယက်နမ်လုပ်သားတွေအတွက်သာ ) ဖို့ လုပ်ရပါတယ်။ အဲ့ဒီအထဲမှာ နေထိုင်ခွင့် ပန်းရောင်ကတ် နဲ့ အလုပ်လုပ်ခွင့် ပါမစ် တွေပါဝင်ပါတယ်။ 

စာရင်းသွင်းထားတဲ့ ဆေးရုံမှာ သွေးစစ်၊ ဆီးစစ်၊ ဓါတ်မှတ်ရိုက်တာ ၊ မျက်လုံး စကင် eye scan ဖတ်တာ၊ လက်ဗွေနှိပ်တာနဲ့ ဓါတ်ပုံရိုက် စာရွက်စာတမ်းတွေရယူဖို့  ဘတ် ၁၈၀၀၀ ခန့် မြန်မာကျပ်ငွေ ၂၃ သိန်းကျပ်ဝန်းကျင် ကုန်ကျပါတယ်။  

တရားဝင် အလုပ်သမားအဖြစ် စာရွက်စာတမ်းရရှိဖို့ ၃ လခန့်ကြာမြင့်ခဲ့ပါတယ်။ ဒီကုန်ကျစရိတ်က တနှစ်စာ ဖြစ်ပြီး သက်တမ်းကုန်ပါက ထပ်မံ သက်တမ်းတိုးရပြီး အနည်းဆုံး ဘတ် ၇၀၀၀ နှင့်အထက် ကျပ် ၉ သိန်းဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။ 

လက်ထဲမှာ သက်တမ်းရှိ နိုင်ငံကူးလက်မှတ် passport ရှိပါက အလုပ်သမားဗီဇာ နဲ့ တရားဝင်နေထိုင်နိုင်ပြီး နိုင်ငံကူးလက်မှတ်မရှိပါက  နှစ်နိုင်ငံအစိုးရပူးပေါင်းပြီး CI ( အစိမ်းရောင်စာအုပ်) ထုတ်ပေးပါတယ်၊ CI အတွက် ကုန်ကျစရိတ် ဘတ် ၂၀၀၀ ကျော်သာ ကုန်ကျမယ်လို့ တရားဝင်ထုတ်ပြန်ထားပေမယ့် တကယ်တမ်းမှာတော့ ဗီဇာထည့်ဖို့ ( တုံးထု ၂ ကြိမ်) အတွက် ဘတ် ၁၂၀၀၀ ဝန်းကျင် ဈေးပေါက်နေပါတယ်။ အဲ့တာက မြန်မာကျပ်ငွေ ၁၅ သိန်းဝန်းကျင်ပါ။ 

ငွေကြေးကုန်ကျမှု ကြီးမြင့်ပေမယ့် ပွဲစားများကိုသာ အားကိုးရတဲ့အခြေအနေဖြစ်နေတာပါ။ ထိုင်းအစိုးရက လုပ်သားတွေအတွက်က ကိုယ်တိုင်လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို အကြံပြုပေမယ့် လုပ်ငန်းစဉ်ကြာမြင့်တာ သွားလာရတာ ဘာသာစကားအခက်အခဲတွေကြောင့် အများစုက ပွဲစားနဲ့ သာ လုပ်ဆောင်ကြရပါတယ်။ 

နိုင်ငံကူးလက်မှတ် သက်တမ်းကုန်သူတွေ အထူးသဖြင့် CDM ဝန်ထမ်း တွေကို ထိုင်းနိုင်ငံနဲ့ အခြား ဆိုက်ရောက်နိုင်ငံတွေရဲ့ မြန်မာသံရုံးတွေက သက်တမ်းမတိုးပေးတာတွေ လည်း ကြုံတွေ့နေရလို့ အထောက်အထားမဲ့ နေထိုင်ရမှုတွေ မြင့်တက်လာနိုင်ပါတယ်။ 

အခုဖော်ပြထားတာက ထိုင်းနိုင်ငံကို အထောက်အထားမဲ့ ဝင်ရောက်ပြီး အဖမ်းအဆီးမခံခဲ့ရသူတွေရဲ့ တရားဝင်ကုန်ကျစရိတ်တွေဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေ ၊ ပွဲစားအလိမ်ခံရသူတွေနဲ့ မတော်တဆ သေဆုံးသွားသူတွေရဲ့ ဆုံးရှုံးသွားတဲ့ အသက််နဲ့ ကုန်ကျစရိတ်တွေ မပါဝင်ပါဘူး။ 

အလုပ်အကိုင်ရရှိမှုမှာလဲ ထိုင်းဘာသာစကားနဲ့ နီးစပ်တဲ့ ရှမ်း( ထိုင်းယိုင်) နဲ့ မွန် စကား တတ်ကျွမ်းသူတွေအတွက်တော့ အလုပ်ရတာပိုမိုလွယ်ကူစေတဲ့ အားသာချက်တခုဖြစ်ပါတယ်။ 

ဒါ့အပြင် အလုပ်လုပ်ကိုင်ခွင့်ရရှိထားပေမယ့်လည်း တားမြစ်ထားတဲ့ အလုပ်အကိုင် ၂၇ မျိုး ဈေးရောင်း၊ စက်ချုပ်၊ ဆံပင်ညှပ်၊ အလှပြင်လုပ်ငန်း လိုလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်မရှိပါဘူး။ 

ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့  ဘန်ကောက်လိုမြို့ကြီးတွေနဲ့ တောင်ပိုင်း ကမ်းခြေဒေသတွေကို အလုပ်အကိုင်အခွင့်အလမ်းအတွက် ပိုမိုရွေးချယ်ကြပါတယ်။ လစဉ်ကုန်နေထိုင်စားသောက်စရိတ်ကုန်ကျငွေကတော့ လူတဦးလျင် တစ်လကို အနည်းဆုံး ဘတ် ၅၀၀၀  ကနေ ၁၅၀၀၀ ( ကျပ် ၇ သိန်းကျနေ သိန်း ၂၀ ဝန်းကျင် ) ကုန်ကျပါတယ်။ 

ဒါတွေက သာမန်အခြေအနေ ရွှေ့ပြောင်းလုပ်သားတွေအတွက် ပမထဆုံးရင်ဆိုင်ရတဲ့  စိန်ခေါ်မှုတွေဖြစ်ပါတယ်။ နောက်ထပ် ရင်ဆိုင်ရမှာတွေကတော့ သွားရေးလာရေးအတွက် စရိတ်နဲ့ လိုင်စင် တွေလိုအပ်ပါတယ်။ စည်းကမ်းဖောက်ဖျက်မိပါက ဒီထက်မက ငွေကုန်များမှာဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံကို သွားရောက်နေထိုင်ကြတဲ့အထဲက ဆိုးကျိုးကိုပြောရင် ကုန်ကျစရိတ်ကြီးမြင့်တာ  အထောက်အထားမစုံလင်သူတွေအနေနဲ့ ဖမ်းဆီးခံရနိုင်တာ၊ အစွန်းရောက် အဖွဲ့အစည်းတွေရဲ့ ရန်ပြုခံရတာ ၊ အိမ်လခ ၊ စားစရိတ်၊ သွားလာရေးစရိတ်ကြီးတာ နဲ့ အလုပ်အကိုင် မရှိပါက စိတ်ဖိစီးမှုတွေကြုံရနိုင်ပါတယ်။ 

ဒီအထဲမှာ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ လူနေမှုစရိတ်ကြီးမြင့်တာက ထိုင်းပြည်သူတွေကိုယ်တိုင်လဲ ကြုံတွေ့နေရတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ နိုင်ငံသားအခွင့်အရေးတွေအနေနဲ့ ပညာရေး ကျန်းမာရေးအခြေခံစောင့်ရှောက်မှုတွေမှာတော့ မြန်မာနိုင်ငံထက်ပိုမိုအဆင့်အတန်းမြင့်မားနေတာ လေးစားအားကျစရာကိစ္စရပ်ဖြစ်ပါတယ်။ 

ကောင်းကျိုးအနေနဲ့ကတော့ ထိုင်းနိုင်ငံမှာ နေထိုင်ရတာ ဘေးကင်းလုံခြုံတယ်လို့ ခံစားရပါတယ်။  အစားအသောက်တွေကောင်းမွန်တာ ၊ လျှပ်စစ်မီး ပုံမှန်ရတာ၊ အင်တာနက်လိုင်းကောင်းမွန်တာ ၊ လူမှု့အဆင့်အတန်းမြင့်မားစွာနေထိုင်နိုင်တာ၊ ကျန်းမာရေးနှင့်ပညာရေး အတွက် အာမခံချက်ရှိတာ၊ လက်ရှိကမ္ဘာနှင့်တသားတည်း သတင်းအချက်အလက်နဲ့ အသိအမြင်တွေရရှိနိုင်တာတွေ ဖြစ်ပါတယ်။

"ထိုင်းက အခုလို မြန်မာနိုင်ငံသားအများအပြားကို ခိုလှုံခွင့်ပေးတာ ကျေးဇူးတင်စရာပါ။ ဒါပေမယ့် အလုပ်အကိုင်ရှားပါးတာ နှစ်နိုင်ငံ ဝန်ကြီးဌာနတွေပေါင်းပြီး ဗီဇာကြေး၊ စာရွက်စာတမ်းကြေး အဆမတန် ပေးရတာနဲ့ အားကိုးစရာမရှိတဲ့ သူမျိုးတွေအတွက်ဆိုရင်တော့ မလွယ်သေးဘူး"လို့ ထိုင်းနိုင်ငံရောက်ရှိနေသူတစ်ဦးက မှတ်ချက်ပြုပါတယ်။  

ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်ဖို့ စာရွက်စာတမ်းတွေလိုအပ်သလို မြန်မာနိုင်ငံသားအနေနဲ့လည်း OWIC လို့ခေါ်တဲ့ Oversea Workers Identity Card လုပ်ဆောင်ရပါတယ်။ တကယ်လို့ မြန်မာနိုင်ငံကို ခေတ္တအလည်လာချိန်မှာ အဲ့ဒီကတ်မှာပါတဲ့ အလုပ်ရှင် ကုမ္ပဏီအမည်နဲ့ အမှန်တကယ်အလုပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီ အမည်မတူလို့ဆိုပြီး ထိုင်းကို ပြန်ထွက်ခွင့်မပေးတာကြောင့် နိုင်ငံတွင်းပြန်လည်ပိတ်မိခဲ့ရတဲ့ အလုပ်သမားတွေ နစ်နာဆုံးရှုံးကြတာလည်းရှိပါတယ်။ 

ဒါ့အပြင် နိုင်ငံအလိုက် တရားဝင်အလုပ်သွားရောက်လုပ်ကိုင်ခွင့်ကို လူဦးရေကန့်သတ်ထားပြီး အနည်းအကျဉ်းသာ ထွက်ခွင့်ပေးတာ ကြောင့် ပြည်ပအလုပ်အကိုင်အခွင့်အလမ်းအတွက် အောက်လမ်း ( စနစ်မှ သွေဖည်ပြီးသွားရောက်ခြင်း) ကို အသုံးပြုကြရပါတယ်။ 

"ပျက်စီးသွားသော မြန်မာပြည်နှင့် အနာဂတ် မျှော်မှန်းချက်"

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ ပြန်လည်နှိုင်းယှဉ်မယ်ဆိုပါက စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း လူနေမှုဘဝတွေ ဆုတ်ယုတ်ပျက်စီးခဲ့ရပြီး ပြည်သူတွေဟာ စိုးရိမ်သောကတွေနဲ့ နေ့စဉ် ကျော်ဖြတ်နေတာပါ။ 

လက်ရှိမှာ လုပ်သားရှားပါးမှု၊ အလုပ်အကိုင်များပျောက်ဆုံးနေမှုနှင့်အတူ စစ်ဘေးဒဏ်၊ သဘာဝဘေးအန္တရာယ်အပြင် ကုန်ဈေးနှုန်းကြီးမြင့်မှု စာရေရိက္ခာ ရှားပါးမှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။ 

အခြေခံလုပ်ခလစာကို တရားဝင် ၄၈၀၀ ကျပ်၊ ထောက်ပံ့ငွေ ၃၀၀၀ ကျပ် သတ်မှတ်ထားပြီး လုပ်ခတရားဝင် တိုးမြှင့်ပေးဖို့ မျှော်လင့်ချက်နည်းပါးနေပါတယ်။ အခြေခံအလုပ်သမားတွေအနေနဲ့ အချိန်ပို  ဆင်းပြီး တစ်လလျင် လုပ်ခ ၅၀၀၀၀၀ ( ငါးသိန်းကျပ်) ဝန်းကျင်ရရှိမှာ စားသောက်ရုံအခြေအနေရှိနေတာလည်းဖြစ်ပါတယ်။ 

လူသုံးအများဆုံး ဆန်ကြမ်း တအိတ်ကို ၇၅၀၀၀ ဝန်းကျင်ရှိပြီး ကြက်ဥ ၁၀ လုံး ၅၅၀၀ ကျပ် ၊ ကန်စွန်းရွက် တစီးလျင် ၁၀၀၀ ကျပ် ဈေးပေါက်နေပြီး အနီးအနား သွားလာရေးအတွက် ကျပ် ၂၀၀၀ ဝန်းကျင် ပေးရသလို နေစရိတ်အတွက်  ၁၀ ပေပတ်လည် အခန်းငှားခ ၆ သောင်းခွဲကျပ်မှ ၈ သောင်းခွဲကျပ်ရှိနေပါတယ်။ 

လူဦးရေထူထပ်ပြီး ကျယ်ဝန်းတဲ့ လှိုင်သာယာလိုစက်မှုဇုန် ဒေသတွေမှာ ဆိုင်ကယ်စီးခွင့်ပိတ်ပင်ထားလို့ သွားလာရေး စရိတ်အဆမတန်မြင့်တက်နေပါတယ်။ 

ဓါတ်ဆီလိုအပ်ချက်ကြောင့်  ယာဉ်များ စုံ တရက် မ တရက်သာ သွားလာခွင့်ပြုတာ ၊ လျှပ်စစ်မီး အလုံအလောက်မရှိတာကြောင့် လုပ်ငန်းတွေထိခိုက်တာ ၊ အင်တာနက် မရတာ၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာ၊ စစ်ဒေသတွေမှာ ပညာရေးထိခိုက်တာတွေ ပါ ဖြစ်ပေါ်နေတာပါ။ 

အဆိုးရွားဆုံးကတော့ တရားဥပဒေစိုးမိုးမှု ကင်းမဲ့ပြီး ခိုးဆိုးလုနှိုက်ပေါများတာ၊ အစိုးရဝန်ထမ်းတွေ လာဘ်ပေးလာဘ်ယူ များပြားတာ၊ အာဏာသိမ်းစစ်တပ်နှင့် သက်ဆိုင်သူ များက အခွင့်အရေးရရှိပြီး ပြည်သူကို ဖိနှိပ်တာတွေ ပြုလုပ်တာကြောင့် လူ့အခွင့်အရေး စံနှုန်းတွေနဲ့ သွေဖည်တဲ့ အဝန်းအဝိုင်းတခု ဖြစ်ပေါ်နေတာပါ။ 


မြန်မာပြည်သူတွေရဲ့ အိမ်ပြန်ချိန် 

"မီးမှန်တာရယ်၊ Wifi ကောင်းကောင်းသုံးလို့ရရင်ကို တန်နေပါပြီ ထိုင်းမှာကလေ၊ ပြည််တွင်းမှာတော့ ဖုန်းအားတောင် ခြွေတာပြီးသုံးနေရတယ်။ ခြင်တွေလည်းကိုက်တယ်၊ ဆူညံတာတော့ပြောမနေနဲ့ " လို့ ရန်ကုန်မြို့မှာ နေတဲ့ ဆုရဲ့ သူငယ်ချင်းသတင်းသမားကမှတ်ချက်ပေးပါတယ်။ 

ဆု အပါအဝင် သန်းနဲ့ချီတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေဟာ သူတို့ရဲ့ အိမ်ပြန်ချိန်ကို မျှော်လင့်စောင့်ဆိုင်းနေကြတာပါ။ 

အဲ့ဒီအချိန်ဟာ ပြည်သူလူထုအကျိုးကို မျက်ကွယ်မပြုတဲ့ တရားမျှတပြီး လိုက်လျောညီထွေရှိတဲ့ အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေအုပ်ချုပ်တဲ့အချိန်ဆိုတာကိုတော့ အားလုံးကို သိရှိနေကြပါတယ်။ 

ဆုလာဘ်ဖြူ

 


Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026