သံလွင်မြစ်ကမ်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးရဲ့ မနက်ခင်းဟာ သံလွင်မြစ်ရေနဲ့ အစပြုပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေကအစ နေ့စဉ် လူမှုဘဝရဲ့ ရေ လိုအပ်ချက်တွေအတွက် မြစ်ရေ ကိုသာအဓိက ထားပြီးသုံးစွဲနေကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲနှစ်ကုန်ပိုင်းလောက်က စပြီး "သံလွင်မြစ်ရေဟာ မသန့်တော့ဘူး၊ အဆိပ်ဓါတ်တွေ ပါဝင်နေတယ်၊ သောက်သုံးရန်မသင့်ဘူး" ဆိုတာ ဒေသခံတွေ သိခဲ့ရပါတယ်။
မြစ်ရေက သောက်သုံးရန်မသင့်ဘူးလို့ သိလာပြီးနောက်မှာ သံလွင်မြစ်ဝှမ်းမှာ နေထိုင်တဲ့ လူဦးရေ ခြောက်သန်းကျော် အတွက် အဓိကရင်ဆိုင်ရတဲ့ အခက်အခဲက သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိမှု ဖြစ်ပါတယ်။
မြစ်ရေကနေ အလွယ်တကူ သုံးစွဲလာတဲ့ နေ့စဉ်လူမှုဘဝ တွေကနေ သန့်ရှင်းတဲ့ရေရဖို့ အတွက် သံလွင်မြစ်ဝှမ်းမှာ နေထိုင်နေတဲ့ အမျိုးသမီးတွေ မှာ ပိုပြီးဝန်ပိလာတယ် လို့ ဒေသခံ အမျိုးသမီးတွေ ဆီကက သိရပါတယ်။
သန့်ရှင်းတဲ့ရေရဖို့ အတွက် အများစုက အမျိုးသမီးတွေကပဲ ရေသွားခပ်ရတာဖြစ်ပါတယ်။ တချို့နေရာ တွေမှာ ရေရဖို့ နာရီနဲ့ချီ လမ်းလျှောက်ရတာတွေရှိတယ်။ ဒီလိုအခြေအနေတွေက နေ့စဉ်နဲ့အမျှ အမျိုးသမီးတွေ အနေနဲ့ရေခပ်ဖို့ အချိန်နဲ့ ခွန်အား ကို ပိုသုံးနေရပါတယ်။
တစ်နေ့တာ ရေလိုအပ်ချက်အတွက် ရေသွားခပ်ရတာ တစ်ရက်ကို အချိန် နှစ်နာရီခွဲလောက် ကြာချိန်ရှိ တယ်လို့ ကရင်နီပြည်နယ်၊ မိုလိုချောင်းအနီးမှာ နေထိုင်တဲ့ ကလေး ၃ ယောက်မိခင် အသက် ၃၈ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
“အခု ရေတွေမသုံးတော့ ဖို့ သတိပေးထားတယ်လေ။အဲ့လိုဆိုတော့ အစ်မတို့က ရေရဖို့အတွက် တွင်းရှိတဲ့ နေရာကို သွားရတယ်။ ရေခပ်ဖို့ မနက်စောစောထရတယ်။ ကလေးတွေကို ကျောင်းမပို့ခင် ရေရအောင် အရင်လုပ်ရတယ်။ ပုံမှန်ထက် အလုပ်ပိုရှုပ်တယ် အချိန်ပိုကုန်တာပေါ့ ။ပိုလည်း ပင်ပန်းတာပေါ့။” လို့ သူက ဆက်ပြီးပြောပြပါတယ်။
ကိုယ်ခွဲမရှိတဲ့ ကလေးမိခင်တွေအနေနဲ့လည်း ရေသွားခပ်ရင် ကလေးတွေ ခေါ်သွားဖို့ မဖြစ်နိုင်လို့ အိမ်မှာပဲ ဒီအတိုင်း ကြည့်ရှု့မယ့်သူမရှိဘဲ ထားခဲ့ရတာမျိုးရှိတယ်လို့ သောက်သုံးရေသွားခပ်ရတဲ့ အခြေအနေကို ကရင်ပြည်နယ်၊ ဘားအံ့မြို့နယ်ကမိဇံ ရွာမှာ နေထိုင်တဲ့ ၄၅ နှစ်အရွယ် ကလေး၄ ယောက်မိခင် နော်မေ (အမည်လွှဲ)က ပြောပါတယ်။
“အမျိုးသားက တော်လှန်ရေးတပ်ထဲဝင်သွားတာ ။အဲ့တော့ ကလေး တွေနဲ့ အနောပဲ ကျန်ခဲ့တာ။ ရေသွားခပ်ရင်အချိန်ပေးရတယ်လေ။ကလေးတွေကလည်း ငယ်တော့ အနောပဲ လုပ်ရတာ။ ကလေး တွေ ထားခဲ့ရင် စိတ်ပူရတာပေါ့။” လို့သူကပဲ ဆက်ပြောပါတယ်။
စစ်ဘေးရှောင် စခန်းတွေမှာ နေထိုင်ရတဲ့ အမျိုးသမီးတွေ အနေနဲ့လည်း သောက်သုံးရေရရှိဖို့ ရေသွားခပ်ရတဲ့အခါ နေရာဝေးတဲ့အတွက် သူတို့ရဲ့လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေတွေရှိတယ်လို့ စစ်ဘေးရှောင်ဒေသခံတွေဆီက သိရပါတယ်။
သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိဖို့ ကြိုးစားနေကြရပေမယ့် အခုလို မိုးရာသီ မှာ သံလွင်မြစ်ရေကြီးတဲ့ အခါ အဆိပ်ဓါတ်ပါတဲ့ ရေတွေ လူနေရပ်ကွက်တွေဆီ ရောက်လာနိုင်ပါတယ်။ ဘာကြာင့်လဲဆိုရင် ပုံမှန်အားဖြင့် အာဆင်းနစ် ဓါတ်ဟာ နုန်းတွေနဲ့အတူ မြစ်ကြမ်းပြင်မှာ အနည်ထိုင်နေတတ်ပါတယ်။
ရေကြီးတတ်တဲ့အချိန်ဆိုရင်တော့ မြစ်ကြမ်းပြင်က နုန်းတွေဟာ မြစ်ရေထဲ ပိုမို စီးဆင်း ပါဝင် တတ် လာတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေက ထောက်ပြထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ကရင်ပြည်နယ် ဘားအံမြို့က သံလွင်မြစ်ရေ က စိုးရိမ်ရေအမှတ်သို့ကျော်လွန်ခဲ့ ပြီးတော့ မြစ်ကမ်းနီးတဲ့ အနိမ့်ပိုင်းဒေသမှာ ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒီလိုရေကြီးရေလျှံရင်လည်း မြစ်ရေမသန့်လို့ စိုးရိမ်စရာအခြေအနေရှိတဲ့အပြင် နွေရာသီမှာလည်း ရေအရင်းအမြစ်ရှားပါးမှုကြောင့် မသန့်မှန်းသိတဲ့မြစ်ရေကိုပဲ သောက်သုံးခဲ့ရတဲ့ အခြေအနေနဲ့ ကြုံတွေ့ ခဲ့ရတယ်လို့ သံလွင်မြစ်ကမ်းဘေးမှာ နေထိုင်တဲ့ ဒေသခံတွေဆီက သိရပါတယ်။
ရာသီဥတု ဖောက်ပြန်တာကြောင့် ပြီးခဲ့တဲ့ နွေရာသီမှာ သောက်သုံးရေရှားပါးလာလို့ အဆိပ်ပါတဲ့ မြစ်ရေကိုအနည်ထိုင်ပြီး သောက်သုံးရတာလည်း ရှိတယ်လို့ ကရင်နီ ဒေသခံတွေကပြောပါတယ်။
အာဆင်းနစ်ဓါတ်က မြစ်ရေထဲမှာ ပျော်ဝင်နေရုံသာမက အနည်အနှစ်တွေနဲ့ ကပ်တွယ်နေတတ်လို့ သောက်သုံးရန်မသင့်တဲ့အပြင် ရေချိုးရုံနဲ့တောင် အန္တရာယ်ရှိနိုင်တယ်လို့ သုတေသန ပညာရှင်တွေနဲ့ ရေအရင်းမြစ် ပညာရှင်တွေက ထောက်ပြကြပါတယ်။
အဲဒီမြစ်ရေနဲ့ အချိန်ကြာကြာ ထိတွေ့တာနဲ့ မြစ်ရေပါတဲ့ အဆိပ်ဓါတ်တွေက အရေပြားကနေ စိမ့်ဝင်ပြီးလူ့ခန္ဓာ ကိုယ်ထဲ ရောက်ရှိနိုင်တယ်လို့ လည်း သိရပါတယ်။
ကရင်ပြည်နယ်၊ဘားအံ့မြို့နယ်ကမိဇံ ရွာမှာ နေထိုင်တဲ့ ၄၅ နှစ်အရွယ် ကလေး၄ ယောက်မိခင် နော်မေ (အမည်လွှဲ)က “အနောတို့ငယ်ငယ်ကတည်းက ဒီမြစ်ရေကိုပဲ သုံးခဲ့တာ ။ကလေးတွေကို ရေချိုးပေး လည်းဒီရေပဲ ထမင်းချက်လည်း မြစ်ရေနဲ့ပဲ ချက်တယ်တယ်။ အခုလည်း ဒီမြစ်ရေကို သုံးနေရတုန်းပဲ။ ကလေးတွေရဲ့ အရေပြားမှာ အနာလေးတွေ ပေါ်လာရင် ယားနာလား ဘာလားမစဥ်းစားမိဘူး။ ဒါ ရေထဲ ကအဆိပ်ကြောင့်လားလို့ စိုးရိမ်နေရတယ်” လို့ သူက လက်ရှိကြုံတွေ့နေရတဲ့ ကျန်းမာရေး ပြဿနာကို ပြောပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက ကရင်နီဒေသအတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ် ရေကို ချင်းမိုင်တက္ကသိုလ်နဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ၊Karenni State Interim Executive Council (IEC )က သဘာဝပတ်ဝန်းကျင် သုတေသနဌာနတို့ ပူးပေါင်းပြီး ဓာတ်ခွဲစစ် ဆေး တာတွေ ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံထဲက သံလွင်မြစ် အထက်ပိုင်း (ရှမ်း-ကယား(ကရင်နီ)အစပ်)၊ သံလွင်မြစ် အလယ်ပိုင်းနဲ့ သံလွင်မြစ်အောက်ပိုင်း (ကယား(ကရင်နီ)- ကရင်) အစပ်နေရာတွေကရေတွေကို ဓာတ်ခွဲခဲ့ကြတာပါ။
ရလဒ်အနေနဲ့သံလွင်မြစ်ရေဟာ အာဆင်းနစ် အဆိပ်ဓာတ်ဟာ ဘေးကင်းလုံခြုံမှု အဆင့်ထက် ၅ ဆကျော် ပိုများပြီး ညစ်ညမ်းပျော်ဝင်နေတယ်လို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းမှာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တက္ကသိုလ်ရဲ့ သဘာဝပတ်ဝန်းကျင်သိပ္ပံ သုတေသနဌာနရဲ့ အစောပိုင်း လေ့လာချက်အရ သိရပါတယ်။
သံလွင်မြစ်ထဲက ရေထုမှာ ၀.၀၄၂ ကနေ ၀.၀၉၆ မီလီဂရမ်အထိ ရှိနေပြီး သံလွင်မြစ်ရဲ့ မြစ်လက် တက်တစ်ခုဖြစ်တဲ့ မိုလိုချောင်းမှာတော့ အဆ ၅၅ ဆအထိ ရောက်ရှိနေပါတယ်။
မြစ်ကြမ်းပြင်က နုန်းတွေမှာလည်း တစ်ကီလိုဂရမ်မှာ ၃၆ ကနေ ၇၅ မီလီဂရမ်အထိ တွေ့ရသလို ခရုလို ရေနေ သတ္တဝါတွေမှာတော့ ဘေးကင်းနှုန်းထက် အဆ ၁၀ ကနေ ၂၀ အထိ စုပုံနေတယ်လို့ ချင်းမိုင်တက္ကသိုလ် ရဲ့ သဘာဝပတ်ဝန်းကျင်သိပ္ပံ သုတေသနဌာနရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ တိုင်းတာချက်တွေမှာတော့ ဘေးကင်းမှု သတ်မှတ်ချက်ထက် ၁၀ ဆ ကနေ အဆ ၂၀ အထိ အာဆင်းနစ် ပါဝင်မှု ပိုမိုမြင့်တက်လာတာကို တွေ့ရတယ် လို့ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ the transbodernews ကဖော်ပြပါတယ်။
ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့ ဘေးကင်းနှုန်း ၀.၀၁ မီလီဂရမ်ထက် အဆ ၅၅ ဆကျော် မြင့်မားနေတာလည်း ဖြစ်ပါတယ်။
ဒီလိုတွေ့ရှိချက်တွေကြောင့် သံလွင်မြစ်ရေကို မသုံးစွဲကြဖို့ ဒီနှစ်ဆန်းပိုင်းမှာပဲ ကရင်နီကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဒေသခံတွေကို အသိပေးထုတ်ပြန်ခဲ့ပါတယ်။
“အဓိက သံလွင်မြစ် တလျှောက်ကတော့ အာဆင်းနစ်ပါဝင်မှုကတော့ အဓိကအားဖြင့်နေရာအလိုက် ကွဲပြားမှုရှိနေတယ်ပေါ့။အထူးသဖြင့် သံလွင်ဖက်ကိစ္စကတော့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ဒေသဖက်မှာ စမ်းသက်ချက်တွေအရ သောက်သုံးရေမှာ သတ်မှတ်ထားတဲ့ ပမာဏထက်မြင့်တဲ့ အာဆင်းနစ်ပမာဏရှိတယ်” လို့ နယ်စပ်ဖြတ်ကျော်မြစ်များဆိုင်ရာ အလွတ်တန်းသုတေသီ ကိုနစ်ခ်က ပြောပါတယ်။
ဒါ့အပြင် ဒီတွေ့ရှိချက်ကြောင့် သံလွင်မြစ်နဲ့ အနီးမှာ နေထိုင်တဲ့ ထိုင်းလူထုတွေကို သံလွင်မြစ်ထဲမှာရှိတဲ့ ခရုတွေကိုမစားသုံးဖို့ ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်အတွင်းက အာဏာပိုင်တွေက သတိပေးထားကြပါတယ်။
သံလွင်မြစ်ဟာ တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံကို စီးဆင်းနေတာ ဖြစ်ပေမဲ့ မြစ်ရဲ့ ၄၄ ရာခိုင်နှုန်း ဟာ မြန်မာနဲ့ ဆက်စပ်နေပြီး ထိုင်းကတော့ ၇ ရာခိုင်နှုန်းသာ ဆက်စပ်နေပါတယ်။
သုတေသန စာတမ်းတွေအရ မြန်မာနိုင်ငံထဲက သံလွင်မြစ်ဝှမ်းမှာ လူဦးရေ ၆ ဒသမ ၁ သန်းနေထိုင်ပြီး ထိုင်းဘက်မှာတော့ ၆ သိန်းလောက် နေထိုင်တယ်လို့ သိရပါတယ်။
အခုလက်ရှိသုတေသန လုပ်ရာမှာလည်း တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ် ၊သံလွင်မြစ်ပိုင်းမှာတော့ သုတေသနတွေလုပ်နိုင်ခဲ့တာမရှိဘူးလို့ IEC အတွင်းရေးမှူး ၂ ကိုဗညားက ပြောပါတယ်။
“ ကျွန်တော်တို့က မြစ်ဝှမ်းတလျှောက်မှာ ရှမ်းပြည်နယ်ထဲမှာဖြစ်ခဲ့တဲ့ အခင်းအကျင်း ကဘယ်လိုမှကို လက်လှမ်းမှီနိုင်ခဲ့တာမရှိဘူးပေါ့နော်။ဒေသတခုချင်းဆီမှာရှိနေတဲ့ လက်ရှိပဋိပက္ခ အခြေအနေမှာ ရှိနေတဲ့ လက်နက်ကိုင်အင်အားစုတွေကော၊စစ်ကောင်စီကိုယ်တိုင်ကော၊လုပ်ငန်းရှင်တွေကိုယ်တိုင်က ကျွန်တော်တို့နဲ့လုံးဝထိတွေ့မှု ထိစစ်မှုမရှိတဲ့အခြေအနေမှာရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်။”လို့ သူကပဲဆက်ပြီး ပြောပါတယ်။
ရေကာတာနဲ့ ဆည်တမံတွေ ပိတ်ဆို့ထားတာ မရှိဘဲ သဘာဝအတိုင်း တရုတ်၊ မြန်မာနဲ့ ထိုင်း သုံးနိုင်ငံကို လွတ်လပ်စွာ စီးဆင်းနေတဲ့ "အပျိုစင်မြစ်" လို့ ကင်ပွန်းတပ် ခေါ်ဆိုနေကြတဲ့ သံလွင်မြစ်ဟာ အခုတော့အဆိပ်သင့်သွားပါပြီ။
သံလွင်မြစ်ရေ အာဆင်းနစ် အဆိပ်သင့်နေရတဲ့ အဓိကအကြောင်းရင်းဟာ ထိန်းချုပ်မှုမရှိတဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ ကြောင့် ဖြစ်တယ်လို့ သုတေသနပညာရှင်တွေက ဆိုထားပါတယ်။
“မြန်မာဖက်မှာရှိတဲ့တရားမဝင် သတ္တုတူးဖော်ရေးပေါ့နော်၊ အထူးသဖြင့် ရွှေသတ္တုတူးဖော်ရေးနဲ့ မြေရှားနဲ့အဓိက ပတ်သက်နေတာကိုတွေ့ရပါတယ်”လို့နယ်စပ်ဖြတ်ကျော်မြစ်များဆိုင်ရာ အလွတ်တန်းသုတေသီ ကိုနစ်ခ်က ပြောပါတယ်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ မြေရှားသတ္တု (rare earth)၊、ရွှေ၊ ခဲမဖြူနဲ့ အဖြိုက်နက် တူးဖော်ရေးတွေ အရှိန်အဟုန်နဲ့ တိုးလာနေပါတယ်။ အထူးသဖြင့် ရှမ်းပြည် နယ်မြောက်ပိုင်းက မြေရှားသတ္တုတွင်းတွေနဲ့ ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်က မော်ချီး သတ္တုတွင်းတို့က အဓိက ရင်းမြစ်တွေ ဖြစ်ပါတယ်။
သတ္တုတူးဖော်တဲ့အခါ မြေကြီးနဲ့ ကျောက်တွေထဲမှာ သဘာဝအတိုင်း ပါရှိနေတဲ့ အာဆင်းနစ်ဓာတ်တွေ ထွက်လာပါတယ်။ ဒါ့အပြင် သတ္တုကို ဆေးကြော သန့်စင်တဲ့အခါ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေက အာဆင်းနစ်ကို ပိုမို ပျော်ဝင်စေပြီး ရေထဲကို ပါလာစေပါတယ်။ ဒီစွန့်ပစ်ရေတွေကို မသန့်စင်ဘဲ ချောင်းနဲ့ မြစ်ထဲကို တိုက်ရိုက်စွန့်ပစ်နေကြပါတယ်။
အထူးသဖြင့် မိုလိုချောင်းဟာ မော်ချီးသတ္တုတွင်းက စွန့်ပစ်ရေတွေ တိုက်ရိုက် စီးဝင်တဲ့ နေရာဖြစ်လို့ အာဆင်းနစ်ပမာဏ အဆ ၅၅ ဆအထိ မြင့်မားနေပါတယ်။ အဲဒီချောင်းရေက သံလွင်မြစ်ထဲ စီးဝင်တဲ့အခါ မြစ်မကြီးကရေကိုပါ ညစ်ညမ်းစေခဲ့တာပါ။
မိုလိုချောင်းဟာ ကရင်နီပြည်နယ် (ကယားပြည်နယ်) ဖားဆောင်းမြို့နယ်အတွင်းက သေးငယ်တဲ့ ချောင်းတစ်ခုပါ။ ဒီချောင်းဟာ မော်ချီးသတ္တုတွင်း ဒေသကနေ စီးဆင်းလာပြီး သံလွင်မြစ်ထဲကို တိုက်ရိုက် စီးဝင်ပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲက ရွှေနဲ့ သတ္တု တူးဖော်မှုတွေကြောင့် ထိုင်း-မြန်မာနယ်စပ် ထိုင်းမြောက်ဒေသက မြစ်ချောင်းတွေ အတွင်းမှာလည်း ဓါတု အဆိပ်သင့်ရပြီး သဘာ၀ပတ်ဝန်းကျင်နဲ့ လူမှုဘ၀တွေ အကြီးအကျယ်ထိခိုက်စေတာကြောင့် ထိုင်းသံဃာတော်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းကာ ဒေသခံပြည်သူများ အစိုးရများသတိပြုမိစေရန်နှင့် လူမှုပတ်ဝန်းကျင်က ဂေဟစနစ်ပြဿနာကို အလေးထားလာစေရန်အတွက် ပြီးခဲ့တဲ့ ဇွန်လမှာ ကီလိုမီတာ ၆၀ (၃၇ မိုင်ခန့်) ခရီးကို လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံက သတ္တုတွင်းလုပ်ငန်းများမှ ထွက်ရှိသော အဆိပ်သင့်ဓာတုပစ္စည်းများကြောင့် ဂေဟစနစ် ပျက်စီးပြီး ဒေသခံပြည်သူတွေရဲ့ လူနေမှုဘဝကို ထိခိုက်နေသည့် ထို အကျပ်အတည်းကို ဖော်ထုတ်ခဲ့ကြပြီး၊ အခြေအနေများ နောက်ကျမသွားမီ အစိုးရများ အနေဖြင့် နိုင်ငံတကာယန္တရားများကို အသုံးပြုကာ အရေးပေါ် ဖြေရှင်းပေးရန် ထောက်ပြတောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း အဆိပ်သင့်ပစ္စည်းများ စုပုံလာပြီး မြစ် ၅ သွယ် (ကော့မြစ်၊ ရောက်မြစ်၊ မဲခေါင်မြစ်၊ သံလွင်မြစ်နှင့် ဆိုင်မြစ်) တွင် အာဆင်းနစ် ပါ၀င်မှု အဆမတန် မြင့်တက်ကာ သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းစေတာကြောင့် ဒေသခံများမှာ ရေကို ဘေးကင်းစွာ အသုံးပြုနိုင်ခြင်း မရှိတော့ပါဘူး။
ဒီလိုမြစ်ရေတွေညစ်ညမ်းတာက လူနေမှုဘဝကို ထိခိုက်ရုံမက ရေနေသတ္တဝါ တွေကိုလည်း ထိခိုက်စေတယ်လို့ သုတွေသန ပညာရှင်တွေက ပြောကြားထားပါတယ်။
ဒါကြောင့် သံလွင်မြစ် ရေထဲမှာ ရှင်သန်ကြတဲ့ ငါးမျိုးစိတ်တွေကိုလည်း စားသုံးရန်မသင့်တဲ့အကြောင်းလည်း အသိပေးထား ပေမယ့် စားဝတ်နေရေး ခက်ခဲတဲ့အချိန်မှာ ဒေသခံတွေအနေနဲ့ မစားဘဲ ရှောင်လွဲလို့ မရဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
မြစ်ထဲကရတဲ့ ငါး၊ ခရု၊ ဖားတွေဟာ ဝမ်းရေးအတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်နေတဲ့ မိသားစုတွေ ရှိပါတယ်။ ခရုတွေမှာ အဆိပ်ဓာတ် အဆများစွာ စုပုံနေတာကို သိထားပေမယ့် အာဟာရအတွက် စားသုံးနေကြရဆဲ ဖြစ်ပါတယ်။
IEC အတွင်းရေးမှူး ၂ ကိုဗညားက တော့ ငါးတွေကို စားမယ်ဆိုရင် ခေါင်းနဲ့ဥပိုင်းကို ဖယ်စားရင် ရောဂါအန္တာရယ်ကနေကင်းလွတ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့ပေမဲ့ ကျန်းမာရေး ပညာရှင်တွေကတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောဆိုထားတာတော့ မတွေ့ရပါဘူး။
အာဆင်းနစ် (Arsenic) အဆိပ်သင့်နေတဲ့ သံလွင်မြစ်ရေ သုံးစွဲနေပါက သာမန်လူတွေ ကြုံတွေ့ရမယ့် ကျန်းမာရေးပြသနာတွေရှိပေမယ့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ မှာ ကြုံတွေ့ရမယ့် ကျန်းမာရေး ပြသနာ အန္တရာယ်ရှိမှုက နှစ်ဆ ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေနဲ့ သုတေသန ပညာရှင်တွေက ပြောကြပါတယ်။
အာဆင်းနစ်ဓာတ်ဟာ မိခင်ရဲ့ ခန္ဓာကိုယ်အတွင်းကို ဝင်ရောက်ပြီးတဲ့ အခါ အချင်းကနေ တစ်ဆင့် သန္ဓေသားထံတိုက်ရိုက် ကူးစက်နိုင်ပြီး ကိုယ်ဝန်ပျက်ကျတာ၊ ကလေးငယ်တွေမွေး ဖွားချိန်မှာ ပုံမှန်အလေးချိန်ထက် လျော့နည်းတာနဲ့ မွေးရာပါ ခန္ဓာကိုယ်ဆိုင်ရာ ချို့ယွင်းချက်တွေ ဖြစ်ပေါ်စေနိုင်တယ် လို့ လည်း ကျန်းမာရေးပညာရှင်တွေက သတိပေးထားကြပါတယ်။
အထူးသဖြင့် မိန်းကလေး သန္ဓေသားတွေမှာ ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားနိုင်တယ်လို့ သုတေသနပညာရှင် တွေက ထောက်ပြထားကြပါတယ်။
နို့တိုက်မိခင်တွေရဲ့ ခန္ဓာကိုယ်ထဲ ရောက်ရှိသွားသွားတဲ့ အဆိပ်တွေဟာ မိခင်နို့ရည်အတွင်းကနေ တဆင့် ကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုကို တိုက်ရိုက် ထိခိုက်စေပြီး ကလေးငယ် တွေမှာ မှတ်ဉာဏ် ဖွံ့ဖြိုးမှု နှေးကွေးတာ၊ သင်ယူမှုစွမ်းရည် လျော့နည်းတာနဲ့ ရေရှည်မှာ အပြုအမူ ဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ရနိုင်ခြေရှိနေတယ်လို့လည်း ဆိုပါတယ်။
လက်ရှိအချိန်မှာ စစ်ပွဲတွေနဲ့နယ်မြေမငြိမ်းချမ်းမှုတွေကြောင့် အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင် မိခင် တွေဘယ်လောက်အထိ ထိခိုက်နေလည်းဆိုတာကို တော့ အချက်အလက်ကောက်ယူထားနိုင်တာ မရှိသေးဘူးလို့ အလွတ်တမ်း သုတေသီ ကိုနစ်ခ်က ပြောပါတယ်။
“အမျိုးသမီးတွေပိုပြီး ထိခိုက်နိုင်တယ် ဆိုတာကို သက်သေပြဖို့အတွက်ကတော့ စမ်းသပ်မှု တခုတည်း နဲ့ လုံလောက်မှာတော့ မဟုတ်ဘူးပေါ့။နို့်တိုက်မိခင်တွေ၊ ရေတွေသုံးနေတဲ့အမျိုးသမီးတွေ ၊ကလေး တွေ၊ ငါးတွေကို နေ့စဥ်မပြတ်ဖမ်းဆီးစားသောက်သူတွေပေါ့နော်။စသဖြင့် အဲ့လိုပေါ့နော် သပ်သပ်စီ ပြန်ပြီး သုတေသနတွေလုပ်ဖို့လိုတယ်။” လို့လည်း သူက အကြံပြုပါတယ်။
ကရင်ပြည်နယ်မှာ ကျန်းမာရေးဝန်ဆောင်မှုပေးသူ အမျိုးသားတဦးက စမ်းသပ်စစ်ဆေးဖို့အတွက် ပစ္စည်းကိရိယာတွေ မစုံလင်ဘူးလို့ ပြောပါတယ်။
“ ဒီ စစ်ဖြစ်ရာ ဒေသတွေမှာကြတော့ အထူးတည် စစ်ဆေးဖို့ ကျပစ္စည်း ကိရိယာ ရှိမနေကြဘူး။ အခုတော်တော်များများလည်းတွေ့ရတယ်။ယားနာဖြစ်ကြတာ ကလေးလူငယ်လူကြီး မရွေး ၊ဒါပေမဲ့ စမ်းသပ်ဖို့ ပစ္စည်းကိရိယာ မစုံနေဘူး။ဆိုတော့ ဘာကြောင့်ဖြစ်လဲ ဆိုတာကျွန်တော်တို့မသိဘူး” လို့ ပြောပါတယ်။
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် သန့်ရှင်းတဲ့ ရေရဖို့အတွက် ဝေးလံတဲ့နေရာကို နေ့စဥ် သွားရတာဟာ ရုပ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ပိုဖြစ်ရုံမက ပဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကိုပါ ကြုံတွေ့ နေကြရတာပါ။
စစ်ဘေးသင့် ဒေသတွေမှာ ကျန်းမာရေး ခြိမ်းခြောက်မှုဟာ ပိုမိုဆိုးရွာနေပြီး ကရင်နီပြည်နယ်မှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကတော့ " ရေတွေထဲမှာ ဒီလိုဖြစ်နေတယ်ဆိုတော့လေ ကျမအနေ နဲ့ကျတော့ ကိုယ့်ကလေးအတွက်စိုးရိမ်တာပေါ့ ။အတတ်နိုင်ဆုံး အဲ့ရေ(သံလွင်မြစ်ရေ)ကို မသုံးမိအောင် ရှောင်နေတယ်၊ဒါပေမဲ့ ကလေးမွေးရင် ရောဂါ ပါလာမလား၊ ကိုယ်လက်စုံပါမလားလို့ တွေးပြီးစိတ်ဖိစီးရတာပေါ့”လို့ ကရင်ပြည်နယ်၊ဘားအံ့မြို့မှာ နေထိုင်တဲ့ ၇ လကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးတဦးဆိုပါတယ်။
ဒီကိုယ်ဝန်ဟာ သူမအတွက် ပထမဆုံး ကလေးဖြစ်ပြီး အကောင်းပကတိအတိုင်း ရဖို့ မျှော်လင့်တယ်လို့ သူမက ဆက်ပြောပါတယ်။
စိမ်း
MyanmarLabourNews









