ဇူလိုင် ၁၄၊ ၂၀၂၆
တရုတ်နိုင်ငံ ရွှေလီရှိ အထည်ချုပ်စက်ရုံ မှာ အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၄၆ဦး ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ တရုတ်နိုင်ငံဆိုင်ရာ မြန် မာသံရုံး၊ ကူမင်းမြို့ထံမှ သိရပါတယ်။
ပြန်ပို့ခံရတဲ့ မြန်မာလုပ်သားတွေဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တဲဟုန်ပြည်နယ်ခွဲ၊ ရွှေလီမြို့ရှိ Xinjiang Garment အထည်ချုပ်စက်ရုံ မှာ အထောက်အထားမဲ့ နေထိုင် အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့သိရပါတယ်။
အထောက်အထားမရှိတဲ့ မြန်မာလုပ်သားတွေဟာ ၎င်းစက်ရုံမှာ အလုပ်လုပ်ကိုင်ရာ တွင် လုပ်ခလစာ အပြည့်အ၀ မရခြင်းနဲ့ အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရတာတွေ ကြောင့် စက်ရုံ သူဌေးနဲ့ မြန်မာလုပ်သားတွေကြား မကျေနပ်ဖြစ်ရာမှ စက်ရုံ ဘက်မှ ရဲခေါ်ဖမ်းခိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
"တရုတ် နဲ့ မြန်မာ နဲ့က တရားဝင်အလုပ်သမားခေါ်ယူတာမျိုး သဘောတူလက်မှတ်ထိုးတာမျိုး မရှိဘူး နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ပုံစံ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေများတယ် အခုလို စက်ရုံနဲ့ ပြသာနာဖြစ်တာနဲ့ သူဌေးတွေက ရဲခေါ်ဖမ်းခိုင်းတာမျိုး ဆိုတော့ မြန်မာလုပ်သားတွေမှာနစ်နာမှုတွေ ဖြစ်တာပေါ့""လို့ မူဆယ်မှဒေသခံတစ်ဦးကပြောပါတယ်။
မြန်မာလုပ်သား ၄၆ဦး ကို ဇူလိုင် ၈ ရက် က ရွှေလီ-မူဆယ် နယ်စပ်ဖြတ်သန်းသွားလာရေးဂိတ်ဖြစ်တဲ့ နန်း တော်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။
နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ပြည်ဝင်ခွင့် ၁နှစ်ကနေ ၅နှစ်အထိ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း တရုတ်ပြည်အတွင်း အထောက်အထားမရှိတဲ့ ပြည်ပရွှေ့ပြောင်း လုပ်သားတွေကို တရုတ်ရဲတွေက စစ်ဆေးဖမ်းဆီးမှု များနေပြီးအထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေ လည်းအဖမ်းခံရကာ နေရပ်ပြန်ပို့ခံရမှု တွေ ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။
သို့ပေမယ့် ပြည်တွင်းမှာ နယ်မြေမငြိမ်းချမ်းခြင်း အလုပ်အကိုင်ရှားပါးခြင်းနဲ့ စားဝတ်နေရေး အခက်ခဲတွေကြောင့် အဖမ်းဆီးတွေများနေပေမယ့်နေ့စဉ်တရုတ်ပြည်ထဲသို့ ဝင်ရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေလည်း ရာနဲ့ချီ ရှိကြောင်း သိရပါတယ်။









