ဇူလိုင် ၁၁၊ ၂၀၂၆
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်ပါမစ် (Work Permit) ကတ်ပြားရိုက်ရန် စောင့်ဆိုင်းနေရတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် "ယာယီအလုပ်လုပ်ကိုင်ခွင့် စာရွက်ပုံစံအသစ် (ဘော်တော် ၆၂ / WP. 62)" ကို ထုတ်ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး ဂျုလာဖန်ကပြောပါတယ်။
၎င်းယာယီလက်မှတ် ဖြင့်လည်း အလုပ်ရှင်ပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်များကိုပါ လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး ယခုဇူလိုင်လ ၁ရက်မှစတင် အကျုံးဝင်မယ်လို့ ဇူလိုင်၉ရက်မှာ ထုတ်ပြန်ပါတယ်။
အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဂျူလာဖန်ရဲ့ ပြောကြားချက်အရ အခု စနစ်သစ်ဟာ အလုပ်သမားနှင့် အလုပ်ရှင်များ ကြုံတွေ့နေရတဲ့ စာရွက်စာတမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အခက်အခဲများကို လျှော့ချရန်နှင့် ရွှေ့ပြောင်းလုပ်သားစီမံခန့်ခွဲမှုစနစ်ကို ပိုမိုမြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သလိုအလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုချက်ရရှိထားသော်လည်း ကတ်အစစ်မရသေးသည့် ကြားကာလအတွင်း လုပ်ငန်းခွင်၌ တရားဝင် ဆက်လက်လုပ်ကိုင်နိုင်ရန်နှင့် အလုပ်ပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်များ ချောမွေ့စေရန်အတွက် အကောင်အထည်ဖော်ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။
ယခုထုတ်ပေးမယ့် ယာယီအလုပ်လုပ်ကိုင်ခွင့်အစားထိုးစာရွက် (Tor Ror 62) တွင် ဥပဒေအရ တရားဝင်အလုပ်လုပ်ခွင့်ရှိကြောင်း သက်သေပြနိုင်မယ့်နိုင်ငံကူးလက်မှတ် (Passport) နှင့် ဗီဇာ (Visa) အချက်အလက်များ အလုပ်ရှင်နှင့် အလုပ်အကိုင်အသေးစိတ် ဆေးကုသမှုဆိုင်ရာ အကျိုးခံစားခွင့် စတာတွေပါရှိမယ်လို့ သိရပါတယ်။
ယာယီအလုပ်လုပ်ကိုင်ခွင့်စာရွက် ကို ပါမစ်ကတ်အစစ်ရိုက်ရန် ရက်ချိန်းရရှိသည့်နေ့အထိ ကိုင်ဆောင်အသုံးပြုရမှာဖြစ်ပြီး ၎င်းယာယီစာရွက်ကို မိမိတို့အလုပ်အပ်နှံထားသည့် သက်ဆိုင်ရာကုမ္ပဏီ/အေဂျင်စီများထံတွင် တောင်းယူနိုင်ကြောင်း သိရပါတယ်။









