အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါ်မျိုးမျိုးအေး အပါအဝင် ၁၀ ဦးကို စစ်ကောင်စီဖမ်းဆီးထားပြီးနောက်ပိုင်း ယနေ့အချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသလို ရွှေပြည်သာမြို့နယ်ရှိ Waxinda Travel Goods Company အိတ်ချုပ်စက််ရုံက ထပ်ဆင့်တရားစွဲဆိုမှုတွေပြုလုပ်လာတာလို့ သိရပါတယ်။
မတရားဖမ်းစီးထိန်းသိမ်းခံရသည့် STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနှင့် ရုံးဝန်ထမ်းများ ဖမ်းဆီးထိန်းသိမ်းခံရမှုဖြစ်စဉ်
မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အခွင့်အရေးအတွက် ဦးဆောင်ဖြေရှင်းပေးနေသည့် သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် မြန်မာ ( Solitary Trade Union of Myanmar -STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် (၁၁) ဦးတို့သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသား အလုပ်သမားများ၏ ဥပဒေတွင် တရားဝင်ပြဌာန်းထားသော အလုပ်သမားအခွင့်အရေးများ ကူညီဆောင်ရွက်ပေးနေချိန် ၂၀၂၅ ခုနှစ်ဇူလိုင်လ ၂၅၊၂၆၊၂၇ ၊၂၈ ရက်များတွင် နေရာအသီးသီး၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အား ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် ၎င်း၏ နေအိမ်တွင်ရှိနေစဉ် ည ၉:၃၀ နာရီ အချိန်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံရခဲ့ပြီး ၉မိုင်အနီး အကူ (၁) တွင် ၅-သြဂုတ်-၂၀၂၅ ရက်နေ့ နံနက် အထိ ထိန်းသိမ်းချုပ်နှောင်ခံခဲ့ရပြီး အဆိုပါနေ့မှာပင် အောင်သပြေစစ်ကြောရေးကို ရွှေ့ပြောင်းကာ တရားရုံးထုတ်ခဲ့ကြောင်း ရုံးထုတ်မှတဆင့် သိရပါတယ်။
ထို့နောက် ဝန်ထမ်းဖြိုးလွင်အား ၂၀၂၅ ဇူလိုင်လ ၂၆ ရက်တွင် နေအိမ်မှ စစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ လည်းရှိတယ်လို့ STUM ကထုတ်ပြန်ထားပါတယ်။
ထို့နောက် ၂၀၂၅ ဇူလိုင်လ ၂၇ ရက် ရက်နေ့တွင် မသင်းထက်စံ၊ မစုမြတ်နွယ်၊ မမြင့်မြင့်ခိုင်၊ မောင်သီဟ၊ မောင်ဇော်ထိုက်၊ မောင်ဇော်ဆန်းနိုင်၊ မဟေမာန်ဦးတို့အား STUM ရုံး၌ ရှိနေစဉ် ညနေ ၇နာရီဝန်းကျင်ခန့်တွင် ဖမ်းဆီးပြီး ၉မိုင်အနီး အကူ (၁) တွင် ထိန်းသိမ်းချုပ်နှောင်ထားခဲ့ခြင်းများ ရှိကြောင်း
အဆိုပါ ရက်နေ့ ည ၁၁နာရီဝန်းကျင်တွင် မောင် ကျော်သက်နိုင် သည် ဖြူးမြို့နယ်အနီးရှိ ဟိုတယ် Reception တွင် ဖမ်းဆီးခံရပြီး ၉မိုင်အနီး အကူ (၁)သို့ ခေါ်ဆောင်ချုပ်နှောင်ခံခဲ့ရတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်မေ့ နံနက် (၁:၃၀) နာရီ ဝန်းကျင်တွင် မဂျွန်တူးမောင်အား ၎င်း၏ နေအိမ်တွင် ဖမ်းဆီးပြီး ၉မိုင်အနီး အကူ(၁) သို့ ခေါ်ဆောင်ချုပ်နှောင်ခံခဲ့ရခြင်း များရှိကြောင်း ထိန်းသိမ်းခံရပြီး (၁၀) ရက်မြောက်ကျော်လွန်ပြီး တရားရုံးထုတ် မှ သိရပါတယ်။
ထိုသို့ ဖမ်းဆီးချုပ်နှောင်ခံရပြီး မည်သည့် နေရာသို့ ခေါ်ဆောင် ချုပ်နှောင်ထားကြောင်းကို နာရီပေါင်း (၄၈) နာရီကျော်လွန်သည့်တိုင် မိသားစုဝင်များက မသိရှိရဘဲ သက်ဆိုင်ရာ မိတ်ဆွေများ၊ သက်ဆိုင်ရာစက်ရုံအသီးသီးတွင် ဥပဒေနှင့် အညီ ဖွဲ့စည်းထားသည့် အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် အသီးသီးနှင့် နိုင်ငံတကာမှ အလုပ်သမား သမဂ္ဂများ နှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများမှလည်း ဖမ်းဆီး ထိန်းသိမ်းခံရသူများ၏ အသက်ဘေးအန္တရာယ်၊ကျန်းမာရေးနှင့် အစားအသောက်ရရှိမှုတို့အတွက် စိုးရိမ်ခဲ့ရပါတယ်။
၂၀၂၅ခုနှစ်၊ သြဂုတ်လ၊ ၇ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်ရဲစခန်းမှ တရားလိုပြုလုပ်ပြီး ဒေါ်မျိုးမျိုးအေး၊ မသင်းထက်စံ၊ မစုမြတ်နွယ်၊ မောင်သီဟ၊ မောင်ဇော်ထိုက်၊ မောင်ကျော်သက်နိုင်၊ မောင်ဇော်ဆန်းနိုင် တို့အား ၁၉၆၁ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် ရွှေပြည်သာမြို့မရဲစခန်းမှ ချုပ်ရီမာန်ပေးခဲ့ပြီး ၂၀-သြဂုတ်-၂၀၂၅ ရက်နေ့သို့ရက်ချိန်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၅ခုနှစ်၊ သြဂုတ်လ၊ ၇ ရက်နေ့တွင် အင်းစိန်မြို့မရဲစခန်းမှ တရားလိုပြုလုပ်ပြီး ဟေမာန်ဦးအား လည်းကောင်း၊ မြောက်ဥက္ကလာပမြို့မရဲစခန်းမှ တရားလိုပြုလုပ်၍ ဂျွန်တူးမောင်အား လည်းကောင်း၊ ၁၉၆၁ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် အသီးသီးသော မြို့နယ်တရားရုံးတို့သို့ အမှုတင်ခဲ့ပြီး ရုံးတော်မှ အမှုလက်ခံကာ ၁၄-သြဂုတ်- ၂၀၂၅ ရက်နေ့သို့ ထပ်မံချိန်းဆိုပြီးနောက်၊ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ခဲ့ကြောင်း ကြားသိရပါတယ်။
၁၉၆၁ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ) အား ၂၀၁၅ခုနှစ်တွင် ပြင်ဆင်ပြဌာန်းလိုက်သော ပြင်ဆင်ဥပဒေအရ အမြင့်ဆုံးတစ်နှစ်ထိသာ ခံဝန်ချုပ် ချုပ်ဆိုရန် ပြစ်ဒဏ်ချမှတ်နိုင်သော အမှုအမျိုးအစားဖြစ်ပါသောကြောင့်၊ ရာဇဝတ်ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယား ၂ ဒုတိယအပိုင်း အရ အာမခံပေးပိုင်ခွင့်ရှိသည့် အမှုအမျိုးအစား ဖြစ်သောကြောင့်၊ အဆိုပါနေ့ရုံးချိန်းတွင် ဂျွန်တူးမောင် နှင့် ဟေမာန်ဦးတို့အတွက် အာမခံရေးသားလွှာ အားတင်သွင်းသော်လည်း ဥပဒေအရာရှိတို့မှ နှုတ်ဖြင့်ကန့်ကွက်ပြီး အင်းစိန်မြို့နယ်တရားသူကြီးမှ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇ (၁) အရ လျှောက်ထားမှုအား ပလပ်ကြောင်း အမိန့်ချပြီးနောက် ၂၀-သြဂုတ်-၂၀၂၅ရက်နေ့သို့ ရုံးချိန်းပေးကာ၊ မြောက်ဥက္ကလာမြို့နယ်တရားသူကြီးမှ အာမခံ မပေးရသော အမှုဖြစ်သောကြောင့် ပလပ်သည် ဟု နှုတ်ဖြင့်အမိန့်ချမှတ်ခဲ့ပြီး၊ အသေးစိတ်အား မိတ္တူကူးလျှောက်ထား၍ ဖတ်ရှုရန်အမိန့်ချမှတ်ကာ ရုံးချိန်း ၂၁-သြဂုတ်-၂၀၂၅ ရက်နေ့တွင် ချိန်းဆိုထားကြောင်း ကြားသိရပါတယ်။
ထို့ပြင်၊ ဝါးတရာရှိ Wanxinda Travel Goods Company Limited မှ လုပ်ငန်းရှင် ဇော်သီဟနိုင် က ရွှေပြည်သာမြို့နယ်ရဲစခန်းသို့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄၀၊၄၁ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း အမှုစစ်ရဲအရာရှိမှတဆင့် ကြားသိရသော်လည်း၊ ယခုထိတိုင် ရုံးတင်ခြင်းတော့ မရှိသေးကြောင်း သိရပါတယ်။
ထို့ကြောင့် STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး နှင့် ရုံးအဖွဲ့ဝင်(၉) ဦး အား သက်ဆိုင်ရာ ၊ ဌာနဆိုင်ရာများနှင့် ၎င်းတို့ကို ဦးဆောင်သည့် ကော်မရှင် အကြီးအကဲအနေဖြင့် မြန်မာနိုင်ငံသား အလုပ်သမားများ၏ အခွင့်အရေး ကူညီတောင်းဆိုပေးနေသူတွေ အပေါ် တရားမျှတမှုရရှိရေးအတွက် STUM ဦးဆောင်သူ ဒေါ်မျိုးမျိုး အေး အပါအဝင် STUM အဖွဲ့ဝင် (၁၀)ဦး စလုံး ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ထားထားပါတယ်။
ယခု ဖြစ်ရပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး မူလက စစ်ခုံရုံးနှင့် စီရင်ရန် စီစဉ်ခဲ့သော်လည်း ဩဂုတ်လ ၁ ရက်နေ့မှာ ရွှေပြည်သာမြို့နယ် စစ်ခုံရုံး ဖျက်သိမ်းလိုက်သည့်အတွက် ယခုအခါ ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး နောက်ဆက်တွဲတရားစွဲဆိုမှုတွေ ပေါ်ပေါက်လာတာပါ။
တရား စွဲဆိုခဲ့တာကတော့ ရွှေပြည်သာ စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့) မှ ဗိုလ်ကြီးထွန်းထွန်းနောင်နှင့် တပ်ကြပ်ဝင်းနောင် တို့သည် ရွှေပြည်သာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးအရာရှိ စောဟုန်းမားနှင့်အတူ စက်ရုံပိုင်ရှင်ထံမှ ငွေယူကာ တိုင်ကြားမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ နီးစပ်ရာ အသိုင်းအဝန်းက သိရပါတယ်။
STUM ဦးဆောာင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၉ ဦးကို ခြေချုပ်နှင့်ခံဝန်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) နှင့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတို့ဖြင့် အမှုဖွင့်ခံထားရပြီး ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ ထပ်မံပြီးတော့ Waxinda Travel Goods Company နောက်တိုးတရားစွဲဆိုခဲ့တာပါ။
အခုလို တရားစွဲဆိုမှု နောက်ကွယ် ပေါ်လွင်နေတာကတော့ အကျင့်ပျက်ခြစားမှုတွေနဲ့ ဥပဒေကို အသုံးချကာ နိုင်ငံရေးအရ ဖိနှိပ်လိုသော အာဏာပိုင်တို့ရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်ကို ကာကွယ်ပေးသူတွေကို နှိမ်နင်းခြင်းဖြစ်ပြီး၊ အာဏာပိုင်ယန္တရားရဲ့ ကိုယ်ကျိုးရှာမှုနှင့် လုပ်ငန်းခွင်ဖိနှိပ်မှုပေါင်းစပ်မှုက သိသာထင်ရှားနေပါတယ်။
စစ်ကောင်စီ ပြဋ္ဌာန်းထားသော ဥပဒေများ
ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) ဟာ ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေရန် ကြိုးစားသူများ၊ ပြစ်မှုကျူးလွန်လေ့ရှိသူများကို စွဲဆိုတဲ့ ပုဒ်မဖြစ်ပါတယ်။
ပုဒ်မအရ သတ်မှတ်ထားတဲ့ ကန့်သတ်ချက်များကို ချိုးဖောက်ပါက ပထမအကြိမ်တွင် ထောင်ဒဏ်တစ်နှစ် သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး၊ ဒုတိယအကြိမ်တွင် ထောင်ဒဏ်နှစ်နှစ်နှင့် ထပ်မံကျူးလွန်ပါက ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်ကြောင်း စစ်ကောင်စီက ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
စစ်ကောင်စီ၏ ပြဋ္ဌာန်းထားသော ဥပဒေတွေဟာ အလုပ်သမားလှုပ်ရှားမှုများကို ထိန်းချုပ်ရန်နှင့် နှိမ်နင်းရန်အတွက်လည်း လက်နက်သဖွယ် ဖြစ်နေပါတယ်။
ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) သည် "ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေသူ" ဟူသော မရေရာသည့် စွဲချက်ဖြင့် မည်သူ့ကိုမဆို ဖမ်းဆီးချုပ်နှောင်နိုင်သော အခွင့်အာဏာကို အသုံးပြုခြင်းဖြစ်ပါတယ်။
ဤဥပဒေသည် အလုပ်သမားများ၏ စုပေါင်းညှိနှိုင်းမှု သို့မဟုတ် ဆန္ဒပြမှုများကို အကြမ်းဖက်မှုနှင့် ချိတ်ဆက်ကာ နိုင်ငံရေးအရ အပြစ်ပေးရန် ရည်ရွယ်သည်ဟု ယူဆနိုင်ပါတယ်။
ထို့အတူ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမှာလည်း သက်တမ်းကုန်ဆုံးပြီးနောက် မှတ်ပုံတင်သက်တမ်းတိုးခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်ပါက ကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်နိုင်ပြီး၊ ငွေဒဏ်မဆောင်ပါက နှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။
အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ကို အသုံးပြုခြင်းသည်လည်း အလုပ်သမားသမဂ္ဂများ၏ တရားဝင်ရပ်တည်မှုကို ဖျက်သိမ်းရန်နှင့် လုပ်ဆောင်မှုများကို ဟန့်တားရန်ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အဖွဲ့အစည်းများစွာသည် မှတ်ပုံတင်သက်တမ်းတိုးရန် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသလို အဲ့ဒီ အခြေအနေကို အခွင့်ကောင်းယူကာ အလုပ်သမားသမဂ္ဂများကို တရားမဝင်အဖွဲ့အစည်းအဖြစ် ပုံဖော်ခြင်းသည် စုစည်းမှုကို ဖျက်ဆီးပြီး အသံတိတ်စေရန် ကြိုးပမ်းခြင်းဖြစ်ပါတယ်။
ဤဖြစ်ရပ်များသည် အလုပ်သမားအခွင့်အရေးများသာမကဘဲ လူ့အခွင့်အရေး၏ အခြေခံမူများကိုပါ ချိုးဖောက်နေပါတယ်။
အလုပ်သမားတစ်ဦးချင်းစီ၏ လွတ်လပ်စွာ စုစည်းခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်နှင့် လုပ်ငန်းခွင်ဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများသည် စစ်ကောင်စီလက်အောက်တွင် လုံးဝနီးပါး ပျောက်ကွယ်နေပါတယ်။
ဤသို့ ဖိနှိပ်မှုများသည် လုပ်သားထုတစ်ခုလုံးကို ကြောက်ရွံ့မှုနှင့် မလုံခြုံမှုများဖြင့် ဝန်းရံထားပြီး၊ တရားမျှတသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ထူထောင်ရန် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်နေပါတယ်။
အနှစ်ချုပ်အားဖြင့်၊ ဒေါ်မျိုးမျိုးအေးအပါအဝင် အလုပ်သမားလှုပ်ရှားသူများကို တရားစွဲဆိုခြင်းသည် စစ်ကောင်စီ၏ အာဏာအလွဲသုံးစားပြုမှု၊ အကျင့်ပျက်ခြစားမှုများနှင့် ဥပဒေကို လက်နက်သဖွယ် အသုံးချကာ ၎င်းတို့၏အာဏာကို ခိုင်မြဲစေရန် ကြိုးစားနေမှုများကို ထင်ရှားစွာ ဖော်ပြနေပါတယ်။
ဒီအခြေအနေက အလုပ်သမားများရဲ့ ဥပဒေပါ ရပိုင်ခွင့်နဲ့ လုံခြုံရေးဟာ စစ်ကောင်စီလက်အောက်တွင် မည်မျှအထိ အန္တရာယ်ရှိနေသလဲဆိုတာကိုပါ ပြသနေပါတယ်။